ကိုယ်ပိုင်နေရာလေး တစ်ခု

စာမရေး ဖြစ်တာ တော်တော်လေးလည်း ကြာနေပြီ၊ စာတစ်ပုဒ် တစ်ပုဒ် ရေးဖို့ဆိုတာလည်း မလွယ်၊ အထူးသဖြင့် ကျွန်တော့်လို ဘာမဟုတ်တဲ့ကောင် တစ်ယောက် အတွက် ပိုလို့ မလွယ်။ ဒီတော့ ဒီပို့စ်မှာ အင်တာနက်ပေါ် ကျွန်တော် ဖြတ်သန်းခဲ့တဲ့ လမ်းကြောင်းလေး အကြောင်း အနည်းငယ် ရေးမယ် စိတ်ကူးထားတယ်။ ကျွန်တော့် ဘဝမှာ ဘာတစ်ခုကိုမှ လွယ်လွယ်ကူကူ မရခဲ့ဘူး ဆိုတာလေး ခဏခဏ ပြန်တွေးနေမိလို့ပါ၊ ဘာမှ ထူးထူးခြားခြားတော့ မဟုတ်ပါဘူး။ စာမရေးဖြစ်တာ ကြာလို့ စာရေးကြည့်ခြင်းပါပဲ။

အမှန်အတိုင်း ဝန်ခံရလျှင် ကျွန်တော် အင်တာနက် သုံးလာတာ ဘာမှ သိပ်မကြာလှသေး၊ 2007 ကုန်ခါနီးမှာမှ အင်တာနက် ဆိုတာကို စတင် တွေ့ဖူးပြီး၊ 2008 လောက်မှာမှ အီးမေးလ် ဘာညာ စသည် ထိတွေ့ဖူးခြင်း ဖြစ်တယ်၊ အင်တာနက် စသုံးပြီး နည်းနည်းလေး ကြာလာတော့ အွန်လိုင်းပေါ်မှာ ကိုယ့်နေရာလေး တစ်နေရာ ရှိချင်လာခဲ့တယ်။ ကိုယ်ရေးချင်တာ ရေးမည်၊ ပြောချင်တာ ပြောမည်ပေါ့။ အဲသည်တုန်းက အခုလို ပြည်တွင်းက အလွယ်တကူ ရေးလို့ရတဲ့ နေရာဆိုတာ တော်တော်ကို ရှားရှားပါးပါးပဲ။ မှတ်မှတ်ရရ multiply တစ်ခုပဲ အလွယ်တကူ သုံးလို့ ရတယ်၊ ဒါပေမယ့် ကျွန်တော် လိုချင်တာက ဘလော့ဂ်လေ၊ ဒီတော့ google ကနေ free blog လို့ ရိုက်ရှာပြီး၊ freeblog.co.nz တို့၊ blog.co.uk တို့၊ livejournal တို့တွေမှာ register လုပ်ပြီး၊ ဟိုစမ်းဒီစမ်းနဲ့ လိုက်တင် ဖြစ်တယ်၊ blogspot တို့ wordpress တို့ဆိုတာတွေကို ပြန်တွင်းကနေ ကျော်နေခွနေရ ချိန်ပေါ့၊ ကိုယ်ကလည်း ကျော်ရ ခွရမှာ အလွန်ပျင်း၊ နောက်ပြီး ကျော်ပြီး ခွပြီး သုံးနိုင်ရ လောက်အောင်လည်း ပိုက်ဆံက မတတ်နိုင်တော့ ဒီလိုပဲ တဝဲလည်လည် ဆိုပါတော့။ ဒီလိုအချိန်မှာ mmgenius.com ဆိုတဲ့ WP MU ဆိုက်တစ်ခု ပေါ်လာခဲ့တယ်၊ ကျွန်တော့်မှာ အက်ဒမင်များကို ကျေးဇူး တင်လိုက်ရတာ၊ mmgenius နဲ့အတူ wp အကြောင်းလေးတွေလည်း နည်းနည်းပါးပါး ပိုသိလာခဲ့တယ်၊ ဒီလိုနဲ့ စာလေး ကဗျာလေးတွေ ဟိုရေးဒီရေး ဟိုဖတ် ဒီဖတ် ပျော်နေမိချိန်၊ မမျှော်လင့်ပဲ mmgenius က အပိတ်ခံလိုက်ရရော၊ စိတ်ဓာတ် အနည်းအကျဉ်းတော့ ကျတာပေါ့။

ဒါပေမယ့် ဒီအတိုင်းတော့ မနေပါဘူး၊ ဟိုစမ်း ဒီစမ်းနဲ့ပါပဲ၊ ကိုယ့်နေရာလေး တစ်ခု အခိုင်အမာလေး ရှိချင်တဲ့ ဆန္ဒတွေကလည်း တားမနိုင် ဆီးမရ၊ နောက်ဆုံးတော့ စင်္ကာပူမှာ နေထိုင်တဲ့ အစ်ကို တစ်ယောက် အကူအညီနဲ့ http://nyiminkha.com ဆိုတာ ဖြစ်လာခဲ့တယ်၊ ပျော်လိုက်သည့် ဖြစ်ခြင်း၊ သင်ယူစရာတွေလည်း ပိုလို့ ကျယ်ပြန့်လာခဲ့ ပြန်တယ်၊ သည်လိုနဲ့ စာလေးတွေ ပြန်ရေးခဲ့ပြန်တယ်၊ ဒီလိုအချိန်မှာ ကံကြမ္မာပဲလို့ ပြောရမလား မသိ၊ တစ်နေ့မှာ ဆာဗာလည်း ဒေါင်း၊ ဒိုမိန်းလည်း ပျက်၊ ပင်ပင်ပန်းပန်း ရေးထားတဲ့ စာလေးတွေကို ဘက်ကပ်လေးတောင် လုပ်မထားလိုက်မိတော့ ဆုံးရှုံးမှုတွေ နည်းနည်း များသွားတယ် ပြောရမယ်။ အဲဒီတုန်းက ဝက်ဆိုက်တစ်ခုဟာ အချိန်မရွေး ပျက်စီးသွား နိုင်တယ်ဆိုတာ တွေးမထားမိဘူး။

ဒီလိုနဲ့ ဟိုစမ်းသည်စမ်း ဟိုရှာသည်ရှာနဲ့ တစ်ခါ http://nyiminkha.net ဆိုတာ ဖြစ်လာပြန်တယ်။ ဒါနဲ့တစ်ခါ သင်ယူစရာတွေ သင်ယူရင်း လေ့လာစရာတွေ လေ့လာရင်း ဆိုက်မှာဖြစ်တဲ့ error တစ်ချို့ကို ဖြေရှင်းရင်းနဲ့ ဒိုမိန်းကို သက်တမ်းတိုးတာ နောက်ကျသွားခဲ့တယ်၊ ဒီအတွက် ကိုယ့်ဒိုမိန်း သူများ ယူသွားတာ ခံလိုက်ရတယ်၊ ဒီလိုနဲ့ http://nnyiminkha.net ဆိုတာနဲ့ပဲ nyiminkha လေးကို အသက်ဆက်ခဲ့ရတယ်၊ ထုံးစံအတိုင်း ပြဿနာတွေ ကြားမှာ စာလေးတွေ အရေးကျဲခဲ့ပေမယ့် ကိုယ့်နေရာလေး တစ်ခုရှိသေးတယ် ဆိုတဲ့အသိနဲ့ ပျော်ရွှင်နေခဲ့တယ်၊ ခုတော့ nyiminkha.net ကို အရင် ယူထားတဲ့ လူတွေက ပြန်လွတ်လိုက်တော့ ကိုယ်တိုင် ပြန်ယူထားလိုက် နိုင်ပြီ၊ nyiminkha.com ကိုတော့ ဘယ်လိုမှ ယူလို့ မရတော့၊ ဆာဗာတစ်ခုက အသေကိုင်ထားလိုက်တာလား မသိ။ ဘာပဲဖြစ်ဖြစ် n တစ်လုံး ပြန်ဖြုတ်လိုက်နိုင်လို့ ဝမ်းသာနေမိတယ်။ သင်ယူ လေ့လာစရာတွေကတော့ (ကျွန်တော့်အတွက်) သေခါမှပဲ ပြီးဆုံးမှာပါပဲ။

တစ်ခု အသိပေးချင်မိတာက ညီမင်းခ ဆိုသော နာမည်ကို ကျွန်တော် တစ်ဦးတည်း မူပိုင် ယူထားလို့ မဖြစ်နိုင်တဲ့ အတွက်ကြောင့် နာမည်တူများ တွေ့ကောင်း တွေ့နိုင်ပါတယ်။ ရှိလည်း ရှိနေပါတယ်။ သို့သော်လည်း ကျွန်တော်ကတော့ အင်တာနက် စသုံးဖြစ်တဲ့ အချိန်မှစလို့ အခုတိုင်အောင် ကိုယ့်နေရာလေးနှင့်ကိုယ် အေးအေးဆေးဆေး နေလိုသူသာ ဖြစ်ပါတယ်။ နေ နေသူသာ ဖြစ်ပါတယ်။ အခြေအနေတွေ အခိုက်အတန့်တွေကြောင့် ကိုယ့်နေရာလေးတွေ ပျက်စီးဆုံးရှုံးခဲ့ရ လျှင်တောင်မှ နောက်ထပ် နောက်ထပ်သော ကိုယ်ပိုင် နေရာလေးများကိုသာ ထပ်ပြီး ရှာဖွေ တည်ဆောက်နေမည့် သူသာ ဖြစ်ပါတယ်။

  • ကောင်းလေစွ။ Mylovecafe ကို ချန်ထားခဲ့တာလား။

    • ညီမင်းခ

      mylovecafe ကို ကိုယ်တိုင် မသုံးခဲ့ဖူးဘူးလေ၊ သူငယ်ချင်း နှစ်ယောက်ကိုတော့ လုပ်ပေးဖူးတယ်။

  • ဒီလိုပါပဲ .. ကို ညီမင်းခ ရေ ….. ကိုယ့် … Blog ၊ ကိုယ့် … Web Site လေး ရှိနေတယ် ဆိုတာကို က ကိုယ့် စိတ်တွေအတွက် သက်သာရာ နေရာတစ်ခု ရှိနေတယ် ပြောရမှာပါပဲ ….. 🙂

    • ညီမင်းခ

      ကိုသိင်္ဂါရေ မကြာခဏ မှတ်ချက် လာလာရေးတာ ကျေးဇူးတင်ကြောင်း ကျွန်တော် ဘယ်လို ပြောရမှန်းတောင် မသိတော့ပါဘူးဗျာ။ ဟုတ်တယ် အစ်ကိုရေ… ကျွန်တော်တို့ အတွက်တော့ အဲဒီ စိတ်သက်သာရာ နေရာလေးတစ်ခု ဆိုတာဟာ သိပ်ကို အရေးကြီးချင်လည်း ကြီးနေမှာပေါ့ဗျာ။

  • ကောင်းပါတယ်.. Bro စာရေးတာတွေလည်း ကောင်းသားပဲ…၊ ကိုယ့်ဆန္ဒတွေ အောင်မြင်ပါစေဗျာ…
    ကျွန်တော့ဆီကို လည်းလာလည်ပေါ့.. WordPress ကတော့ မရေးဖြစ်ဖူးဗျ… Blogspot မှာပဲ အချိန်ကုန်နေတယ်..
    blackmagicmaker.blogspot.com

    • ညီမင်းခ

      အစ်ကို့ blogspot က ကျွန်တော့်ဆီမှာ Dangerous Page လို့ ပြောနေပါတယ် ခင်ဗျ။

  • ကိုယ်တိုင်ကြိုးစားထာတဲ့နေရာဟာ ကိုယ့်အတွက်ရှိနေမှာပါ …