နှစ်ကာလများ ဖြတ်သန်းလွန်မြောက်ပြီးနောက်

(၁)

မြင်နေရတာတွေရော ကြားနေရတာတွေပါ အချိုးချကြည့်ရင်တော့ အကောင်းဘက်ကို ဦးတည်လာနေ တယ်လို့ ယေဘုယျ ကောက်ချက် ဆွဲရမှာပါ။ အားမရတဲ့ အပိုင်းတွေ၊ ပြင်ဆင်ရမယ့် အပိုင်းတွေကတော့ နေရတကာမှာ ရှိနေဦးမှာပါ။ ပြီးပြည့်စုံတဲ့ စနစ် သို့မဟုတ် အခြေအနေတစ်ရပ် ရယ်လို့ ရှိမှ မရှိနိုင်တာပဲ။ ပိုကောင်းလာနိုင်မယ့် အခြေအနေကို မျှော်ကိုးရင်း ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေစွာ ပြင်ဆင် နေထိုင်ရတာ ဘဝပဲလို့ ကျွန်တော်တို့ လက်ခံထားကြတာပဲ မဟုတ်လား။ တစ်ဦးချင်းဆီရဲ့ အရည်အချင်းကနေ အဖွဲ့အစည်းတစ်ခု၊ ထိုမှ၊ အဖွဲ့အစည်းများစွာရဲ့ ဝိုင်းဝန်း လုပ်ဆောင်နိုင်မှုဟာ နိုင်ငံ တစ်နိုင်ငံရဲ့ အတက်အကျ ဆိုတဲ့ ပုံရိပ်တွေကို ဖြစ်စေတယ် ဆိုတာ ဒီနေ့ အားလုံး လက်ခံထားကြတဲ့ အမှန်တရား တစ်ခုပေါ့။ အပြောင်းအလဲ နှင့်အတူ အခွင့်အလမ်း ဆိုတာတွေကတော့ ကျွန်တော်တို့ကို ဘယ်လောက် ပြင်ဆင်ထားလဲ ဒါမှမဟုတ် ဘာတွေ ပြင်ဆင်နေလဲဆိုတဲ့ မေးခွန်းတွေ မေးနေသလိုပါပဲ။

(၂)

ခုနောက်ပိုင်း လွန်ခဲ့တဲ့ နှစ်ခြောက်ဆယ်ကျော် လောက်က မြန်မာ့နိုင်ငံရေး ကြိုးပမ်းမှု ပုံရိပ်တွေ၊ အကွဲအပြဲ ဇာတ်လမ်းတွေ၊ စတုတ္ထမဏ္ဍိုင် ဘက်က လူတွေ၊ တစ်ဦးချင်း အကြောင်းတွေရော၊ အဖွဲ့လိုက် အကြောင်းတွေကိုပါ အာရုံညွှတ်ပြီး ဖတ်ဖြစ်နေတယ်။ အဖက်ဖက်က တော်တဲ့ ထက်တဲ့ လူတွေများခဲ့ပါ လျက်၊ ပြည်တွင်းစစ်က တစ်ဖက်၊ ခွဲထွက်ချင်သူတွေက တစ်ဖက်၊ တရားသေ တယူသန်တွေက တစ်ဖက်နဲ့၊ နိုင်ငံတော် ချောက်ထဲကျခဲ့ ရပုံတွေဟာ ရင်နာလို့ မဆုံးနိုင်တဲ့ သင်ခန်းစာတွေပါပဲ။ ကံကြမ္မာကသာ မျက်နှာသာ ပေးခဲ့မယ်ဆိုရင် ကျွန်တော်တို့ဟာ ဟိုးရှေ့တစ်မျှော် တစ်ခေါ် လောက် ရောက်နေလောက်ပြီပေါ့။ ကောင်းအောင် လုပ်နေရင်းကပဲ အမြင်တိမ်သူ တချို့ကြောင့် အဆိုးဘက်ကို ဦးတည်စေခဲ့တာ၊ အဲဒီ အဆိုးသံသရာ ထဲမှာ နှစ်ပေါင်းများစွာ လည်နေခဲ့ တာတွေဟာ ဘာနဲ့မှ ဖြေလို့ မရနိုင်တဲ့ ဆုံးရှုံးမှုတွေပေါ့။ အခုအချိန်မှာ ပြီးခဲ့တာတွေ ပြီးသွားပေမယ့် အကျိုးဆက် တချို့ကတော့ အတောမသတ်နိုင် ဖြစ်နေဆဲ ဆိုတာ အားလုံး သိကြ မြင်ကြမှာပါ။ ကျွန်တော်တို့ အနေနဲ့က သင်ခန်းစာကိုမှ မယူနိုင်ရင် ဘာကို သွားယူကြမှာလဲ။ ဒေါက်တာ သန်းထွန်း ပြောဖူးတဲ့ “မအ အောင် သမိုင်းကိုသင်” ဆိုတဲ့ စကားကို အခုမှပဲ နားလည်တော့တယ်လို့ ပြောရမလိုပါပဲ။ ဟုတ်တယ်လေ၊ တစ်နိုင်ငံလုံး မွဲပြာကျခဲ့တာ အ ခဲ့ကြလို့ မဟုတ်လား၊ ရှင်းအောင်ပြော ရရင်တော့ သိလှပြီ တတ်လှပြီ ထင်ပြီး၊ သူများ မြှောက်ပေးလို့ ပေးမှန်း မသိ၊ လိုချင်တာ၊ ဖြစ်ချင်တာ တစ်ခုပဲ သိတဲ့ အခွင့်အရေး သမားတွေရယ်၊ နောက်ပြီး ခေါင်းဆောင် လုပ်သူတွေရဲ့ အတ္တ မာန အစွဲအလမ်းတွေကြောင့် နိုင်ငံရေး ပရိယာယ်တွေကို သိသိကြီးနဲ့ မကျော်လွန်နိုင် ခဲ့တာတွေရယ်။ ဒါတွေ အားလုံးဟာ အ လို့ မဟုတ်ရင် ဘာလဲ။ လူငယ်တွေအကြောင်း မကောင်းပြောရင် မကြိုက်တတ်တဲ့ ကွယ်လွန်သူ သတင်းစာ ဆရာကြီး လူထုစိန်ဝင်း အမြဲပြောတဲ့ စကားတစ်ခွန်း ရှိတယ်။ “မြန်မာတွေဟာ ရှင်ကြီး ဝမ်းလည်း ဝင်ဖူး၊ ရှင်ငယ့် ဝမ်းလည်း ဝင်ဖူးသူတွေမို့ နိုင်ငံရေးပါး သိပ်ဝနေပြီ” တဲ့။ ကျွန်တော်ကတော့ ဆရာကြီး ပြောတဲ့အတိုင်း ဖြစ်ပါစေလို့ပဲ ဆုတောင်း နေမိပါတယ်။ ကျွန်တော့် ဝန်းကျင်မှာတော့ ဘာသိဘာသာတွေ သိပ်များနေသလား လို့ပါ။

(၃)

ကိစ္စချို့နဲ့ ခရီးတချို့ သွားဖြစ်တော့ တိုင်းရင်းသား တစ်ချို့ရဲ့ အသံတွေ နားထောင် ဖြစ်ခဲ့တယ်။ တို့လူမျိုးတွေလည်း ဗမာစိတ်တွေ ဝင်ပြီး ပျက်စီးကုန်ပြီ တဲ့။ သူတို့ရဲ့ ဘဝအမြင်အရ ဗမာဆိုတဲ့ image ဟာ ဆိုးသွမ်း ယုတ်မာသော၊ သစ္စာမရှိသော၊ ကျူးကျော်သော စတဲ့ အဓိပ္ပာယ်တွေ ဖြစ်နေခဲ့ပေါ့။ တစ်ဦးတစ်ယောက် သို့မဟုတ် တစ်စုတစ်ဖွဲ့ရဲ့ လုပ်ဆောင်ချက် အမှားတချို့ဟာ နုနယ်သော စဉ်းစားဥာဏ်တွေ အတွက်တော့ ဗမာတစ်မျိုးသားလုံးရဲ့ ပုံရိပ်တွေပေါ့။ သူတို့ဘက်က ကြည့်တော့လည်း ခံရတာက တစ်ခါမက ခဲ့တာကိုး လို့ တွေးမိပါတယ်။ တစ်ခါတစ်ခါ တခြား တစ်ယောက်ရဲ့ လုပ်ရပ်တွေကို ပြောပြီး၊ မင်းတို့ ဗမာတွေကို အဲဒါကြောင့် ကြည့်မရတာလို့ ကိုယ့်ကို ဒဲ့ပြောတာတောင် ခံရသေးရဲ့။ သည်လိုနဲ့ပဲ ကျွန်တော့် ခရီးဟာ ဆရာမြသန်းတင့်တို့၊ ဆရာ နတ်နွယ်တို့ရဲ့ ခရီးများလို လွမ်းကြည်မောဖွယ် မဖြစ်ခဲ့တာ များလား။ အလှအပဆိုတာ ကြည့်သောသူရဲ့ ပင်ကို စိတ်အခံနဲ့လည်း ဆိုင်တာ ဆိုတော့ ကျွန်တော့်ရဲ့ အတွင်းစိတ် ကိုယ်တိုင်က တခြားကိစ္စတွေနဲ့ ရှုပ်ယှက်ခတ်နေလို့လည်း ဖြစ်ချင် ဖြစ်မှာပေါ့။ သေချာတာကတော့ ရိုးသားမှုတွေထဲမှာ အစွန်းရောက် အမြင်တစ်ချို့ပါ ရောယှက်နေခဲ့တာပါပဲ။

ကျွန်တော် သွားခဲ့တဲ့ ခရီးအကြောင်း အက်ဆေး တစ်ပုဒ်လောက် ရေးမလို့ စိတ်ကို နိုးဆွပေးနိုင်မလား ဆိုပြီး ဆရာမြသန်းတင့်ရဲ့ လွမ်းမောဖွယ် ကမေ႓ာဇဆိုတဲ့ စာအုပ်ကို စာကြည့်တိုက်က ငှားဖတ်ဖြစ်တယ်။ လှလိုက် တဲ့ နေရာဒေသ ဖော်ညွှန်းချက် အရေးအသားတွေထဲမှာ မှတ်သားစရာ ရှမ်းပြည်နယ် ကိုလိုနီ အုပ်ချုပ်ရေး သမိုင်း အကျဉ်းကို ဖတ်ခဲ့ရတယ်။

အင်္ဂလိပ်အစိုးရသည် ၁၈၈၆ ခုနှစ်တွင် ရှမ်းပြည်နယ် အပါအဝင် မြန်မာနိုင်ငံ အထက်ပိုင်းကို ဗြိတိသျှအင်ပါယာ၏ အစိတ်အပိုင်း အဖြစ် ကြေငြာခဲ့လေသည်။ ၁၈၈၇ ခုနှစ်တွင် မြန်မာပြည် စည်းမျဉ်းအက်ဥပဒေ အရ ရှမ်းပြည်နယ်ကို နယ်များ ခွဲဝေသတ်မှတ်ခဲ့လေသည်။ ၁၈၉၅ ခုနှစ်တွင် ထိုအက်ဥပဒေ ပြင်ဆင်ချက်အရ ရှမ်းပြည်နယ်ကို တောင်ပိုင်း မြောက်ပိုင်း ခွဲခဲ့သည်။ တောင်ပိုင်းနယ်၊ သိန္ဒီနယ် မြောက်ပိုင်း၊ သိန္ဒီနယ် တောင်ပိုင်း၊ သီပေါနယ်၊ အနောက်နှင့် အရှေ့ မိုင်းလုံနယ် တို့ကို စော်ဘွား အုပ်ချုပ်သည့် နယ်မြေများအဖြစ် သတ်မှတ်ခဲ့ပြီး၊ သံလွင် အရှေ့ဘက်ကမ်းရှိ နယ်များကို မြန်မာနိုင်ငံတော် ဘုရင်မင်းမြတ် (အင်္ဂလိပ်ဘုရင်) ၏ သံလွင်အရှေ့ဘက် နယ်များဟု သတ်မှတ်ခဲ့သည်။ ထိုနယ်များ အားလုံးကို မြန်မာနိုင်ငံမှ သီးခြား ခွဲထုတ်ကာ ပဒေသရာဇ် စနစ်ဖြင့် အုပ်ချုပ်စေခဲ့သည်။ ကာကွယ်ရေး အာဏာ၊ ဘဏ္ဍာရေး အာဏာနှင့် နိုင်ငံရေး အာဏာတို့ကို အင်္ဂလိပ်တို့က ကိုင်ထားခဲ့ပြီး စော်ဘွားများအား အင်္ဂလိပ် အစိုးရအပေါ် သစ္စာရှိရန် ပဋိညာဉ် ထားစေခဲ့လေသည်။ သို့ဖြင့် မြေပြန့်နှင့် တောင်တန်း ဒေသများသည် အနေဝေးခဲ့ကြလေသည်။ အင်္ဂလိပ်တို့ သည် တောင်တန်း စော်ဘွားများအား အခွင့်အရေးများ ပေးခဲ့ကြလေသည်။ အချို့သော စော်ဘွားများကို ဝိတိုရိယ ဘုရင်မကြီး ကိုယ်တိုင် လက်ခံတွေ့ဆုံခြင်း၊ အချို့သော စော်ဘွားများကို ဘုရင်မင်းမြတ် ဘိသိတ်ပွဲသို့ ဖိတ်ကြားခြင်း စသည့် နည်းများဖြင့် မြှူဆွယ်ခဲ့ကာ မြန်မာ တိုင်းရင်းသားများကို သွေးခွဲ အုပ်ချုပ်ခဲ့ကြလေသည်။ တဲ့။

တစ်ချိန်တုန်းက နယ်ချဲ့နည်းတွေထဲမှာ သွေးခွဲနည်းဟာ အတော်အောင်မြင်ခဲ့တဲ့ နည်းတစ်ခု ဖြစ်ပါတယ်။ သည်နည်းကြောင့်ပဲ အခွင့်အရေး သမားတွေနဲ့ ပြည်တွင်းစစ်ဆိုတာ ပေါ်ပေါက်လာခဲ့ပြီး ကျွန်တော် တို့ရဲ့ နိုင်ငံဟာလည်း ရေစုန်မျှောခဲ့ရတာ ဖြစ်ပါတယ်။ သည်အကြောင်းတွေဟာ ပြီးခဲ့ပါပြီလို့ အလွယ်တကူ ပုဒ်မချရုံနဲ့ တကယ်ပြီးသွား ခဲ့တာတော့ မဟုတ်ပါဘူး။ အခု ဖြစ်ပျက်နေတဲ့ ပြဿနာ အများစုဟာ အရင်က အဖြစ်အပျက်တွေရဲ့ ဂယက်တွေဆိုတာ နားလည်ဖို့တော့ လိုအပ်တာပေါ့။ ကြီးကျယ်တဲ့ ကိစ္စတိုင်းဟာ တစ်ခဏချင်း ထဖြစ်လာတာမျိုး မဟုတ်သလို၊ ကျွန်တော်တို့ အနေနဲ့ကလည်း ဘယ်သူကြောင့် ဘယ်ဝါကြောင့် ရယ်လို့ လက်ညှိုးထိုး အပုပ်ချနေရုံနဲ့ ပြဿနာဟာ ပြီးသွားနိုင်တာမျိုး မဟုတ်ပါဘူး။ နောက်ပြီး ကျွန်တော်တို့ နိုင်ငံတော်ရဲ့ ကံကြမ္မာ အနေနဲ့ ကြည့်ရင်လည်း အပြောင်းအလဲ တိုင်းမှာ အခက်အခဲတွေနဲ့ တွေ့ခဲ့ရတာ ချည်းပါပဲ၊ ဟိုးရှေးတုန်းက အင်္ဂလိပ်များဟာ မြန်မာ့နိုင်ငံရေးကို အုပ်ချုပ်ပုံတွေ တစ်မျိုးပြီး တစ်မျိုးပြရင်း မြန်မာတွေ အချင်းချင်း ကွဲချင်တိုင်းကွဲလို့ နောက်ပိုင်း မြန်မာတွေ မြန်မာစိတ်ဓာတ် ပျောက်လောက်အောင်ထိကို လုပ်ခဲ့ကြတာကို မေ့ပစ်လို့ မဖြစ်ပါဘူး။ အခု ရိုဟင်ဂျာ အရေးအခင်း ဆိုတာဟာလည်း မြန်မာနိုင်ငံ ဒီမိုကရေစီ အပြောင်းအလဲ နှင့်အတူ အချိန်ကိုက် ပေါ်လာတဲ့ ပြဿနာတစ်ခု ဖြစ်ပါတယ်။ နိုင်ငံတော် အနေနှင့် ကြည့်ရင်တော့ ဒါဟာ ကြီးမားတဲ့ အကြပ်အတည်းပါပဲ။ ကျွန်တော်တို့ နိုင်ငံသားတွေ အနေနဲ့က အခြေအနေတစ်ခု အပေါ်မှာ စိတ်မလောဖို့ လိုအပ်တယ်လို့ ထင်မိတာပါပဲ။

(၄)

ဒီစာရေးရင်းနဲ့ ခေါင်းထဲ ပေါ်လာတာ တစ်ခု ရှိသေးတယ်။ သူတို့ တိုင်းရင်းသားတွေ ဆီမှာ စစ်အစိုးရ လက်ထက်က ထုတ်ထားတဲ့ …သမိုင်းဆိုတာ ရှိတယ်။ တစ်နေ့ ဒီစာအုပ် ဖတ်နေတဲ့ ကျွန်တော့်ကို ဒီစာအုပ်က အစိုးရ အာဘော်လိုက်ပြီး ရေးထားတာ၊ …အဖွဲ့က လူတွေက အစိုးရကို ကြောက်နေကြတယ် လို့ ခေါင်းဆောင်ပိုင်းထဲက တစ်ယောက်က လာပြောတယ်။ ကျွန်တော်က ပြန်ပြောရတယ်။ “ဒီသမိုင်းက ပြန်ရေးရမယ်လေဗျာ၊ စာအုပ်ရဲ့ နိဒါန်းမှာလည်း နောင်တစ်ချိန် ပြန်ရေးနိုင်အောင်လို့ အချက်အလက်တွေ စုထားပေးတဲ့ သဘော ရေးထားတာပဲ″၊ တဆက်ထဲ ပြောမိပြန်တယ်။ “ကျွန်တော်တို့ နိုင်ငံမှာ ပြန်လုပ်ရမယ့် ကိစ္စတွေချည်းပါပဲဗျာ၊ တခြားဟာတွေကို ခဏထားလိုက်ပါဦး၊ ကျွန်တော် ဖတ်ဖူးတဲ့ ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိတောင်မှ လွန်ခဲ့တဲ့ အနှစ်ခြောက် ဆယ် ကျော်လောက် ကတည်းက တစ်ချိန်ချိန်မှာ ပြန်ရေးနိုင်အောင်ဆိုပြီး အချက်အလက်တွေ စုထုတ်ထားတာ၊ အခု ၂၀၁၁ မှာ ပြန်ထုတ်တော့လည်း နဂိုအတိုင်း ပြန်ထုတ်ထားတယ်”။

ကျွန်တော် သည်လို ရှည်ရှည်ဝေးဝေး ပြန်ပြောလိုက်တော့ သူက ဘာမှတော့ မပြောတော့ပါဘူး။ ကျွန်တော်တို့ဟာ လူသားများသာ ဖြစ်သည့်အတွက် အပြစ်တွေ၊ လိုအပ်ချက်တွေကတော့ ရှိနေမှာ သေချာပါတယ်။ ဒီအပြစ်တွေ၊ ဒီလိုအပ်ချက်တွေကို ကဲ့ရဲ့နေရုံ၊ အပုပ်ချနေရုံနဲ့ တစ်စုံတစ်ယောက် သို့မဟုတ် အဖွဲ့အစည်း တစ်ရပ်ဟာ အကောင်းဘက်ကို ပြောင်းလဲလာနိုင်မလား။ အထူးသဖြင့် ခုနက မိတ်ဆွေလို အဖွဲ့အစည်းတစ်ခုရဲ့ ခေါင်းဆောင်ပိုင်းတွေဟာ ဒီသဘောတွေကို ပိုပြီး နားလည်လာဖို့ လိုအပ်နေပါတယ်။ မကျွတ်လွတ်နိုင်တဲ့ အစွဲတွေနဲ့ ခေါင်းဆောင် လုပ်မယ်ဆိုရင် အဖွဲ့အစည်း သေးသေးလေး တစ်ခုမှာသာလျင် အောင်မြင်ချင် အောင်မြင်နိုင်ပါ လိမ့်မယ်။ ဒါပေမယ့် တခြား အဖွဲ့အစည်းတွေနဲ့တော့ ပူးပေါင်းဖို့ လွယ်ကူနိုင်မှာ မဟုတ်ပါဘူး၊ လူတော်တော် များများဟာ ကိုယ့်အမျိုးကိုသာ ချစ်တတ်ပြီး၊ တခြားအမျိုးတွေကို မုန်းတီးနေတတ် တာဟာ ခုနကလို တစ်ဖက်စွန်း အမြင်တွေကြောင့်လည်း ပါတာပါပဲ။ ခေါင်းဆောင်ဆိုတာဟာ နောက်လိုက်တွေကို လမ်းမှား ရောက်အောင် ပို့ဆောင်ပေးနိုင်သူ ဖြစ်သလို လမ်းမှန် ရောက်အောင်လည်း ကူညီပေးနိုင် သူတွေပါ၊ ဖြစ်သင့်တာကတော့ နောက်က လူငယ်တွေရဲ့ စွမ်းအားတွေကို မြှင့်တက်စေပြီး လိုအပ်ချက် များကို ပြုပြင်ဖာထေးဖို့ ကြိုးစားသင့်တယ် လို့ ထင်နေမိပါတယ်။

(၅)

အချုပ်ပြောရရင်တော့ ကျွန်တော်တို့ဟာ သွေးကွဲခဲ့ကြလို့၊ တယူသန်ခဲ့ကြလို့၊ အမြင်တိမ်ခဲ့ကြလို့၊ ကိုယ်ကျိုးကြည့်တာ များခဲ့ကြလို့၊  အားလုံးဟာ ဖရိုဖရဲ တကွဲတပြား ဖြစ်ခဲ့ရပြီး၊ ထိုသည်၏ နောက်ဆွက်တွဲ ဂယက်များအဖြစ် စစ်အုပ် ချုပ်ရေး နှစ်များစွာနှင့်အတူ အရာရာတိုင်းဟာ နောက်ကျကျန်ခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့် ယခုအချိန် မှာတော့ ပြောင်းလဲခဲ့တာတွေ ပြောင်းလဲခဲ့ပါပြီ၊ မပြောင်းနိုင်တာတွေလည်း မပြောင်းနိုင်သေးပါဘူး၊ နိုင်ငံတော် အနေနဲ့ကလည်း ဖြေရှင်းစရာ ပြဿနာ များစွာနဲ့ ရင်ဆိုင်နေရချိန် ဖြစ်ပါတယ်။ တချို့သော ကိစ္စတွေဟာ သဘာဝအရ အလွယ်တကူ ဂငယ်ကွေ့ ကွေ့လို့ မရနိုင်တာမျိုးလည်း ရှိမှာပါပဲ။ ကျွန်တော်တို့ကရော ကိုယ့်ရဲ့ မြင်ကွင်းတွေကို အသေခတ်လို့ သွေးကွဲဖို့ ကြိုးစားနေတုန်းလား၊ တယူသန်နေတုန်းလား၊ အမြင်တိမ်နေတုန်းလား  ဆိုတာ…။

  • Like! here by waiting and reading yours…