ရသမှသည်သုတသို့၊ သုတမှသည်ရသသို့

“တကယ်တော့ ရသကို ဖတ်လိုက်ရမှ ကိုယ့်ကိုယ်ကို ကျေနပ်ပြည့်စုံသွားတယ်”
“ဟုတ်တယ်ဗျ၊ သုတဆိုတာတွေက ဆူလွယ်နပ်လွယ် ပြီးပြီးပျောက်ပျောက်ပဲ”

ဒါကတော့ ကျွန်တော့်ရဲ့ စာပေချစ်သူ မိတ်ဆွေနှစ်ယောက် ပြောဆိုနေကြတာတွေပါ၊ အဲဒီနေ့က ကျွန်တော်တို့ စာအကြောင်း ပေအကြောင်း၊ ကိုယ်သိတဲ့ စာရေးဆရာတွေ အကြောင်း တော်တော်များများ ပြောဖြစ်လိုက်ကြတယ်။ လူဆိုတာ ဒီလိုပဲလေ သန်ရာသန်ရာ အုပ်စုလေးဖွဲ့မိရင် စကားလုံး ရေအလျဉ်တွေက အဆက်မပြတ် စီးဆင်းတတ် ကြတာပဲပေါ့၊ ကဗျာရူးသွပ်သူချင်းတွေ့ရင် ကဗျာအကြောင်း ငြင်းခုံကြ၊ ဆွေးနွေးကြမယ်၊ ဂီတသမားချင်းတွေ့ရင် ဂီတအကြောင်း ရင်ခုုန်ကြမယ်၊ စီးပွားရေးသမားချင်းတွေ့ရင် သူတို့စကား အများစုဟာ စီးပွားရေးအကြောင်းပဲ ဖြစ်ဖို့များမယ်၊ ဒါ ထူးထွေဆန်းပြားတဲ့ ကိစ္စတော့ မဟုတ်ဘူးပေါ့၊ ဒါပေမယ့် အခုခေတ်က ဗဟုဝါဒခေတ်ဆိုတော့ ဘယ်သူမဆိုဟာ လုံးဝသီးခြားချည်းတော့ ဘယ်ဟုတ်မလဲဗျာ၊ ဆိုင်ရာဆိုင်ရာ မကင်းရာ မကင်းကြောင်းလေး တွေတော့ ပါကြတာချည်းပဲပေါ့၊ ဒါကတော့ (နည်းနည်းပါးပါး လူအထင်ကြီးအောင် ပြောရရင်) Theory of Convergence ဆိုတဲ့ ပေါင်းဆုံခြင်း သီဝရီအရပေါ့၊ အရောအစပ် အနည်းအကျဉ်းတော့ မရှိမဖြစ် ရှိရမှာပေါ့၊ ဟုတ်ဘူးလားဗျာ။ Literature(ရသစာပေ)နဲ့ Journalism(သတင်းစာပေ) ပေါင်းဆုံသွားပြီလို့ ပြောခဲ့ကြတာတောင် တော်တော်ကြာနေပြီ မဟုတ်လား၊ ထင်ရှားတဲ့ ဥပမာကို ပြပါဆိုရင်တော့ ကျွန်တော်တို့ လက်တစ်ကမ်းမှာ မြင်နေရတဲ့ ဘောလုံးဂျာနယ် တွေကိုပဲ လက်ညှိုးထိုးပြရတော့မှာပဲ၊ Journalistတွေရဲ့ အရေးအသားတွေက ဝတ္ထုတစ်ပုဒ် ဖတ်နေရသလို၊ အက်ဆေးလေး ဖတ်နေရသလို၊ ရသဆန်လာပုံ ပြောပါတယ်။ ကဗျာဆရာတွေကရော ဘာထူးသေးလဲ ကဗျာတွေထဲမှာ အိမ်ကွင်း အဝေးကွင်းတို့ အနီကပ်တို့ ဆိုတာတွေက မမြင်ချင်မှအဆုံး။ ဒါကိုပဲ ပေါင်းစည်းမှု သငေ်္ကတတွေလို့ မြင်မိတာပါပဲ။ ထားလိုက်ပါစို့ဗျာ ဒီကိစ္စကို၊ ကျွန်တော်ပြောချင်တာက အဲဒါတွေ မဟုတ်ဘူးလေ။

ဒီစာကို ဖတ်မိနေတဲ့ လူတိုင်းအတွက်တော့ စာဖတ်ပါ ဆိုတဲ့ အပိုစကားကို ပြောစရာ မလိုတော့လောက်ဘူးလို့ ထင်မိပါတယ်။ ဒါပေမယ့် လူတိုင်းကိုလည်း စာဖတ်ပါလို့ ကျွန်တော်တို့အနေနဲ့ တိုက်တွန်းလို့ မရနိုင်ဘူးပေါ့၊ ကျွန်တော်တို့ထက် အသက်၊ ဝါ၊ ပညာကြီးတဲ့ ဆရာတွေကတော့ နောက်လူတွေ စာဖတ်ဖို့ကို အမျိုးမျိုးအဖုံဖုံ တိုက်တွန်းရေးသားနေကြတာ တွေကတော့ အများကြီးမှ အများကြီးပဲဗျာ၊ တစ်ချို့ဆရာတွေကလည်း စာကြည့်တိုက်တွေ မှာ သော့ခလောက်တန်းလန်းနဲ့ ဖြစ်နေတဲ့အကြောင်း၊ အဲဒီသော့ခလောက်ကို ဖွင့်နိုင်ဖို့ရာ လူအများကြိုက်တဲ့ စာအုပ်တွေကိုလည်း ထားပေးသင့်တဲ့အကြောင်း စသည်ပေါ့ဗျာ။ စုံလို့။ တစ်ချို့ကလည်း စာမတတ်သူ ပပျောက်ရေးမှ စာမဖတ်သူ ပပျောက်ရေးသို့တဲ့။ ကျွန်တော်တို့ရဲ့ အဓိကမီဒီယာကလည်း ဂျာနယ်တွေ စာအုပ်တွေမှာပဲ ရှိသေးတာဆိုတော့ ပြောလည်းပြောရုံ ဆိုသလိုပါပဲ၊ အများစုက ဒီစာတွေကို မြင်တောင် မမြင်ကြပါဘူး၊ မြင်လည်း ဖတ်ဖို့ စိတ်ကူးမရှိကြပါဘူး၊ သူတို့စိတ်ဝင်စားတာက အရုပ်တွေလောက်ပဲလေ၊ တစ်ချို့ဆို ဂျာနယ်ထဲက သတင်းကိုတောင်မှ ခေါင်းစဉ်လောက်ဖတ်ပြီး ထင်ရာပြောနေတတ်ကြတာ၊ ကျွန်တော့်ရှေ့ တွင်ပဲ မြင်နေကြားနေရတယ်။ တော်တော်တော့ စိတ်မကောင်းစရာပဲဗျာ၊ EQ(Emotional Quotient)ဆိုတဲ့ ခေတ်မှာ ခံစားမှု အားနည်းလွန်းတာတော့ မကောင်းဘူးပေါ့ဗျာ၊ ခံစားမှုအားနည်းတဲ့လူဟာ တဖြေးဖြေးနဲ့ စက်ရုပ်ဆန်လာတတ် ပါတယ်၊ ပျော်ရမှန်းမသိ၊ ငိုရမှန်းမသိ၊ သူတစ်ပါးရဲ့ ဒုက္ခတွေကိုလည်း စာနာရကောင်းမှန်းမသိ၊ ဒါဆိုရင် ဒီဘဝကြီးဟာ ဘာများ အဓိပ္ပါယ်ရှိတော့မှာလဲ။ အရာရာကို အနိုင်အရှုံးဆိုတာလောက်နဲ့ တိုင်းတာနေသမျှ ကျွန်တော်တို့ လောကဟာ ဘယ်မှာ ငြိမ်းချမ်းနိုင်ပါတော့မလဲ၊ ခက်တာက ကျွန်တော်တို့ဝန်းကျင်မှာ သုတရောရသပါ တစ်လုံးမှမဖတ်ပဲ နည်းနည်းပါးပါး ကြီးပွားနေတဲ့သူတွေလည်း ရှိနေကြတာပါပဲ၊ ဒီတော့ လူအားလုံး စာဖတ်ဖို့ဆိုတာ ဘယ်မှာ ဖြစ်နိုင်ပါ့မလဲဗျာ။

အခု ကျွန်တော်ပြောမှာက စာဖတ်တတ်ပြီးသားလူတွေ၊ စာပေကို အနည်းငယ်ဖြစ်ဖြစ် ချစ်တတ်ပြီးသား လူတွေကိုပါ၊ ကျွန်တော်ပြောချင်တဲ့ အချက်တွေကလည်း ရှေးက ဆရာကြီးတွေ ပြောခဲ့ပြီးသားတွေ ဖြစ်ချင်ဖြစ်မှာပါပဲ၊ ဆရာတွေရဲ့စကားတွေကို ရှောင်ကွင်းနိုင်တဲ့ အရည်အချင်းမျိုး ကျွန်တော့်မှာ မရှိသေးဘူးဆိုပါတော့၊ တခြားလူတွေရဲ့ စကားတွေနဲ့ ဆရာလုပ်တယ်လို့လည်း မထင်စေချင်ဘူးပေါ့ဗျာ၊ ဦးစွာပထမ ဆရာခင်မောင်ဝင်းရဲ့ စကားလေးတွေကို စိတ်နားနဲ့ နားထောင်ကြည့်စေချင်ပါတယ်၊ “ယခုခေတ်တွင် နေ့စဉ်ဘဝသည် ပညာဗဟုသုတပေးသော စာများကို ဖတ်ဖို့ တောင်းဆိုလျက်ရှိသည်၊ ဤစာများကို သတင်းစာများ၊ မဂ္ဂဇင်းများ၊ သိပံ္ပနှင့် နည်းပညာဆိုင်ရာ ဂျာနယ်များ၊ ဖတ်စာအုပ်များ၊ စွယ်စုံကျမ်းများထဲတွင် တွေ့ရှိဖတ်ရှုနိုင်သည်၊ စာများကို အပြည့်အစုံဖတ်လျှင် ပညာဗဟုသုတများ တိုးပွားပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုတိုးလာနိုင်ပါသည်၊ ကိုယ်အလုပ်လုပ်နေသည့် နယ်ပယ်နှင့် ဆိုင်သောစာများကို မဖတ်နိုင်ခြင်းသည် ကိုယ့်လုပ်ငန်း၏ အောင်မြင်မှုကို ထိခိုက်စေနိုင်ပါသည်၊ သို့သော် ရသစာပေ၊ စာညွှန်း၊ အဖွဲ့အနွဲ့တို့၏ အခန်းကဏ္ဍသည်လည်း အရေးပါသောနေရာတွင် ရှိပါသည်”တဲ့။ အဓိက ပြောလိုသည်ကတော့ စာဖတ်တဲ့ လူတိုင်းဟာ သုတရော ရသပါ အချိုးကျကျ ဖတ်စေချင်ချင်တဲ့ အဓိပ္ပါယ်ပါပဲ့။

ဟိုးအရင်ကတော့ လူငယ်တွေဟာ ရသတွေချည်းပဲ အဖတ်များနေကြလို့ “သုတလေး ဘာလေးလဲ ဖတ်ကြဦးဟ”လို့ လူကြီးတွေက တည့်မှတ်ဆော်သြခဲ့ကြဖူးတယ်လို့ ဆိုတယ်၊ ခုကျတော့ တစ်ခါ အင်တာနက် ဆိုတဲ့ခေတ်မှာ သုတတွေနောက်ချည်း လိုက််ကုန်ကြလို့ ဆရာတွေက သတိပေးစကားတွေ ပြောနေရတာကို တွေ့နေရပြန်တယ်၊ အင်တာဗျူးတစ်ခုမှာ ဆရာအောင်သင်းက ခုခေတ်လူတွေ စာမဖတ်ကြတာ မဟုတ်ပါဘူး၊ ဖတ်စရာတွေ လေ့လာစရာတွေ များလွန်းလို့ ရသစာတွေဖက် မလှည့်နိုင် ဖြစ်နေကြတာပါတဲ့။ ဒီနေရာမှာ ဆရာအတ္တကျော်ပြောတဲ့ စကားတွေကလည်း မှတ်သားစရာပါ၊ “သတင်း အလျှံပယ်ခေတ်မှာ သတင်းအချက်အလက် (information)နဲ့ အသိပညာ (knowledge)က တကယ့်ကို အလျှံပယ်ဖြစ်လာလို့ လူတိုင်းနီးပါးရနိုင်တဲ့ အနေအထားမို့ သတင်းဆိုတာတွေက ရိုးအီပြီး တန်ဖိုးမဲ့လာပါတော့တယ်။ အသိပညာကို လူတိုင်းရနိုင်ပေမယ့် လူတိုင်းမရနိုင်တာက ဥာဏ်ပညာ အမြှော်အမြင် (wisdom)နဲ့ အတွေးသစ် အမြင်သစ် (creativity)ပါပဲ၊ အဲဒါကိုကျတော့ ဘယ်နည်းပညာ ကမှ စီမံပြုပြင်မပေးနိုင်တော့ပါဘူး၊ အသိပညာကနေ ဥာဏ်ပညာ ဖြစ်လာဖို့အတွက် အဆင့်တစ်ဆင့် လိုတယ်၊ အဲဒါက တွေးတောဆင်ခြင်မှု (Thinking and reflection)ပါပဲ”တဲ့။ အဲဒီစာပိုဒ်ကိုယ်၌က ကျွန်တော်တို့ကို တွေးတော ဆင်ခြင်စေမှုကို ပေးနေတယ်လို့ ကျွန်တော်တော့ ထင်မိတာပါပဲ၊ လောကမှာ ဘယ်အရာမဆိုပေါ့ဗျာ၊ ပေါလွန်း များလွန်းရင် တန်ဖိုးဆိုတာတွေ ယုတ်လျှော့တတ်လာတာ သဘာဝပဲ မဟုတ်လား၊ နည်းပညာဆိုတဲ့ ခေတ်ကြီးထဲမှာ ကျွန်တော်တို့အတွက် (သို့မဟုတ်) ကျွန်တော်တို့ဆီမှာ ဘယ်အရာတွေ ရှားပါးခဲ့ပြီလဲ၊ သုတကို သုတအဖြစ်လောက် နဲ့ပဲ ရပ်တန့်မနေစေဖို့ တွေးတောဆင်ခြင်မှုဆိုတာ အမှန်တကယ် လိုအပ်တဲ့အရာ တစ်ခုလို့ မယူသင့်ဘူးလားဗျာ၊ သုတရော ရသပါ အရေးပါပုံကို ဆရာတွေလည်း အများကြီး ပြောခဲ့ကြပြီးပါပြီ၊ ဒီမှာလည်း သောမတ်ဒီကွင်စီ (Thomas De Qumcy)ရဲ့ စကားကလည်း စိတ်ဝင်စားစရာ ကောင်းနေပါတယ်၊ “သုတစာပေသည် ပဲ့နှင့်တူသည်၊ ရသစာပေကား လှော်တက် (သို့မဟုတ်) ရွက်နှင့်တူသည်၊ သုတစာပေသည် တစ်ခုခုကို နားလည်စေခြင်း၊ ဆွေးနွေး ခြင်း ဖြစ်၏၊ ရသစာပေသည် ပျော်ရွှင်မှု၊ ကရုဏာစိတ်၊ စာနာစိတ်စသည်တို့ကို ဖြစ်ပေါ်စေ၏”တဲ့။ ရသကို လုံးဝစိတ်မဝင်စားပဲ သုတနောက်ချည်း လိုက်နေတဲ့ လူတစ်ယောက်မှာ တဖက်သားအပေါ် ကြင်နာသနားမှုဆိုတဲ့ ကရုဏာစိတ်တို့၊ တဖက်သားရဲ့ ခံစားမှုစသည်တို့ကို ကိုယ်ချင်းစာနာ နားလည်နိုင်မှုတို့ ဆိုတာတွေ နည်းပါးနေမှာ အမှန်ပါပဲဗျာ၊ ထို့ပြင် သုတဆိုတာတွေဟာ ခက်ထန်သော အချက်အလက်တွေချည်းမို့ လူရဲ့ အသိဥာဏ်ကို ထိုင်းမှိုင်း တင်းကျပ်စေတယ်လို့ ကျွန်တော်ထင်ပါတယ်၊ ဒါကြောင့်လည်း ဒီလိုတွေမဖြစ်စေဖို့ ရသစာဆိုတာ ပေါ်ပေါက်လာရ တာပဲ မဟုတ်လား၊ တကယ်တော့ ရသစာပေဟာ ပျော်ရွှင်မှု၊ ကရုဏာစိတ်နဲ့ စာနာနိုင်စိတ်တို့လောက်သာ လူကို အကျိုးဖြစ်စေတာ မဟုတ်သေးပါဘူး။ နောက်ထပ် အကျိုးတွေလည်း ရှိပါသေးတယ်၊ ကျွန်တော်ဖတ်ဖူးတဲ့ ဆရာတက္ကသိုလ် ဘုန်းနိုင်ရဲ့ ဝတ္ထုတစ်အုပ်ထဲက ရသစာပေဂုဏ်သတ္တိ (၃)ရပ်ကိုလည်း ပြန်လည် ဖောက်သည်ချပါရစေ။

အဲဒါတွေကတော့ ရသစာပေကောင်းမှန်ရင်
၁။ ခံစားမှု စည်းစိမ်ပေးနိုင်ခြင်း
၂။ သိမြင်မှုထက်မြက်စေခြင်း
ဒီနေရာမှာ နှစ်မျိုးကွဲပါတယ်၊
(က)ပတ်ဝန်းကျင်ကို သိမြင်မှုထက်မြက်စေခြင်းနဲ့
(ခ)မိမိရဲ့ အဇ္စျတ္တကိုသိမြင်မှု ထက်မြက်စေခြင်း
၃။ လောကအမြင် ပေးနိုင်ခြင်း ဆိုတာတွေပဲ ဖြစ်ပါတယ်။

အခုဖော်ပြခဲ့တဲ့ အချက်သုံးချက်စလုံးဟာလည်း လူတစ်ယောက်အတွက် သိပ်ကို အရေးကြီးတဲ့ အချက်တွေလို့ ထင်ပါတယ်။ ခံစားမှုစည်းစိမ်ဆိုတာ ရုပ်ဝတ္ထုတွေ အလျှံပယ်ဖြစ်နေမှ၊ အရုပ်တွေ အသံဗလံတွေ ဆူညံနေမှ မဟုတ်ပါဘူး၊ နောက်တစ်ချက်က ကျွန်တော်တို့ဟာ ပတ်ဝန်းကျင်ကို မျက်ကွယ်ပြုလို့ မရသလို ကိ်ုယ့်ကိုယ်ကိုလည်း မျက်ကွယ်ပြုထားလို့ မရပါဘူး၊ ဒီလို မျက်ကွယ်ပြုခြင်းဖြင့် ကျွန်တော်တို့မှာ ကောင်းကျိုးထက် ဆိုးကျိုးက ပိုများဖွယ်သာ ရှိပါတယ်၊ နောက်ဆုံးအချက် ဖြစ်တဲ့ လောကအမြင် ဆိုတာကတော့ အရေးအကြီးဆုံးလို့ ထင်ပါတယ်၊ လူတိုင်းလူတိုင်းဟာ ကိုယ့်အိမ်တွင်း ကိစ္စလောက်ကိုသာ အာရုံစိုက်နေရင် ကျွန်တော်တို့ နေထိုင်တဲ့လောကဟာ ခုလိုပြည့်ပြည့်စုံစုံ ဖြစ်လာစရာ ဘယ်ရှိမှာလဲဗျာ၊ ဒါတွေကတော့ ရသစာပေရဲ့ အားသာချက်တွေလို့ ဆိုရမှာပါ၊ တနည်းအားဖြင့် သုတစာပေက သုတ(အချက်အလက်) ကိုသာ ပေးပြီး ရသစာပေကမှ သုတရော ရသပါပေးတယ်ပေါ့၊ ဆရာတက္ကသိုလ် ဘုန်းနိုင်ရဲ့ ဆိုလိုချက်ကို အနှစ်ချုပ်ရရင်လည်း ဒီလိုပဲ ဖြစ်လိမ့်မယ်လို့ ထင်မိပါတယ်၊ ဆရာကတော့ ရသစာပေ ဖန်တီးချင်သူတွေအတွက် ပြောထားဟန်ရှိပါတယ်၊ ရသကို ဖန်တီးချင်သူ တစ်ယောက်ဟာ စာဖတ်သူတွေ အတွက် သုတကိုပါ ပေးနိုင်အောင် ကြိုးစားကြဖို့ တိုက်တွန်းလိုဟန်ရှိပါတယ်။

ကျွန်တော်တို့အနေဖြင့်လည်း သုတကိုလည်း လေ့လာဖို့ လိုအပ်သလို၊ ရသကိုလည်း ခံစားတတ်ဖို့၊ ရသကိုခံစားတတ်သလို သုတကိုလည်း လေ့လာနေဖို့၊ တစ်ဖက်စွန်းမရောက်ဖို့၊ အရာရာကို ကိုယ်နဲ့ မဆိုင်ဘူးဆိုပြီး “မျက်နှာလွဲခဲပစ်” မလုပ်ဖို့ တိုက်တွန်း ပြောချင်တာလေးပါ။

  • အဲ့လောက်အမြင့်ကြီးတွေ ရေးရလားဆရာရဲ့ ))))))x-

  • ဒါလေးကို ယူသွားတယ်
    အေးအေးဆေးဆေး ဖတ်ကြည့်အုံးမယ်….

  • teen Magazine – Blog Digest အတွက် အသုံးပြုချင်လို့ ခွင့်တောင်းပါတယ်။ မေးလ်လိပ်စာမသိလို့ myathwayyni@gmail.com ကို ဆက်သွယ်ပေးပါနော်..။

    ကျေးဇူးတင်စွာ-

    မြသွေးနီ
    http://www.myathwayni.com