စာပေ၊ ဂီတနှင့် ကျွန်တော်

လိုအင်မှု နောက်သို့သာ လိုက်တတ်သည်မှာ လူသား၏ သဘာဝဓမ္မတာ ဖြစ်သည့်အလျောက် ကျွန်တော် သည်လည်း ကျွန်တော်၏ ဆာလောင်မှု လိုအင် နောက်သို့သာ အမြဲတစေ လိုက်ပါ၍ နေခဲ့သည်။

ကျွန်တော်၏ ဆာလောင်မှုကား ငွေကြေးမဟုတ်၊ မိန်းမတစ်ယောက်၏ ပေါ့ပျက်ပျက် အချစ်မဟုတ်၊ ဂုဏ်သတင်း ကျော်ကြားမှု မဟုတ်၊ ၂၁ ရာစု အများကြိုက် နည်းပညာ မဟုတ်၊ သမ္မတရာထူး မဟုတ်၊ ကျည်ကာ ဇိမ်ခံကားတစ်စီး မဟုတ်၊ ရန်ပွဲ မဟုတ်၊ အတင်းပြောခြင်း မဟုတ်၊ ဂလိုဘယ်လိုက်ဇေးရှင်း မဟုတ်၊ ခံစားမှုကို ဆာလောင်ခြင်း ဖြစ်သည်။ ကျွန်တော့် ခံစားမှုတို့၏ တည်ရာသည် မြင့်မြတ်သော ဂီတနှင့် နူးညံ့သော စာပေတို့ဖြစ်သည်။

ထိုခံစားမှုတို့ အဝေးရောက်နေချိန် ဘဝတွင် မည်သည့်အရာကို လိုအပ်ရမည်မှန်းမသိပဲ ယောင်ချာချာ ဖြစ်နေလေ့ရှိသည်။ ထိုသို့သော ဆာလောင်မှုမျိုးသည် ထမင်း ဆာလောင်မှုမျိုးထက် လွန်ကဲကြောင်းကို ကြုံဖူးသူများသာ ခံစားနားလည် နိုင်ပေလိမ့်မည်။

စာအုပ် စာပေနှင့် ပတ်သက်၍ ပြောလိုသည်မှာ… စာအုပ်တစ်အုပ်သည် လူတစ်ယောက်၏ ဘဝကို မည်သို့မည်ပုံ တိုးတက်ပြောင်းလဲစေသည် ဟူ၍ လည်းကောင်း၊ စာအုပ် တစ်အုပ်ကြောင့် လူတစ်ယောက်၏ ဘဝ မည်မျှ ပျက်စီးသွားသည် ဟူ၍ လည်းကောင်း၊ စာအုပ်များသာ မရှိခဲ့လျင် လူအများ မည်သို့ဖြစ်သွားနိုင်သည် ဟူ၍လည်းကောင်း၊ ကျွန်တော် မည်သည့်အခါကမျှ  အရေးတယူ မစဉ်းစားခဲ့ဖူးပါ၊ ထိုသို့ မစဉ်းစားခဲ့ခြင်းမှာ ထိုပြဿနာသည် လတ်တလော ကြုံတွေ့နေရသော ကျွန်တော်၏ ပြဿနာ မဟုတ်၍လည်းကောင်း၊ စာအုပ်ခေတ် ကုန်ဆုံးဖို့ ဆိုသည်မှာ ကျွန်တော် သေဆုံးပြီးသည့် နောက်မှာသာ ဖြစ်ကောင်း ဖြစ်လာမည့် ပြဿနာ ဖြစ်၍လည်းကောင်း ဖြစ်နိုင်ပါသည်။

ရိုးသားစွာ ပြောရမည်ဆိုလျင် ကျွန်တော်သည် (တစ်ချို့သော စာအုပ်များအတွက် ကုန်ကြမ်း စက္ကူကို နှမျှောတသ ဖြစ်တတ်သည်မှ လွဲ၍) စာအုပ် တော်တော်များများကို ချစ်တတ်ပါသည်။ ထိုသို့ မွေးရာပါ ပင်ကို ဗီဇဆဲလ်တစ်ချို့ ပါရှိလာခဲ့ခြင်းအတွက် တစ်ခါတစ်ရံ ဝမ်းမြောက်ဝမ်းသာ ဖြစ်ရသည်။ ငယ်စဉ်အခါမှ စ၍ စာဖတ်ခြင်းကို အနည်းငယ် စွဲလမ်းတတ်ခဲ့ခြင်းကို ဆိုလိုပါသည်။ သို့သော် ဒီဘဝ စာရေးဆရာဖြစ်ရမည် ဟူ၍ကား မည်သည့်အခါကမျှ အိပ်မက်ပင် မမက်ခဲ့ပါ၊ စာရေးဆရာဟူသည် အများတကာထက် အသိဉာဏ် ကြွယ်ဝသူ၊ ခေါင်းတစ်လုံး ပိုမြင့်သူဖြစ်၍ ကျွန်တော်အနေဖြင့် မည်သို့မျှ မဖြစ်နိုင်ကြောင်းကို အစောကြီးကတည်းက သေချာစွာ သိနေခဲ့သောကြောင့် ဖြစ်သည်။ လောကတွင် မဖြစ်နိုင်သောအရာ များစွာရှိကြောင်းကို ခိုင်မာစွာ ထပ်၍ ပြောချင်ပါသည်။

ဂီတနှင့်  ပတ်သက်၍ အနည်းငယ် ပြောလိုပါသေးသည်၊ ငယ်စဉ် ကိုးတန်းကျောင်းသား ဘဝမှစ၍ ဂီတကို အရူးအမူး ကိုးကွယ်ခဲ့သည်၊ အဆိုတော် တစ်ယောက်လို အောင်မြင်ကျော်ကြား လိုမှုမျိုးထက် နောက်ကွယ်က ဖန်းတီးပေးတတ်သော player တစ်ယောက်၏ ဘဝကို ပို၍ အားကျ နေတတ်သည်။ ထိုပိုးသည် ယခုတိုင် ရင်ထဲတွင် ကုရာနတ္ထိ ဖြစ်နေဆဲပင်။ မှန်သည့်အတိုင်း ပြောရမည်ဆိုလျှင် စာပေကိုသော်မှ ဂီတလောက် မကိုးကွယ်ခဲ့ပါ။ ဟိုစပ်စပ် သည်စပ်စပ် ဖတ်တတ်သည် ဆိုရုံမျှလောက်ပင် ဖြစ်သည်။

ခံစားမှုလွန်ကဲသော ကျွန်တော့်အတွက် တစ်ခါတစ်ရံ ခံစားမှုတို့၏ ရေဆန်ကို လှော်ခတ်ရသည်မှာ ဘာနဲ့မှ မတူအောင် ပင်ပန်းလွန်းလှပါသည်။ မျှော်လင့်ချက်တစ်ချို့ ပျက်စီးသွားပြီးသည့် နောက်တွင် ကျွန်တော်၏ ဖြေဆည်ရာသည် စာအုပ်စာပေတို့ပင် ဖြစ်လာခဲ့သည်။

ဤသို့ဖြင့် လခထုတ်ပြီးတိုင်း ပထမဆုံး ခြေလှမ်း လှမ်းဖြစ်သည်မှာ စာအုပ်ဆိုင်။ ရှိစုမဲ့စုလေးကို ပြားချပ်ချပ် ပိုက်ဆံအိတ်လေးထဲ ထိုးထည့်ကာ စာအုပ်ဆိုင်သို့ သွားနေသော စိတ်ကူး ခြေလှမ်းများသည် ချစ်သူ၏ ချိန်းဆိုရာသို့ သွားသော ခြေလှမ်းများထက်ပင် အားမာန်ပြည့်ဝ နေသလိုလိုပင် …..။

  • လောကမှာ မဖြစ်နိုင်တဲ့အရာ အများကြီးရှိတယ်ဆိုတာကို အပြည့်အဝ သဘောတူတယ်…။ နပိုလီယံ ရွှေထီးဆောင်းစဉ်က ပြောခဲ့တဲ့စကားကို ကိုးကားတာများသွားလို့နဲ့တူတယ်..။ မဖြစ်နိုင်ဘူးဆိုတာ ငါ့အဘိဓာန်မှာ မရှိဆိုတဲ့စကား ကြုံးဝါးနေကြတဲ့လူတွေ တွေ့ရဆဲပဲ…။ “ကန့်သတ်ချက်” တွေကို သိဖို့လိုလိမ့်ဦးမယ်ထင်တယ်…။
    စာအုပ်တွေဟာ ပျောက်ကွယ်ချင်ပျောက်ကွယ်သွားနိုင်ပေမဲ့.. စာကတော့ ပျောက်မှာမဟုတ်ပါဘူး။ အခုလို ကွန်ပြူရှေ့ထိုင်ဖတ်ရတဲ့စာတွေတော့ အနည်းဆုံး ရှိနေဦးမှာပဲ။ ဘဝအလှည့်အပြောင်းဖြစ်စေခဲ့တဲ့ စာအုပ်တစ်အုပ်ကို ကျွန်တော်လည်း မတွေ့ဖူးသေးဘူး…။ အဲ.. ပြောင်းသလိုလို စိတ်ရူးပေါက်ဖူးတာတော့ ရှိတာပေါ့လေ..။ သိတဲ့အတိုင်း အချိန်တန်တော့ သွေးအေးသွားတာပါပဲ…။ ကိုယ်စိတ်ဝင်စားတဲ့ အကြောင်းအရာစာအုပ်လေးတွေတော့ ဖတ်ဖြစ်ပါတယ်။ တကယ်တော့ ကိုယ်ပိုင်ယူဆချက်တွေ ရှိမှပဲ တိုးတက်တာတွေ ဘာတွေက ရှိလာမှာမဟုတ်လား။ အစ်ကိုရေးထားတဲ့အချက်အလက်အားလုံးလိုလို ကျွန်တော့်သဘောထားနဲ့ ကိုက်ညီပါတယ်…။

  • စာအုပ်ဖတ်တာလောက် နှစ်သက်စရာကောင်းတဲ့အလုပ် ကမ္ဘာပေါ်မှာမရှိဘူးနော်

  • ချစ်သူမရှိသေးလိုနေလိမ့်မယ်…. နောက်များ ချစ်ရသူတွေ့သွားရင် လက်တွေ့ဘဝမှာ ဖြစ်နိုင်ပါ့မလား?
    ဝါသနာထက်…လွမ်းရေးခက်ဆိုတာမျိုးဖြစ်နေပါအုံးမယ်။