အလုပ်တိုင်းကို ကံလို့ ခေါ်သင့်ပါသလား

ကံဆိုတာနဲ့ပတ်သက်လို့ လူပြောများတဲ့ စကားတစ်ခုရှိပါတယ်။ “ကံဆိုတာ အလုပ်၊ အလုပ်ဆိုတာကံ”တဲ့။ ရုတ်တရက်ဆိုတော့ ဟုတ်သလိုလိုရှိသား၊ သေချာစဉ်းစားကြည့်ရင်တော့ ဒါဟာ အမှန်နဲ့ လွဲနေပါတယ်။ ကျွန်တော်တို့ ဗုဒ္ဓမြတ်စွာဘုရားရဲ့ အလိုအရ အလုပ်တိုင်းကို “ကံ”လို့ မဆိုနိုင်ပါဘူး၊ စေတနာပါတဲ့ အလုပ်မျိုးမှသာ ကံမြောက်ပါတယ်၊ စေတနာမပါရင် “ကံ” မမြောက်ပါဘူးတဲ့။

ဟုတ်တယ်၊ တစ်ခါတရံမှာ အလုပ်နဲ့စေတနာဟာ တစ်ထပ်တည်းမကျ တာတွေ ရှိတတ်ပါတယ်။ ကံကို ဆုံးဖြတ်ရာမှာ အလုပ်ကိုကြည့်ပြီး ဆုံးဖြတ်လို့မရဘူး၊ စေတနာနဲ့ ရည်ရွယ်ချက်ကို ကြည့်ပြီးမှ ဆုံးဖြတ်သင့်ပါတယ် ။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဖတ်ဖူးတဲ့ အဖြစ်အပျက်လေးတစ်ခုကို ပြောပြချင်ပါတယ်။

ပြီးခဲ့တဲ့ နာဂစ်မုန်တိုင်းပြီးနောက်မှာပေါ့၊ ရွာလေးတစ်ရွာမှာ၊ အိမ်ခြေငါးဆယ်လောက်ပဲ ရှိတဲ့ရွာလေးမှာပေါ့။ အဲဒီရွာမှာ ဘာမပျက်စီးပဲ အကောင်းအတိုင်း ကျန်နေတာဆိုလို့ အုပ်နံကပ်နဲ့ အခိုင်အမာဆောက်ထားတဲ့ ဆန်ဆိုင် တစ်ဆိုင်ပဲကျန်သတဲ့။ ကျန်တဲ့လူတွေမှာတော့ အားလုံးပျက်စီးဆုံးရှုံးကုန်ကြလို့ စားစရာလည်းမရှိ၊ ဝယ်စရာလည်းမရှိ၊ ဆာလောင်နေတဲ့ ခလေးတွေလည်း အော်ဟစ်ငိုယိုနေကြတာပေါ့။ အဲဒီချိန်မှာ ရွာထဲက တံငါသည်တစ်ယောက်က သူ့မှာရှိတဲ့ ပိုက်ကွန်လေး ယူပြီး ငါးရှာထွက်တယ်၊ ငါးတွေရလာတော့ ရွာသားတွေကို ချက်စားဖို့ ပေးလှူ ကူညီပါတယ်။ ဟင်းစားရသွားတဲ့ ရွာသားတွေဟာ ထမင်းချက်စရာ ဆန်ဝယ်ဖို့ ရှိစုမဲ့စုလေးတွေ ဝိုင်းစုပြီး ဆန်ဆိုင်ကိုသွားကြတယ်။ ဒီရွာမှာ ဒီဆန်ဆိုင်ကလွဲလို့ တစ်ခြားဆိုင်လည်း မရှိဘူး။ အဲဒီမှာ ဆန်ဆိုင်ရှင်က အရင်က တစ်ပြည်ကို ငါးရာလောက်တန်တဲ့ဆန်ကို တစ်ထောင့်ငါးရာ ဈေးပေးမှ ရောင်းမယ်ဆိုပြီး အကျပ်ကိုင်ပါလေရော၊ ဆာလောင်နေကြ တော့လည်း တောင်းသမျှ ပေးပြီး ဝယ်စားရကြပါသတဲ့။ အဖြစ်အပျက်လေးကတော့ ဒါပါပဲ။

ဒါပေမယ့် စဉ်းစားစရာတွေ ကျန်ခဲ့ပါတယ်၊ တံငါသည်နဲ့ ဆန်ကုန်သည် ဘယ်သူက ကောင်းမှုလုပ်သူဖြစ်ပြီး ဘယ်သူက မကောင်းမှုလုပ်သူ ဖြစ်မလဲ။ တံငါသည်ကို ငါးဖမ်းတာတစ်ခုတည်းကို ကြည့်ပြီး မကောင်းမှုလုပ်သူလို့ ဆုံးဖြတ်မလား…။

ပုထုဇဉ်ဆိုတာ ကောင်းတာနဲ့ မကောင်းတာကို အရောရော အနှောနှောလုပ်လေ့ရှိပါတယ်၊ ဒီနှစ်မျိုးထဲက “ရေများရေနိုင်၊ မီးများမီးနိုင်” ဆိုသလို အပြုများတဲ့ကံက အနိုင်ရတာပေါ့။

တံငါသည်နဲ့ ဆန်ကုန်သည်တို့အကြောင်း ဆက်စဉ်းစားကြည့်ရအောင်၊ တံငါသည်ဟာ ငါးရှာမသွားခင် သူ့စိတ်မှာ ဒုက္ခရောက်နေတဲ့ ဘဝတူတွေကို စွမ်းနိုင်ရာက ကူညီလိုတဲ့စိတ်တွေ ဖြစ်နေမှာ သေချာတယ်၊ ငါးကိုရှာဖွေဖမ်းဆီး နေချိန်မှာတော့ ငါးတွေသေစေလိုတဲ့ စိတ် စေတနာတွေ ဖြစ်ကောင်းဖြစ်နေမယ်၊ အဲ..ငါးရပြီဆိုတော့ သူ့စိတ်တွေဟာ ဘဝတူတွေကို ကူညီခွင့်ရပြီ ဆိုတဲ့ ကောင်းတဲ့စိတ်တွေပဲ ဖြစ်နေမှာပေါ့။

ဆန်ကုန်သည်ရဲ့ စိတ်ထားကိုလည်း မှန်းကြည့်ရအောင်၊ “သူများတွေ အကျပ်ရိုက်လေ၊ ငါ့အကွက် ဆိုက်လေ”ဆိုတဲ့ စိတ်ထားဟာ မိုးလင်းကနေ မိုးချုပ်ထိပဲ မဟုတ်လား။ ဒါဆိုရင် ဆန်ကုန်သည်နဲ့ တံငါသည် ဘယ်သူက ကောင်းမှုပိုများသလဲ၊ ဘယ်သူက မကောင်းမှုပိုများသလဲ။ ခင်ဗျားနေတဲ့ရွာ (ဒါမှမဟုတ်) ခင်ဗျားနေတဲ့ ရပ်ကွက်မှာဆိုရင် ဘယ်လိုလူမျိုးကို ပိုပြီးရှိနေစေချင်မလဲ။

တစ်ခုသတိပြုရမှာက “တံငါသည် အလုပ်က ကောင်းမှုဖြစ်တယ်၊ ဆန်ကုန်သည် အလုပ်က မကောင်းမှု ဖြစ်တယ်”လို့ ဆိုလိုတာ မဟုတ်ဘူး၊ တစ်နေ့တာအတွင်း ဘယ်လိုလူမျိုးတွေမှာ ဘယ်လိုစိတ်တွေ များနေ၊ နည်းနေမယ်ဆိုတာ နှိုင်းယှဉ်စဉ်းစားကြည့်ဖို့ပါ၊ ကျွန်တော်တို့တွေဟာ လူတွေရဲ့ ပြင်ပလုပ်ရပ် တစ်ခုတည်းကို ကြည့်ပြီး ရုတ်တရက် ကောက်ချက်ဆွဲတတ်ပါတယ်။ သူတို့တွေရဲ့ အတွင်းစိတ် စေတနာကို မြင်အောင် ကြည့်တတ် ဖို့လည်း လိုအပ်ပါသေးတယ်။

မှတ်ချက်။ ။ ဓမ္မဘေရီ အရှင်ဝီရိယ၏ “ရွှေခိုးတဲ့ပန်းထိမ်နဲ့ ရေမထိုးတဲ့တံငါ” ဆောင်းပါးမှ ထုတ်နုတ်ရေးသားပါသည်။

  • nyiminkha ရေ… ခင်ဗျာ့ပို့ကို ဖတ်နေရင်နဲ့ အရင်တုန်းက ဖတ်ဖူးတာလေးကို သတိရလို့ ပြန်ပြောပြချင်ပါတယ်။ အခုပြောမှာက မှတ်မိတာကို မှတ်မိတဲ့အတိုင်းပဲ ပြောပြလိုက်တာပါ။ စာအုပ်ထဲက ကူးပြီးရေးတာမဟုတ်လို့ စကားလုံးလေးတွေမှားရင်လဲ ခွင့်လွှတ်မယ်လို့ထင်ပါတယ်။ အဲဒါကတော့ …..
    ဗုဒ္ဓမြတ်စွာ ဂေါတမဘုရားရှင် လက်ထက်အခါက စက္ကုပါလ မထေရ်ကြီး အကြောင်းပါပဲ…. အဲဒီအကြောင်းကို နောက်မှပဲ စိတ်မီးအိမ်မှာရေးခါမှ link လုပ်လိုက်မယ်ဗျာ…