၃၁၊ ဒီဇင်ဘာ၊ ၂၀၁၆

ဘဝတစ်လျှောက်လုံးမှာ လွမ်းစရာကောင်းလောက်တဲ့ နာကျင်စရာတွေ မရှိခဲ့သလို၊ နာကျင်စရာကောင်းလောက်တဲ့ လွမ်းမောစရာမျိုးတွေလည်း မရှိခဲ့ဘူးလို့ ခံယူထားတယ်။ အချိန်နဲ့အတူ အရာရာကို အလွယ်တကူ မေ့ပစ်ထားတတ်တာကြောင့်လည်း ဖြစ်ကောင်း ဖြစ်နိုင်တယ်။ စိတ်ရဲ့ အတွင်းပိုင်းမှာ ငုတ်နေတဲ့ ခံစားချက်မျိုးအထိတော့ ခုချိန်မှာ ပြောလိုစိတ် မရှိသေးတာ အသေအချာပဲ။

ဒီနှစ်အတွင်း မန္တလေးကနေ တခြားမြို့မကျ တောမကျရွာလေးမှာ နေထိုင်ဖြစ်တာကလွဲလို့ ဘာမှထူးထူးခြားခြား ပြောင်းလဲလာတယ်လို့ မခံစားရဘူး၊ coding ပိုင်းတွေ ဆက်မလေ့လာဖြစ်ဘူး၊ တခြား သုတ/ရသစာတွေ မဖတ်ဖြစ်ဘူး၊ ဂစ်တာ (ကောင်းကောင်း)မတီးဖြစ်ဘူး၊ (ထုံးစံအတိုင်း) ဘလော့ဂ်ပို့စ်တွေ မရေးဖြစ်ဘူး၊ အလုပ်အကိုင်လည်း ဟုတ်ဟုတ်ညားညား မရှိ၊ ဒီလိုနဲ့ပဲ အချိန်တော်တော်များများ ပျင်းရိ၊ ငြီးငွေ့၊ ခြောက်ကပ်စွာ အသက်ကို ဆွဲဆန့်လာခဲ့တယ်၊ တစ်ခါတရံမှာ စိုးရိမ်မှု၊ သံသယဖြစ်မှုတွေပါ ဝိုင်းဝန်းခြောက်လှန့်ကြ၊ ဒီလိုအခါမျိုးတွေဆို သေခြင်းတရားကို လိုလိုလားလား လက်ခံချင်လာမိတာတွေ ပြန်အမှတ်ရနေတယ်။

အရင်က New Year ညတစ်ချို့မှာ အသေအချာ ပျော်ရွှင်ခဲ့ဖူးသလား၊ မသေချာပါ၊ အခုညကတော့ လွန်ခဲ့တဲ့ နှစ်တွေနဲ့ မတူတဲ့ နေရာ၊ ဘယ်ကိုကြည့်ကြည့် တောင်တွေကို ပထမဆုံး သတိထားမိရမယ့် နေရာ​၊ ဆောင်းတစ်တွင်းလုံး မနက်ခင်းတိုင်း နှင်းနဲ့မြူတွေ ထူထူထဲထဲကျရောက်နေလေ့ရှိတယ်၊ အဲဒီနေရာမှာ ကိုယ်ရောက်နေပြီး ဒီစာကို ရေးနေမိပါရဲ့။

လာမယ့်နှစ် ဒီလိုရက်စွဲမှာ ကိုယ့်အသက်နဲ့ ခန္ဓာ ဆက်လက်ရှိနေနိုင်ပါဦးမလား ဒါလည်း မသေချာ၊ အသက်ရှိနေရင် ဘယ်နေရာမှာ ဘာတွေလုပ်နေမလဲဆိုတာလည်း မသေချာ၊ ဒီလို မသေချာမှုတွေကိုပဲ စောင့်ကြည့်ခွင့်လေးတော့ ရှိနေချင်သေးတဲ့ ဆန္ဒနဲ့ ဒီပို့စ်ကို တင်တယ်။