ဒိုင်ယာရီ ၁

စာမရေးဖြစ်တာ တစ်နှစ်ကျော်သွားပြီ၊ တိုက်တိုက်ဆိုင်ဆိုင် ဖုန်းဘေလ် ငါးထောင်ကုန်တိုင်း ပို့စ်တစ်ပုဒ်ရေးမယ် လို့ ဆုံးဖြတ်လိုက်တယ်လို့ ပြောပြီးတဲ့ နောက်မှာပဲ လုံးဝမရေးဖြစ်ပဲ တစ်နှစ်ကျော်ကြာသွားတယ်၊ မရေးဖြစ်တဲ့ အကြောင်းတွေကတော့ အများကြီးပေါ့ဗျာ၊ ကျန်းမာရေးကအစ အများကြီးလို့ ပြောလို့ရပါတယ်၊ ကျန်းမာရေး သိပ်မကောင်းတော့ စိတ်ဓာတ်တွေက အပိုင်းပိုင်းကျ၊ ဦးနှောက်တွေက မကြည်မလင်နဲ့ ဘာကိုမှ မလုပ်ချင် မကိုင်ချင် ဖြစ်နေတာပေါ့၊ ဒီလိုနဲ့ ဟိုလိုလို ဒီလိုလိုနဲ့ပဲ နှစ်တစ်နှစ်ကုန်ဆုံးသွားတယ် ဆိုပါတော့။

ခုနောက်ပိုင်း စာတွေလည်း သိပ်မဖတ်ဖြစ်တော့ ပိုဆိုးတယ်၊ စာမဖတ်ဖြစ်လေ စာဆိုတာနဲ့ဝေးလေ ဖြစ်လာတယ်၊ စာနဲ့ ဝေးတာကြာတော့ အသိဥာဏ်ဟာ သေဆုံးသွားပြီး၊ တစ်နေ့တစ်ခြား ပိုပိုတုံးလာတယ်လို့ ခံစားလာရတယ်၊ ဘယ်သူပါလိမ့် ပြောထားတာ၊ ပျော်ရွှင်တတ်တဲ့ သူက သူ့မှာရှိတဲ့ အရည်အချင်းတွေကို တွေးတွေးပြီး ပျော်တတ်တယ်၊ မပျော်ရွှင်တတ်တဲ့သူက ကိုယ့်မှာ မရှိတာတွေ တွေးပြီး မပျော်မရွှင် ဖြစ်နေတတ်တယ် ဆိုလား၊ ဟုတ်ကဲ့ ကျွန်တော်က ဒုတိယ အမျိုးအစားဖြစ်ပါတယ်၊ ဒီတော့ ကျွန်တော်ဟာ ဘယ်တော့မှ ကောင်းကောင်း ပျော်ရွှင်တတ်တဲ့ လူမျိုး ဖြစ်လာမယ် မထင်ဘူး၊ ထားပါတော့။ တကယ်တော့ ဟိုလိုလို ဒီလိုလိုနဲ့ တစ်နှစ်ကုန်သွားတယ် ဆိုပေမယ့် coding လေးတွေတော့ ရေးဖြစ်ပါတယ်၊ coding ဆိုလို့ သိပ်လည်း အထင်ကြီး မနေနဲ့ဦး၊ ခုထိ အခြေခံအဆင့်က တက်နိုင်သေးတာ မဟုတ်ဘူးရယ်၊ တစ်နေ့ တစ်နေ့ ကိုယ်နိုင်သလောက်တော့ လေ့လာနေတာပဲ၊ ခုနောက်ပိုင်း သူများတွေ ubuntu နဲ့ ပြောကြလွန်းလို့ ကျွန်တော်လည်း ubuntu နဲ့ နှစ်ပါးသွားနေတယ်၊ ဒါကိုလည်း (အနည်းဆုံး ကိုယ့်ပတ်ဝန်းကျင်မှာတော့) ငါကွလို့ ပြောမယ်ဆို ပြောလို့ရတာပေါ့၊ ဒါပေမယ့် သူများတွေက ကိုယ့်ရှေ့ ဟိုးအဝေးကြီးမှာဆိုတာ သိနေတော့လည်း မာနက တက်လို့ မရပြန်ဘူး၊ ပတ်ဝန်းကျင်က လူတွေဆိုတာကလည်း ကွန်ပျူတာဆိုတာ အားလုံးအတူတူလို့ ထင်နေတာမျိုး၊ ကျွန်တော်က ubuntu လေးတင်ပြီး software update လေးလုပ်နေတာကို ဖေ့ဘွတ်သုံးဖို့ လုပ်နေတာလားလို့ လာမေးတတ်တဲ့ သူမျိုးတွေရယ်၊ ဒါကိုလည်း ထားလိုက်ပါစို့လေ။

အရင်က ပေါင်းဖြစ်ခဲ့တဲ့ သူငယ်ချင်းတစ်ချို့နဲ့ ပြန်တွေ့တဲ့အခါ ပြောစရာစကားတွေ သိပ်မရှိတော့ သလိုပဲ၊ လမ်းတွေ မတူကြတော့သလို၊ ငယ်ရွယ်တုန်းကလို စိတ်ကူးယဉ်တွေ ပြောပြီး ပျော်ရွှင်နေဖို့ အချိန်ကလည်း မဟုတ်တော့ဘူးလေ၊ တစ်ချို့တွေက အဖွဲ့အစည်းတွေ ဘာတွေနဲ့ ချိတ်ဆက်ပြီး လုပ်နေကြတယ်၊ တစ်ချို့လည်း တော်တော် အောင်မြင်နေပြီ၊ တစ်ချို့ကတော့ ကြိုးစားတုန်း၊ တစ်ချို့လည်း အိမ်ထောင်တွေ ဘာတွေကျလို့၊ ကျွန်တော်တစ်ယောက်ထဲ တစ်နေရာမှာ ရပ်ကျန်နေခဲ့သလိုပဲ၊ ဒါပေမယ့် ကျွန်တော့်အထွာနဲ့ ကျွန်တော် တဖြေးဖြေးနဲ့တော့ ရွေ့နေတယ်လို့ ယူဆထားရပါတယ်၊ အားလုံးကို ကိုယ့်အကြောင်းနဲ့ ကိုယ်ပဲလို့ သဘောထားလိုက်ပါတယ်၊ ဒီလိုပါပဲ လူဆိုတာ သူတောင်းစားက အစ သမ္မတအဆုံး ရုန်းကန်နေရသူချည်းပဲ မဟုတ်လား၊ မျှော်လင့်ချက် ကြီးကြီးမားမား ထားနိုင်သူလည်း ထားကြပေါ့၊ သေးသေးလေးပဲ ထားနိုင်သူလည်း သေးသေးလေး ထားကြပေါ့၊ လူဆိုတဲ့ သတ္တဝါဟာ တစ်ရက်အသက်ရှင်သေးရင် တစ်ရက်စာတော့ အနည်းဆုံး မျှော်လင့်နေကြမှာချည်းပဲ၊ ကျွန်တော်လည်း ကိုယ့်ပြဿနာနဲ့ကိုယ်ဆိုတော့ သူများအကြောင်းလည်း အပိုလုပ်ပြီး သိပ်မပြောချင်တော့ပါဘူးလေ။

facebook ပေါ်က ကျွန်တော့် ဖရန့်တွေထဲမှာ တစ်ချိန်က နာမည်ကြီး blogger တွေ ရှိတယ်၊ သီချင်းရေးဆရာတွေ ရှိတယ်၊ ကဗျာဆရာတွေ ရှိတယ်၊ ဒီဇိုင်နာ ရှိတယ်၊ (ဘာသာရေးသမား သက်သက်နဲ့ နိုင်ငံရေးသမား သက်သက် မရှိ) နောက် နည်းပညာပိုင်းမှာ ထဲထဲဝင်ဝင် နားလည်တဲ့ ဆရာတွေရှိတယ်၊ လူငယ်တွေ ရှိတယ်၊ သူတို့အားလုံး သူတို့လမ်းနဲ့ သူတို့ တော်ကြတယ်လို့ ကျွန်တော် ထင်တယ်၊ ဒါပေမယ့် သူတို့ အတွေးအမြင်လေးတွေကို တစ်ခါတစ်ရံ Like လုပ်ဖြစ်တာက လွဲလို့ မှတ်ချက်တော့ မရေးဖြစ်သလောက်ပဲ၊ ပြောချင်တာက သူတို့ အားလုံးဟာ ကိုယ်က ဘာလဲဆိုတာကို အများလက်ခံနိုင်အောင် ချပြနိုင်စွမ်းရှိသူတွေပါ၊ သူတို့နဲ့ ယှဉ်ပြီး မကြာခဏ ကျွန်တော့်ဘာသာ ပြန်သုံးသပ်မိပေမယ့် ကျွန်တော်ဘာလဲဆိုတာ ခုထိ မသိသေးဘူး၊ ကျွန်တော်က ကဗျာ သီချင်း စာပေ စတဲ့ အနုပညာနဲ့ ပတ်သက်တာတွေလည်း ခံစားမိရင် နက်နက်ရှိုင်းရှိုင်း၊ ဒါပေမယ့် ဖန်တီးဖို့ကျတော့ ဖြစ်ဖြစ်မြောက်မြောက် တစ်ခုမှ မဖြစ်ဘူး၊ ခေတ်ပေါ် နည်းပညာတွေ ဆိုတာကိုလည်း အသုံးချရုံဆိုတာထက် ပိုပြီး စိတ်ဝင်စားနေပြန်တယ်၊ ထဲထဲဝင်ဝင် လိုက်နိုင်သလား ဆိုတော့လည်း မလိုက်နိုင်ဘူးလို့ ဖြေရမယ့် အခြေအနေ၊ အများထက် နည်းနည်းပိုသိတယ် ဆိုတာလောက်ပဲ၊ ကျွန်တော့် ဆိုက်နဲ့ပတ်သက်ပြီး တစ်ခါက ဆော့ဖ်ဝဲလ်တွေ share လုပ်တဲ့ မောင်ပေါက်ဆိုတဲ့ အစ်ကိုတစ်ယောက်နဲ့ ဂျီတော့ပေါ်မှာ ပြောဖူးတယ်၊ ကျွန်တော်က မေးလိုက်တယ်၊ ကျွန်တော့်ဆိုက်ကို ဘယ်လိုမြင်လဲ ဝေဖန်ပေးပါဦးဗျာလို့၊ ဒီတော့ သူက ဘာပြောလဲဆိုတော့ အစ်ကို့ဆိုက်က ကြည့်လိုက်တာနဲ့ ဘာဆိုက်မှန်း မသိရဘူး၊ ရသလို စာအရေးအသားတွေနဲ့ ကဗျာတွေလည်း တွေ့ရတယ်၊ နောက်ပြီး နည်းပညာတွေလည်း တွေ့ရတယ်၊ ဘာအတွက် လုပ်ထားတဲ့ ဆိုက်ဆိုတာ မသဲကွဲပဲ၊ ရည်ရွယ်ချက် တိတိပပမရှိပဲ လုပ်ထားတဲ့ ဆိုက်တစ်ခုလို ဖြစ်နေတယ်တဲ့။ သူပြောတာလည်း မှန်တော့ မှန်နေတာပဲ၊ ကျွန်တော့်ဘာသာလည်း သိနေတာပဲ၊ ဒါပေမယ့်…. အဲဒီ ဒါပေမယ့်က တော်တော် ခက်တယ်ဗျာ။

ကဲ စိတ်ကူးတည့်ရာ လျှောက်ရေးနေတာ အတန်အသင့် ရှည်တဲ့ စာလေးတစ်ပုဒ်လောက်တော့ ရှိပြီပေါ့၊ ဒီစာကို ဖတ်တဲ့သူ တစ်ယောက်စ နှစ်ယောက်စ ရှိမယ်ဆိုရင်တော့ ကျေးဇူးအထူးတင်ပါတယ် လို့ပဲ ပြောပါရစေ၊ တဖြေးဖြေးနဲ့တော့ စာလေးတွေ ကြိုးစားတင်ဖြစ်နေဦးမှာပါ၊ ဘယ်သူမှ ဖတ်သူမရှိလဲ စိတ်အဆာပြေဖို့ရယ် လို့ပဲ သဘောထားရတာပေါ့။