စာတကယ်ဖတ်ကြပါရဲ့လား

တစ်နေ့က ကျွန်တော် ဇွန်လထုတ် ကလျာမဂ္ဂဇင်းစာအုပ် ငှားဖတ်ဖြစ်ပါတယ်၊ အဲဒီစာအုပ်မှာ ဆရာ အတ္တကျော်က “စိတ်မျက်စိကို ဖွင့်ရအောင်” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆောင်းပါးတစ်ပုဒ် ရေးထားတာ ဖတ်ရလို့ ဒီ post ကို ရေးဖြစ်သွားတာပါ၊ ကျွန်တော့်သဘာဝ အရတော့ သူများမကောင်းကြောင်း အပြစ်ရှာပြောရမှာ တော်တော်လေး ပျင်းရိတတ်ပါတယ်။ အခုဟာက ရင်ထဲမှာ အရမ်းခံစားရလွန်းလို့ပဲ ဆိုပါတော့။

ဆောင်းပါးရဲ့ အစမှာ လူငယ်လက်သစ် စာနယ်ဇင်းဆရာမလေး တစ်ယောက်က လူငယ်တွေ စာဖတ်ဖို့ကို အခါအားလျော်စွာ တိုက်တွန်းတတ်တဲ့ ဆရာလူထုစိန်ဝင်းကို အပြစ်တင်တဲ့အနေနဲ့ “ကျွန်မတို့ နေ့တိုင်း အင်တာနက် မှာ ဖတ်နေတဲ့စာတွေကို ဒီဆရာက ဖတ်ဖူး၊ မြင်ဖူးလို့လား” လို့ ကွယ်ရာမှာ ပြောသတဲ့။ ဆောင်းပါးရှင် ဆရာကတော့ “ညည်း အင်္ဂလိပ်စာ ဘယ်လောက်များ တတ်လို့လဲဟင်” လို့ မေးချင်ပါတယ် တဲ့။ ကျွန်တော်သာဆိုရင်တော့ “မင်း အင်တာနက်မှာ ဖတ်တယ်ဆိုတဲ့ စာတွေက gtalk က စာတွေလားလို့ ခပ်နာနာလေး မေးမိမယ် ထင်ပါတယ်။ အင်တာနက်ဆိုတာကို အခုမှမြင်ဖူးတာနဲ့ မူးကိုမြစ်ထင်၊ ငါသိ ငါတတ်ဆိုတဲ့ မာန်နဲ့ သွေးနားထင် ရောက်ပြီး ရူးသွားလို့  ဒီစကားမျိုး ပြောထွက်တာလား မသိပါဘူး။

ကျွန်တော်တို့ နိုင်ငံမှာ အင်တာနက်သုံးတာ ဘယ်လောက်များ အဆင့်မြင့်နေကြပြီလဲ၊ အွန်လိုင်းကနေ ဘာပညာတွေများ သင်ယူနေကြသလဲ၊ online exam တွေ ဘယ်နှစ်ယောက်များ ဖြေဆိုနေကြသလဲ၊ credit card တွေရော ဘယ်နှစ်ယောက်များ အသုံးပြုနေကြပြီလဲ၊ ပြန်စဉ်းစားရင် သိနိုင်ပါတယ်။

လူတွေဟာ နေရာလေး တစ်နေရာရတာနဲ့ ဘာမှမစဉ်းစားတော့ပဲ ပြောချင်ရာပြော လုပ်ချင်ရာလုပ်လို့ ရပြီလို့များ မှတ်နေကြသလား မသိပါဘူး။ ၂၁ရာစုလူငယ် တစ်ယောက်မှာ အခုလို အောက်တန်းကျတဲ့ အတွေးအခေါ် တွေ ရှိနေတာ ကျွန်တော် အရမ်းပဲ ရင်နာမိပါတယ်။ အဲဒီ စာနယ်ဇင်းဆရာမ ပြောတဲ့စကားအရ သူဟာ စာတကယ် ဖတ်သူ မဟုတ်ဘူးဆိုတာ သိသာပါတယ်၊ အင်တာနက်ကို အကျိုးရှိစွာ အသုံးပြုနေသူတွေ၊ နည်းပညာတွေ ဝေမျှပေးနေသူတွေ၊ သုတ ရသစာပေတွေ ရှာဖွေ ဖတ်ရှု လေ့လာ ရေးသားနေသူတွေဟာ သူ့လိုမျိုး အတွေးအခေါ် ခေါင်းပါးလိမ့်မယ်လို့ ကျွန်တော် မထင်လို့ ပါပဲ။ ဒီလိုမျိုး အပြောအဆိုတွေ ကျွန်တော် မသိနိုင်တဲ့ နေရာတွေမှာ ဘယ်လောက်များ ရှိနေမလဲ၊ တစ်ချို့တွေဆို ကိုယ့်မိဘတွေကိုတောင် ကိုယ့်လောက်မသိဘူးလို့ ပြောနေကြတာ ကြားရပါတယ်။ တကယ်တော့ မြန်မာနိုင်ငံရဲ့ အင်တာနက်အသုံးပြုသူ အများစုဟာ အပျော်သဘော social အဆင့်ကနေ မတက်ပါဘူး၊ သူများတွေပြောတာ ကြားဖူးတာနဲ့ အင်တာနက်ဆိုတာ သတင်းတွေ၊ နည်းပညာတွေ၊ ဆေးပညာတွေ၊ သုတတွေ၊ ရသတွေ တစ်ထိုင်တည်း ရနိုင်တဲ့နေရာ ဘာညာနဲ့ အော်နေကြရုံ သက်သက်ပါပဲ၊ ကိုယ်ပိုင်အင်္ဂလိပ်စာနဲ့ သတင်းတွေ နည်းပညာတွေ သုတရသတွေ ဖတ်ရှုလေ့လာဖို့ နေနေသာသာ နားလည်တဲ့ သူတွေ မြန်မာလို ရေးပေးထားတာတွေတောင်မှ ရှာဖတ်ရကောင်းမှန်း မသိကြပါဘူး၊ ဝမ်းနည်းစရာပါပဲ။

အင်တာနက်သုံးတာဟာ အနည်းဆုံးတော့ အချိန်နဲ့ ပိုက်ဆံတော့ ကုန်သေးတယ် ဆိုတာ လူတိုင်းသိကြမှာပါ၊ အလကားမရတာချင်း အတူတူ အကျိုးရှိမယ့် တစ်စုံတစ်ခုကို ရှာဖွေလုပ်ဆောင်ရင်း ကိုယ်နဲ့ ကိုယ့်ပတ်ဝန်းကျင် ကောင်းအောင် တည်ဆောက်ကြရင် မကောင်းဘူးလားဗျာ၊ အင်တာနက် သုံးတတ်တယ်ဆိုပြီး ဟိုစာနယ်ဇင်း ဆရာမလို စိတ်ကြီးဝင်တဲ့ ရောဂါနဲ့ ကယောင်ခြောက်ခြား လျှောက်ပြောတာမျိုးတော့ မကောင်းဘူးလို့ ထင်ပါတယ်။

  • naymoewai

    ကိုညီမင်းခရေ
    အဲဒီလိုမျိုးတွေ မြင်ရကြားရတာ တကယ်ပဲ စိတ်ပျက်စရာ ကောင်းလှပါတယ်။ကျွန်တော်တို့ဆီက မီဒီယာတော်တော်များများ မှာရှိတဲ့ ဝန်ထမ်းေတော်တော်များများက စိတ်ပါလိုပ်လုပ်တဲ့လူတွေထက် အလုပ်ရ လခရ ပြီးရောဆိုတဲ့ လူတွေများတယ်လို့ သိမှတ်ရဖူးပါတယ်။ဆရာလူထုစိန်ဝင်းဆိုတာကထော့ စာနယ်ဇင်းနဲ့ ပတ်သတ်ရင် ရှေ့မီေနောဆရာတစ်ဆူပဲ။ စာပေအယူအဆတစ်ချို့ မှာ သဘောထားကွဲလွဲပေမဲ့ လူငယ်တွေအပေါ်ထားတဲ့ဆရာ့ စေတနာက အသိသာကြီးပါ။အဲဒီလိုလူမျိုးတွေကို အချိန်အကုန်ခံပြီးရေးနေရတာကို က ကိုညီမင်းတို့ ဆိုရာဆူဒိုနငိတို့ အတွက်တန်ရဲ့လားလို့ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။

  • နေ့အိပ်မက်လည်း စာမဖတ်တဲ့လူငယ်တချို့ကို တော်တော်စိတ်ပျက်ပါတယ်.. ဒါပေမဲ့ စာဖတ်ပြီး တကယ်တော်တဲ့ မြန်မာလူငယ်တွေလည်း မနည်းမနောရှိနေတာပဲလေ.. ဘာပဲဖြစ်ဖြစ်နှစ်ဖက်မျှတွေးတာ ကောင်းပါတယ်…. လူငယ်အများစု အင်တာနက်ကိုဖျော်ဖြေရေးအဖြစ်သုံးနေကြတာ၊ အကြွေးဝယ်ကတ်မသုံးနိုင်တာတွေက ပတ်ဝန်းကျင်အခြေအနေကြောင့်ပါ… အထောက်အကူအလျှံအပယ်ရနေတဲ့ အမေရိကားလိုနိုင်ငံမျိုးမှာတောင် ဖျော်ဖြေရေးသက်သက်သုံးတဲ့သူတွေ ရှိနေသေးတာပဲဟာ.. အင်တာနက်ကို ဖျော်ဖြေရေးအတွက်သုံးတာဟာ မြန်မာပြည်မှာ အင်တာနက်စသင်တဲ့သဘောတောင် ဖြစ်နေပြီလေ…. ဒီတော့ အဲဒီအမျိုးသမီးလိုလူမျိုးတွေကို ဘယ်လိုမျိုးပညာပေးရင်ကောင်းမလဲဆိုပြီး စဉ်းစားပြီး မျှဝေပေးတာက ပိုကောင်းမယ်ထင်ပါတယ်… နေ့အိပ်မက်အမြင်ကိုပြောတာပါ…

  • ကျွန်တော်မြင်တာပြောရရင်တော့ ညီမင်းခ မှန်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ကြုံဖူးပေါင်း များနေပြီ။ အထူးသဖြင့် မိန်းကလေး ငယ်လေးတွေ ပြောတာ တော်တော်များသဗျာ၊ ကိုညီ ပြောသလိုပဲ ဂျီတော့ လောက်နဲ့တင် အာသာပြေနေတဲ့ ကလေးမလေးတွေပေါ့။

  • ဟုတ်ပါတယ်… အင်တာနက်သုံးတယ်ဆိုတာ အနည်းဆုံးတော့ အချိန်နဲ့ပိုက်ဆံကုန်ပါတယ် ။ အင်တာနက်ကို အကျိုးရှိစွာ အသုံးချနေပါတယ်… ခင်မင်လေးစားစွာဖြင့်…
    ကျန်းမာပျော်ရွှင်ပါစေ…

  • မှန်ပါ့ဗျာ………….

  • ကိုယ်ဖတ်တဲ့ စာရဲ့ တန်ဖိုးနဲ့လည်း ဆိုင်မယ် ထင်တယ်……..