အရက်မူးသမား လမ်းလျှောက်သလို

ပညာရှင်တစ်ချို့က ဘဝဆိုတာ အရက်မူးသမား လမ်းလျှောက်သလိုဟု တင်ပြလာကြသည်၊ စူးစမ်းကြည့် သင့်သည် ထင်သောကြောင့် ဆက်ဖတ်ကြည့်မိသည်၊ ဖတ်မိသည်ကို လက်တွေ့ ဘဝနှင့် ယှဉ်၍ တွေးကြည့်မိသည်။

ကျွန်တော်တို့က ဘဝတွင် ရည်မှန်းချက်များ၊ မျှော်လင့်ချက်များဖြင့် ဘဝကို စနစ်တကျ ပုံဖော်ဖို့ ကြိုးစား ကြသည်၊ တစ်ချို့ဆိုလျှင် မိမိကိုယ်ကို သာမက မိမိနှင့် ဆက်နွယ်သော သားသမီး၊ မိတ်ဆွေ စသည်တို့ အပေါ်တွင်ပါ ရည်မှန်း မျှော်လင့်ထားတတ်ကြသည်၊ လူသည် မျှော်လင့်တတ်သော သတ္တဝါဖြစ်၍ ဤကဲ့သို့ မျှော်လင့်ခြင်းမျိုးကို အဆိုးဟု မဆိုသာပေ၊ သို့သော် သဘာဝကိုကား နားလည် သဘောပေါက်ရန် လိုသည်၊ မျှော်လင့်သလို ဖြစ်မလာ သည့်အခါ စိတ်ဆင်းရဲမှုကို ထိန်းချုပ်နိုင်ရန် လိုသည်၊ ကျွန်တော်တို့ လက်တွေ့ဘဝတွင် ကျွန်တော်တို့ မျှော်လင့်ထား သလောက် ဘယ်သောအခါမှ ရာနှုန်းပြည့် မဖြစ်နိုင်ပေ၊ ကျွန်တော်တို့ ဖြတ်သန်းခဲ့ရသည့် ရက်၊ လ၊ နှစ်တစ်ချို့ကို ပြန်လှည့်ကြည့်မည် ဆိုပါက ကျွန်တော်တို့ ဘဝတွင် ရည်မှန်းချက်အတိုင်း တစ်သွေမတိမ်း ဖြစ်လာမှုထက်၊ ကြုံဆုံ လာသည့် ပြဿနာတို့ကို ကြုံသလို ကျပမ်းနည်းဖြင့် ဖြေရှင်းခဲ့ရသည့် အဖြစ်များကသာ စိုးမိုးနေသည်ကို တွေ့မြင် နိုင်ပါသည်၊ မကုန်ဆုံးချင်သော်လည်း အလိုလို ကုန်ဆုံးခဲ့ရသော နေ့ရက်တစ်ချို့ နှင့်အတူ၊ လွတ်မချချင်သော်လည်း လွတ်ချခဲ့ရသော မျှော်လင့်ချက်များလည်း ရှိပေမည်။ အသက်အရွယ် ငယ်ရွယ်စဉ်မှာ မျှော်လင့်ချက်တွေက ကြီးမား၍ အသက်အရွယ် ကြီးရင့်လာသည် နှင့်အမျှ မျှော်လင့်ချက်များက ငယ်ငယ်သွားသည်ဟု အဆိုတစ်ခု ရှိသည်။ မိမိကိုယ် ကို အမှန်မမြင်နိုင်သူ တစ်ချို့ကတော့ ထိုအဆိုကို ငြင်းပယ်မည် ဖြစ်သည်။

Continue Reading

လူသားနှင့် ပြဿနာ

ကျွန်တော်တို့ ဘဝတွင် အများဆုံး တွေ့ကြုံ့ရ၍ ကျွန်တော်တို့ မလိုချင်ဆုံးသော အရာကို ပြပါဆိုလျှင် အများစုက  “ပြဿနာများ” ဟု ဆိုကြမည် ထင်ပါသည်။ မှန်သည်၊ ကျွန်တော်တို့ မလိုချင်ဆုံးသော အရာများမှာ အဆင်မပြေမှုများနှင့် ပြဿနာများပင် ဖြစ်သည်။ သို့သော် ကျွန်တော်တို့တွင် ပြဿနာ လုံးဝမရှိသော နေ့ရက်ဟူ၍ တော်တော် ရှားရှားပါးပါး ဖြစ်လိမ့်မည် ထင်သည်။ လူသားသည် ပြဿနာနှင့်အတူ မွေးဖွားလာသည်ဟု ဆိုပါက လွန်အံ့မထင်။

ဤမျှ ပြဿနာပေါင်း သောင်းခြောက်ထောင်နှင့် နေ့စဉ်နီးပါး ကြုံတွေ့နေရသော်လည်း ပြဿနာ၏ အရင်းအမြစ်ကို သေချာစိစစ်၍ နောက်တစ်ကြိမ် ထပ်မဖြစ်အောင် ရှောင်ကြဉ်မည် ဆိုသော သူမျိုးကား မရှိသလောက်ပင် ဖြစ်သည်။ အာဂလူသားများပင်။ ထိုသို့ဖြင့် ပြဿနာပြီးရင်း ပြဿနာရင်းဖြင့် လုံးချာလိုက်နေတော့သည်။ ထိုသည်ကိုပင် ကျွန်တော်တို့က ဘဝဟူ၍ ခေါ်ဆိုကြလေသည်။

Continue Reading

တူညီသောလားရာ

လူသားနှင့် တိရစ္ဆာန်တို့၏ ခြားနားချက်မှာ လူသည် တိရစ္ဆာန်ထက် အသိဥာဏ်အရာ ပိုသာသောကြောင့်ဟု ပညာရှင် အများအပြား အတည်ပြုကြပြီး ဖြစ်သည်။ ကျွန်တော့်အနေဖြင့် ပြောရလျှင် လူသည် တိရစ္ဆာန်များကဲ့သို့  အိပ်၊ စား၊ ကာမမျှဖြင့် ဘဝကို မရောင့်ရဲ တတ်ခြင်းသည်ပင် လူနှင့် တိရစ္ဆာန်များ အကြား ကြီးစွာသော ခြားနားချက် ဖြစ်လာခဲ့သည်ဟု ဆိုချင်ပါသည်။

လူတို့သည် လက်ရှိအခြေအနေကို ကျေနပ်တင်းတိမ်နိုင်ခဲသော သတ္တဝါမျိုးဖြစ်သည်။ လက်ရှိအခြေအနေ ထက် ပိုကောင်းသော အရသာ၊ ပိုကောင်းသော အသုံးအဆောင်၊ ပိုကောင်းသော အနေအထိုင် စသည်တို့ကို ရှာဖွေ ဖန်တီး တည်ဆောက်ရင်းဖြင့် ခေတ်အဆက်ဆက်ကို ဖြတ်ကျော်လာခဲ့ကြသည်။ ထို ပိုကောင်းသော ဘဝကို ပိုင်ဆိုင်လိုသော လူသား၏ အာသီသကြောင့်ပင် ကျွန်တော်တို့ နေထိုင်သော ကမ႓ာကြီးသည် ယနေ့အချိန်တွင် ယနေ့ အခြေအနေသို့ ဆိုက်ရောက်နေရပေသည်။

Continue Reading

စာပေ၊ ဂီတနှင့် ကျွန်တော်

လိုအင်မှု နောက်သို့သာ လိုက်တတ်သည်မှာ လူသား၏ သဘာဝဓမ္မတာ ဖြစ်သည့်အလျောက် ကျွန်တော် သည်လည်း ကျွန်တော်၏ ဆာလောင်မှု လိုအင် နောက်သို့သာ အမြဲတစေ လိုက်ပါ၍ နေခဲ့သည်။

ကျွန်တော်၏ ဆာလောင်မှုကား ငွေကြေးမဟုတ်၊ မိန်းမတစ်ယောက်၏ ပေါ့ပျက်ပျက် အချစ်မဟုတ်၊ ဂုဏ်သတင်း ကျော်ကြားမှု မဟုတ်၊ ၂၁ ရာစု အများကြိုက် နည်းပညာ မဟုတ်၊ သမ္မတရာထူး မဟုတ်၊ ကျည်ကာ ဇိမ်ခံကားတစ်စီး မဟုတ်၊ ရန်ပွဲ မဟုတ်၊ အတင်းပြောခြင်း မဟုတ်၊ ဂလိုဘယ်လိုက်ဇေးရှင်း မဟုတ်၊ ခံစားမှုကို ဆာလောင်ခြင်း ဖြစ်သည်။ ကျွန်တော့် ခံစားမှုတို့၏ တည်ရာသည် မြင့်မြတ်သော ဂီတနှင့် နူးညံ့သော စာပေတို့ဖြစ်သည်။

Continue Reading

မြင်းလား ငန်းလား

ဘာလိုလိုနဲ့ ပို့စ်မရေးဖြစ်တာ ကြာသွားပြန်ပြီ၊ ဘာအကြောင်းရေးရင် ကောင်းမလဲ စဉ်းစားရင်းနဲ့ လျှောက်ရေး နေမိပေါ့။ သူငယ်ချင်းကတော့ အားပေးရှာပါတယ်။ “ညီမင်းခ၊ လုပ်စမ်းပါ၊ ပို့စ် ကောင်းကောင်းလေးတွေ ရေးစမ်းပါ” တဲ့။

ပို့စ် ကောင်းကောင်းဖြစ်အောင် ဘယ်လိုရေးရမလဲ၊ နည်းပညာအကြောင်း ရေးရအောင်လည်း ကိုယ်က ဘာမှဟုတ်တိပတ်တိ တတ်တာမဟုတ်ဘူး၊ ရသစာပေလိုမျိုးလည်း မရေးတတ်ဘူး၊ ဘာသာရေးအကြောင်းလည်း ရေးတဲ့လူကများ၊ ကျောင်းတုန်းက သူငယ်ချင်းတွေ အကြောင်း၊ ငယ်ရည်းစားအကြောင်းနဲ့ လက်ရှိ ရည်းစားတွေ အကြောင်းလည်း မရေးချင်၊ ဘာမှမထူး၊ စာအုပ်ထဲက စာတွေကိုလည်း ကူးမချချင်၊ ခက်တော့နေပေါ့၊ ဝမ်းစာ ခေါင်းပါးလိုက်တာလည်း လွန်ရောပဲ၊ သူများတွေ ဟောတစ်ပုဒ်ဟောတစ်ပုဒ် ရေးနေကြပေမယ့် ကိုယ့်မှာတော့ စာရေးမယ်လည်းလုပ်ရော တွေးထားတာတွေတောင် ဘယ်ကဘယ်လို ပျောက်ပျောက်ကုန်မှန်းမသိဘူး၊ ဒီကြားထဲ “ကိုယ်ရေးတဲ့စာကို ဖတ်တဲ့လူ တွေအတွက် တစ်ခုခုတော့ ရစေချင်တယ်”လို့ ကြီးကြီးကျယ်ကျယ် တွေးမိသေး။

Continue Reading