fatal error

ဝါးပရက်သုံးတာ တော်တော်လေး ကြာလာတော့ ပြဿနာတွေလည်း တော်တော် စုံလာတယ်လို့ ပြောရမယ်။ ဒါကလည်း ကျွန်တော်က သူများတွေလို စာရေးရရင် ပြီးရောလို့ မနေတတ်ပဲ တစ်ချို့ဘလော့ဂ်တွေကို လိုက်ကြည့်ပြီး အားကျစိတ်နဲ့ မမေးမစမ်းပဲ ဟိုဟာ ဒီဟာတွေ လိုက်ကလိလွန်း လို့ ဖြစ်မှာပဲ။ မေးရ စမ်းရအောင်လည်း ကိုယ့်ပတ်ဝန်းကျင်မှာက ဘလော့ဂ် စလုပ်ကတည်းကနေ အခုချိန်ထိ ဘလော့ဂ်ကို ကျွမ်းကျွမ်းကျင်ကျင်နဲ့ သုံးတတ်တဲ့သူ တစ်ယောက်မှကို မတွေ့ဖူးသေးဘူး။ forum တွေမှာ ဝင်မေးရင်လည်း ဖြေချင်မှ ဖြေတတ်တာ ဆိုတော့ ကိုယ့်ဘာသာပဲ လျှောက်ဖတ်လိုက် စမ်းကြည့်လိုက် လုပ်ရတာပေါ့။ ဒီလိုဆိုတော့ ပြဿနာတွေ အထပ်ထပ် ကြုံတွေ့ရတာ ဆန်းတော့ မဆန်းဘူးပေါ့။ ဒီလိုနဲ့ ကိုယ်တိုင် ဖြေရှင်းလိုက်နိုင်တဲ့ ပြဿနာတွေ ရှိသလို ခုထိ နားမလည်နိုင်သေးတဲ့ ပြဿနာတွေလည်း ရှိနေတုန်းပါပဲ။ ဒီလို ပြဿနာတွေကို မကြုံဖူးသေးတဲ့ ကျွန်တော့်လို beginner တွေအတွက် ရေးသားတင်ပြ လိုက်ရခြင်းပါ။

ဒီလိုပါ၊ ကျွန်တော့်အနေနဲ့ သူများပေးတဲ့ sub domain ကို သုံးပြီး ဘလော့ဂ်ရေးရင်းနဲ့ plug in ဆိုတာတွေကို စမ်းသပ်အသုံးပြုလို့ ရမှန်း သိတတ်ခါစကပေါ့။ plug in တွေ တစ်ခုပြီးတစ်ခု လျှောက်စမ်းပါတယ်။ ဒီမှာ ပြဿနာက စတာပါပဲ။ တစ်ချို့ ပလပ်ဂင်တွေကို ဆွဲထည့်လိုက်တဲ့ အခါမှာ ဘလော့ဂ်က fatal error ဘာညာကွိကွ ဆိုပြီး ဘာမှလုပ်လို့ မရတော့ဘူး။ ရုတ်တရက်တော့ ကြောင်သွားတာပေါ့။ နောက်တော့မှ ဘက်ပြန်ဆုတ်ပြီး နောက်ဆုံး ဆွဲထည့်လိုက်တဲ့ ပလပ်အင်ကို delete လုပ်လိုက်တော့ ဘလော့ဂ်က နဂိုအတိုင်း ပြန်ပေါ်လာတယ်။ ဘယ်ရမလဲ ဖြစ်စမ်းဟ အဲယ်ရာဆိုပြီး ဒီနည်းအားကိုးနဲ့ ပလပ်အင်တွေ ထပ်စမ်းလိုက် ပြန်ဖြုတ်လိုက် လုပ်တော့တာပါပဲ။ (တစ်ခါလာလည်း ဘလော့ဂ် စမ်းနေတယ်၊ ပြင်နေတယ်ဆိုလို့ စိတ်မရှည်နိုင်တော့တဲ့ ကျွန်တော့် ကောင်မလေးတောင် တခြားတစ်ယောက် နဲ့ ဖြစ်သွားတဲ့ အထိ ဆိုပါတော့)

ဒီ fatal error ပြဿနာက ဒီလောက်နဲ့တင် မပြီးသေးဘူး။ ဆက်လာသေးတယ်။ wordpress မှာ theme တွေက အရမ်းနာမည်ကြီးတာ မဟုတ်လား၊ ဒါပေမယ့် ကျွန်တော်ကတော့ ဘယ် theme ကိုမှ စိတ်တိုင်းမကျဘူးဗျ။ ကိုယ့်ဘလော့ဂ်နဲ့ ကိုက်မယ့် သိမ်းမျိုး ရှာလို့ကို မတွေ့ဘူး။ simple view ကြည့်ပြီး ကောင်းမယ် ထင်တာကို ဒေါင်းလိုက်၊ ထည့်သုံးကြည့်လိုက်၊ မကြိုက်လိုက်၊ ပြန်ဖြုတ်လိုက်နဲ့ လုပ်နေတာ။ ကျွန်တော့် သူငယ်ချင်း တစ်ယောက်ကဆို မင်းကြိုက်တဲ့ theme ကို မင်းဘာသာ ရေးမှရမယ်လို့ ပြောတဲ့ အထိပဲ။ ဒီလိုနဲ့ ဒေါင်းထားတဲ့ theme တွေကို တစ်ခုပြီးတစ်ခု install လုပ်နေတုန်း၊ ဘလော့ဂ်က ဘာမပြောညာမပြောနဲ့ ပုံထဲကလို fatal error ဆိုတာကြီး လာပြပြန်ရော။ ဒီတော့ အရင် plug in မှာ ကြုံတုန်းကလိုပဲ ဘက်ပြန်ဆုတ်ဖို့ ကြိုးစားတယ်၊ ဒါပေမယ့် မရတော့ဘူးဗျ။ fatal error ပဲ။ ဒီ error မှာ ပါတဲ့ စာတွေကို သေချာ ဖတ်ကြည့်တော့မှ wp_page navi ဆိုတဲ့ ပလပ်အင်နဲ့ theme နဲ့ မကိုက်လို့ ဒီလိုဖြစ်တယ်ဆိုတာ ရေးတေးတေး နားလည်လာတယ်။ hosting ကနေ သွားပြင်ပြီး ဒီ theme ကို ဖြုတ်လိုက်တော့မှ ပြန်အဆင်ပြေသွားတယ်။

ဒီတော့မှ အတွေ့အကြုံအရ fatal error ဆိုတာ

၁။ plug in ဆွဲထည့်ရင်းနဲ့ ဖြစ်နိုင်တယ်။

၂။ theme ပြင်ရင်း သို့မဟုတ် install လုပ်ရင်း ဖြစ်နိုင်တယ်။

plug in တွေ ဆွဲထည့်ရင်း error ဖြစ်ရင် ဘက်ပြန်ဆုတ်ပြီး delete လုပ်လို့ ရပေမယ့် theme ကြောင့် ဖြစ်တာ ဆိုရင်တော့ ဘက်ပြန်ဆုတ်လို့ မရတော့ဘူးဆိုတာ သိလာပါတယ်။ (တစ်ခြား အကြောင်းတွေကြောင့်လည်း fatal error ဖြစ်ချင် ဖြစ်နိုင်ပါသေးတယ်။ အခုက ကျွန်တော် ကြုံခဲ့ဖူးတာကို ပြောနေတာပါ)

ဆက်ပြီး တွေးမိတာက beginner တွေအတွက် fatal error မဖြစ်အောင်ဆိုရင် ပထမဦးစွာ activate ဖြစ်နေတဲ့ plug in အားလုံးကို deactivate လုပ်ထားပြီးမှ theme တွေကို install လုပ်သင့်ကြောင်းပါ။ theme ကို အင်စတောလုပ်ပြီးမှ plug in တွေကို တစ်ခုချင်းစီ activate ပြန်လုပ်ရပါမယ်။ ဒီလို လုပ်နေရင်း error ဖြစ်လာရင် အဲဒီ ပလပ်အင်ကို ဖြုတ်ပစ်လိုက်ရုံပါပဲ။

ကျွန်တော်တို့ wordpress က joomla တို့ drupal တို့ထက် theme နဲ့ plug in များမှာ ပိုလို့ နာမည်ကြီးပါတယ်။ သို့သော်လည်း တစ်ခါတလေမှာ အဲသည် theme နဲ့ plug in များကပဲ ကျွန်တော်တို့ကို ပြဿနာများနဲ့ မိတ်ဆက်ပေး တတ်ပါသေးတယ်။ နောက်ထပ် ပြဿနာတွေကိုလည်း ဆက်ရေးပါဦးမယ်။

  • fatal error ကို ဘာသာပြန်ကြည့်ရရင်တော့ … သေလောက်တဲ့ အမှား တဲ့ … 😛