တက်ထောင်ချင်သော လက်များ

အက်ဆေးများကို ကျွန်တော် တရှိုက်မတ်မတ် ဖတ်ဖြစ်နေသည်မှာ ကြာပြီ ဖြစ်သည်။ ကျွန်တော့်ဆီတွင် စိတ်ကူးချိုချိုမှ ထုတ်သော အက်ဆေးတစ်ရာ့တစ် အပါအဝင် တခြားသော အက်ဆေးစာအုပ်လေး များလည်း ရှိသည်။ ဇာတ်လမ်း ဇာတ်ကွက်တွေနဲ့ ရှည်ရှည်ဝေးဝေးတွေကို စိတ်မဝင်စား တတ်တော့သည့်နောက်၊ “Non-Fiction”ဟု ခေါ်သော ဝတ္ထုမဟုတ်သည့် စာအမျိုးအစားများ ထဲတွင် ကျွန်တော့် အာရုံကို အဖမ်းစားနိုင်ဆုံးမှာ အဆိုပါ အက်ဆေးလေးများပင် ဖြစ်သည်။ အက်ဆေးများက ပေးသော ဘဝအမြင် (message) များ အပေါ်၌ ကျွန်တော် ရင်ခုန်သည်။

ထိုအက်ဆေးလေးများ ထဲတွင် ဆရာမောင်ရင့်မာ (ကျောင်းကုန်း) ပြန်ပြောပြသော အဖျက်အပျက် တစ်ခုက ကျွန်တော့် ရင်ထဲတွင် အစဉ်သဖြင့် စွဲမြဲနေတော့မည် ထင်သည်။

“ဟိုးလွန်ခဲ့သည့် နှစ်များစွာက အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း ကျွန်တော်တို့ မြို့ကလေးသို့ ရောက်ရှိခဲ့ပါသည်။ ဒါးကမြစ်ကမ်းနဖူးတွင် လှေပြိုင်ပွဲတစ်ခုကို ကြည့်ခဲ့ပါသည်။ လှေပွဲပြီးသောအခါ ပန်းမဝင်ခင် တက်ထောင် ခဲ့သော လှေလှော်သား တစ်ဦး၏ အပြုအမူကို ရှုတ်ချသည့် မိန့်ခွန်းတစ်ခု ပြောခဲ့ပါသည်။ ထိုမိန့်ခွန်းမှာ ကျွန်တော်တို့မြို့ ကလေး၏ နာမည်နှင့် တွဲ၍ ကျော်ကြားခဲ့ပါသည်။ ကျွန်တော်တို့ အရွယ်ရောက်လာပြီး အဲဒီတုန်းက တက်ထောင်တာ ဘယ်သူပါလိမ့် ဟု ရှေ့မီနောက်မီ လှေသမားကြီးများကို မေးမြန်းကြည့်သည့်အခါ “တက်ထောင်တာ ငါကွ” ဟုဆိုသူ သုံးလေးယောက်ထက်မနည်း တွေ့ရပါသည်” ဟုဆိုသည်။ အက်ဆေးဆရာကတော့ ဂုဏ်ယူစရာ မဟုတ်တာကို ဂုဏ်ယူလိုသော၊ ကြွားဝါစရာ မဟုတ်တာကို ကြွားဝါလိုသောသူတွေ တော်တော်များများ ရှိနေတာ တော်တော်ပဲ ဝမ်းနည်းစရာ ကောင်းလှသည်ဟု မှတ်ချက်ပြုခဲ့လေသည်။

တိုက်ဆိုင်သည်လို့ပဲ ဆိုရမည်လား မသိနိုင်တော့ချေ၊ ထိုအကြောင်းအရာလေးကို ဖတ်မိသည်မှ သိပ်မကြာ သေးခင်၊ မြန်မာနှင့်အိန္ဒိယ ဘောလုံးပြိုင်ပွဲကို ကျွန်တော် ကြည့်ဖြစ်လိုက်သည်။ အာရှဖလား ဒုတိယအကျော့ ခြေစစ်ပွဲကို မြန်မာတွင် ကျင်းပသောပွဲစဉ် ဖြစ်သည်။ ထိုပွဲတွင် မြန်မာလက်ရွေးစင် ဘောလုံးသမားက ပွဲချိန်မိနစ် ခြောက်ဆယ်ကျော်ကျော် ခန့်တွင် အဖွင့်ဂိုး သွင်းယူပေးပြီး အင်္ကျီချွတ်ခဲ့သဖြင့် ဒိုင်လူကြီးက နှစ်ဝါတစ်နီဖြင့် ထုတ် လိုက်သည်။ ဆယ့်တစ်ယောက်ချင်းသော်မှ မနည်းကြိုးစား ကန်နေရသော အခြေအနေတွင် ဆယ်ယောက်တည်း ဖြစ်သွားသည့် အခါ ဂိုးတွေ ပြန်ပေးလိုက်ရသည်။ အဆုံးသတ် ရလာဘ်အနေဖြင့် မြန်မာအသင်းလည်း ပွဲစဉ်မှ ထွက်ခဲ့ရသည်၊ မြန်မာအသင်းအပေါ် ချစ်သောစိတ် သက်သက်ဖြင့် အားပေးနေကြသော ပရိတ်သတ်တို့မှာလည်း ဝေဒနာတစ်ရပ် တိုး၍ ခံစားလိုက်ရ ပြန်သည်။

ကျွန်တော်ကတော့ ထိုကဲ့သို့ ပွဲပြီးချိန် အများကြီး ကျန်နေသေးချိန်တွင် အင်္ကျီချွတ်ခဲ့ခြင်းသည် တစ်ချိန်က ဗိုလ်ချုပ်အောင်ဆန်း ရှုပ်ချခဲ့သော ပန်းတိုင်မရောက်ခင် တတ်ထောင်တတ်သော အဖြစ်မျိုးဟု ဆိုချင်သည်။

လောက၏ အခြားသော နယ်ပယ်များတွင်လည်း ဤကဲ့သို့ “တက်ထောင်ချင်သော” လူများစွာ ရှိနေပါလိမ့်မည်။ သည်လို လူများသည် နည်းနည်း သိသည်ကို များများသိသည် ဟူ၍ ပြချင်ကြသည်။ ဤသည်ကို အပြစ်တော့လည်း မဆိုသာချေ။ Human Needs ဆိုသော လူသား၏ လိုအင်များ ထဲတွင် Self-esteem Needs ဆိုသည့် အများက မိမိကို အထင်ကြီးလေးစားတာ ခံလိုခြင်းသည်လည်း လူ့ဘဝ၏ အရေးကြီးသော အခြေခံလိုအင် ဖြစ်သည်ဟု ပညာရှင်များက လက်ခံထားကြသည်။

သို့သော်လည်း ပန်းတိုင်မရောက်ခင် တက်ထောင်ခြင်း (သို့မဟုတ်) အချိန်မတိုင်ခင် အထင်ကြီး လေးစားမှုကို ခံယူလိုခြင်းသည် လူတစ်ယောက် အတွက်ဖြစ်စေ၊ အသင်းအဖွဲ့တစ်ခု အတွက်ဖြစ်စေ ကောင်းသော လက္ခဏာ မဟုတ်ဟူ၍တော့ သေသေချာချာ ထင်မြင်နေမိပါသည်။