ကိုယ့်ကိုယ်ကိုတော့ သိပါတယ်

Awareness သင်တန်း တက်ခဲ့တုန်းက ဒီခေါင်းစဉ်နဲ့ ညညဆို သင်တန်းသားတွေက ကိုယ့်ဘဝအကြောင်း အားတက်စရာ အားငယ်စရာ သိမ်ငယ်စရာ ဘာပဲဖြစ်ဖြစ် ဆယ်မိနစ်လောက်စီ ပြောကြရတယ်၊ ကိုယ်အကြောက်ဆုံးက အဲဒါပဲ၊ လူတစ်ယောက်က အများရှေ့မှာ ကိုယ့်အကြောင်း ကိုယ့်ခံစားချက်ကို အလိုမတူပဲ ပြောဖို့ဆိုတာ တော်တော်နဲ့ မလွယ်ကူဘူး မဟုတ်လား။

ဒါပေမယ့် အဲတုန်းက ကိုယ့်စိတ်ကိုယ် ထိန်းချုပ်ပြီး အဆင်ပြေသလို ပြောခဲ့တယ်၊ ဘဝမှာ ဘာမှပင်ပင်ပန်းပန်း မကြိုးစားခဲ့ရသလို မရုန်းကန်ခဲ့ရသလို အေးအေးဆေးဆေး သက်တောင့်သက်သာ ဘဝကို ဖြတ်သန်းခဲ့သလိုမျိုး ပြောခဲ့တယ်။ ပြောရရင် လိမ်ညာခဲ့တာပေါ့၊ တကယ်က ကိုယ်ဟာ ဘဝမှာ ကိုယ့်လောက်ဆိုးတဲ့ လူတောင် မရှိဘူးဆိုတဲ့ စိတ်ခံစားမမျိုး(မကြာခဏ) ရှိတတ်တယ်၊ ဒါပေမယ့် ကိုယ့်ဘဝအကြောင်းကို အတတ်နိုင်ဆုံး မေ့ထားလေ့ရှိပြီး ပျော်နေသလို ဘာမှမဖြစ်သလို အဆင်ပြေနေသလို အေးဆေးသလို ဟန်ဆောင်နေလာတတ်တာ ကြာပြီလေ၊ ဒီလိုနေတာ ကြာတော့လည်း လူတွေက ကိုယ့်အပေါ် ကိုယ့်ခံစားချက်အပေါ် နားမလည်တာ အဆန်းတော့ မဟုတ်ဘူးပေါ့။ တစ်ခါတစ်ခါ ကိုယ့်စကားတွေကြောင့် လူတွေက ကိုယ့်ကိုယ်ကို အထင်ကြီးတဲ့လူလို့တောင် သမုတ်ခံရသေးရဲ့၊ လူတိုင်းမှာ သိမ်ငယ်မှုဆိုတာ ရှိနိုင်တာချည်းပါပဲ၊ ဒါပေမယ့် နောက်ခံအခင်းအကျင်း ဖြတ်သန်းပုံ မတူညီတဲ့အခါ ခံစားမှုပိုင်းမှာ ကွဲလွဲကောင်း ကွဲလွဲနေမှာပါ။ ဥပမာ သူဟာ အသက်အရွယ်တစ်ခု ရလာပြီ၊ အတိုင်းအတာတစ်ခုအထိလည်း သူတတ်နိုင်သလောက် ကြိုးစားခဲ့တယ်၊ ဒါပေမယ့် ခုထိ သူဟာ ဘာတစ်ခုမှ မဖြစ်မြောက်သေးဘူး ဘဝမှာ ဖြစ်ချင်တာ ဘာတစ်ခုမှ မဖြစ်ခဲ့ဘူးဆိုတဲ့ စိတ်အခံရှိတဲ့ လူတစ်ယောက်ကို ခင်ဗျားက အသက်ကြီးနေပြီ၊ ဘာမှမထူးတော့ဘူးလို့ ပြောလိုက်တာမျိုးဟာ ပြောသူဘက်က သာမန်မျှသာ ဖြစ်ပေမယ့် အပြောခံရသူဘက်မှာ အရှိုက်ကို ထိုးလိုက်တာထက် နာကျင်ခံရခက်တယ်ဆိုတာ သတိမထားမိနိုင်ဘူး၊ ဒီလိုအခါမျိုးတွေမှာ သိမ်ငယ်စိတ်နဲ့ ပြောမိပြောရာ ပြန်ပြောမိတတ်တယ်၊ လူတွေနဲ့ ဆက်ဆံတဲ့နေရာမှာ သိမ်ငယ်စိတ်နဲ့ အလုပ်မဖြစ်ဘူးဆိုတာ အရွယ်ရောက်တဲ့ လူတိုင်းတွေးမိကောင်း တွေးမိမှာ ဖြစ်ပေမယ့် ဘဝတစ်လျှောက်လုံး နင်းခြေခံခဲ့ရသူလို့ စွဲမြဲနေတဲ့ လူမျိုးအတွက်တော့ မျှော်လင့်ချက်တွေ ထပ်မံရိုက်ချိုးခံရတိုင်း ပြန်ပြန်ပေါ်လာနိုင်တာမျိုးပဲ ဖြစ်ပါတယ်။ ကြိုးစားခဲ့ရသလောက် အခါခါရှုံးနိမ့်နေရသူရဲ့စိတ်ဟာ ဘဝမှာ ကြိုးစားမှုဆိုတာကို ဘာမှမသိပဲ နေရတဲ့သူလောက် လွတ်လပ်ပေါ့ပါးမှု မရှိဘူးလို့ တစ်ခါခါတွေးမိပါတယ်၊ ဒါဆိုရင် ကြိုးစားပါဆိုတဲ့ သူများကို တိုက်တွန်းတဲ့ စကားတွေက အခါခပ်သိမ်း ကောင်းတဲ့စကားဖြစ်ပါတော့မလား။

သိမ်ငယ်စိတ် အရမ်းများလွန်းတဲ့လူဟာ သူ့စိတ်ရဲ့ဆန့်ကျင်ဘက်တွေကို ရင်နာနာနဲ့ ပြောတတ်သေးတယ်၊ ဥပမာ သူအရမ်းချစ်ရတဲ့သူနဲ့ စကားများရတဲ့အခါမျိုးတွေ၊ သူ့စကားကို တဖက်က အလေးမထားတဲ့ အခါမျိုးတွေမှာ နောက်ထပ်မပြောတော့ဘူးဖုန်းမဆက်တော့ဘူးဒီတစ်ခါ နောက်ဆုံးပဲဆိုတာမျိုးတွေပေါ့၊ ဒီလို ပြောတဲ့အခါမှာ သူစိတ်မှာ အပြောခံရသူဘက်က ကြည့်ပေးတဲ့ စိတ်မျိုး ရှိမနေတတ်ဘူး၊ အပြောခံရသူက သူ့ကို မချစ်ဘူး၊ ဂရုမစိုက်ဘူးဆိုတဲ့ စိတ်ကသာ ဦးဆောင်နေလေ့ရှိတယ်၊ သူ့ကို နားလည်စေချင်တဲ့ စိတ်မျိုးပဲ များနေတယ်၊ နောက်မှ ပြန်တွေးမိပြီး ငါပြောတာလွန်သွားပြီ ဆိုပြီး စိတ်မကောင်း ဖြစ်နေတတ်တာမျိုးပါ၊ ပြောင်းပြန်အနေနဲ့ သူ့စိတ်ကို နားလည်နိုင်မလား ဆိုတာမျိုးတောင် မဝံ့မရဲ သူမျှော်လင့်နေလေ့ရှိတယ်၊ ထွက်သွားချင် ထွက်သွားတော့မယ်လို့ ပြောလိုက်တဲ့ အခိုက်မှာ သူစိတ်ထဲက ထွက်မသွားပါနဲ့လို့ တားမြစ်တာမျိုးကို လိုအပ်နေလေ့ရှိတယ်၊ ပြောခံရသူက ဘယ်တော့သွားမှာလဲ၊ ဘယ်ကို သွားမှာလဲ ဆက်မေးလာရင် သူ့စိတ်မှာ အော် သူက ငါ့ကို တကယ်ပဲ သွားစေချင်နေတာပါလားဆိုတာမျိုး ထပ်ဖြစ်လာရော၊ နောက်တစ်မျိုးက သူပေးထားတဲ့ပစ္စည်း သို့မဟုတ် သူ့ဆီက ယူထားတဲ့ ပစ္စည်းတစ်ခုခုကို စကားမရှိ စကားရှာ ပြောနေတဲ့ အခါမျိုးမှာ အပြောခံရသူဘက်က မအားသေးလို့ ကြည့်တောင်မကြည့်ဖြစ်သေးဘူး၊ ပြန်ယူသွားချင် ယူသွားလေလို့ ပြောမိတဲ့ အခါမျိုးမှာ အင်း ရပါတယ် ပြန်ယူသွားဆိုလည်း ယူသွားတာပေါ့လို့ ပြောလိုက်လိမ့်မယ်၊ ဒါပေမယ့် သူ့စိတ်ထဲမှာ အော် သူက ငါနဲ့ပတ်သက်တာဆိုရင် ဘာကိုမှ အလေးမထားပါလားဆိုတဲ့ အတွေးမျိုးနဲ့ ပြောလိုက်တာ ဖြစ်ပါတယ်။ တကယ်က အလေးထားစေချင်တာပေါ့။ သိမ်ငယ်မှုအများစုကတော့ အလေးထားမခံရခြင်း လိုချင်တာနဲ့ ဆန့်ကျင်ဘက်ကိုသာ ရခြင်း ဆိုတဲ့ စိတ်အခံနဲ့ စခဲ့တာပါ။ ဒီလို စိတ်မျိုးကို တဖက်လူက ဘယ်နားလည်နိင်ပါ့မလဲ။ တစ်ဖက်ကလည်း သူဟာ နားလည်မှုမရှိတဲ့လူ စာနာမှုမရှိတဲ့လူ စတဲ့ အတွေးမျိုးတွေးမိနိုင်ပါတယ်၊ ဒါပေမယ့် အားငယ်စိတ်များနေချိန်မှာ လူဟာ ဖြစ်ချင်တာတစ်ခုတည်းကိုသာ သိပြီး အဲစိတ်ကသာ ဦးဆောင်နေတော့ တဖက်ကို ပြန်တွေးနေဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

ဆက်ပြီးတွေးမိတာက အသက်အရွယ်ရလာသူတစ်ယောက်ရဲ့ သိမ်ငယ်မှုနဲ့ ငယ်ရွယ်သူတစ်ယောက်ရဲ့ သိမ်ငယ်မှုဟာ ခြားနားနေနိုင်တယ်လို့ပဲ၊ ငယ်ရွယ်သူတွေရဲ့ပတ်ဝန်းကျင်ကို မကျေနပ်မှု ကိုယ့်ကိုယ်ကို မကျေနပ်မှုမှာ အားအင်ရှိသေးတယ်၊ မျှော်လင့်ချက်အချိန်ရှိသေးတယ်၊ ဒီတော့ မာနနဲ့ ဖြစ်ဖြစ် အရာရာကို အရွက်တိုက်ခွင့် ရှိသေးတယ်။ ခုရက်ပိုင်း ဆရာမြသန်းတင့် ဘာသာပြန်ထားတဲ့ လေ့လွင့်သူဆိုတဲ့ စာအုပ်ကို အွန်လိုင်းမှာပဲ လိုက်ရှာ ဒေါင်းပြီး၊ pdf ဖိုင်အနေနဲ့ ပြန်ဖတ်ဖြစ်နေတယ်၊ ဒီဝတ္ထုထဲက ဇာတ်ဆောင် ဟိုလ်ဒင်ကောဖီးဟာ ဆိုရင် ကိုယ်တွေ ငယ်တုန်းကနဲ့ ဘာထူးလို့လဲ၊ သူဟာ ဘာမှမဟုတ်တာလေးတွေနဲ့ တလောကလုံးကို အမြင်ကပ်နေတဲ့ ကောင်လေးပေါ့၊ ဘယ်သူ့ကိုကြည့်လိုက် ကြည့်လိုက် သူ့စိတ်မှာ အဆင်ပြေတယ်လို့ကို မရှိဘူး၊ လူတိုင်းကို တစ်ခုမဟုတ် တစ်ခုနဲ့ သူမုန်းတီးနေတာချည်းပဲ၊ ဒီမှာ တစ်ခုတွေးမိတာက လူကြီးနဲလူငယ် ကြားက စပ်ကူးမတ်ကူးကာလမှာ လူတိုင်းဟာ ဒီလို ဘဝကို မကျေနပ်မှုမျိုး ပတ်ဝန်းကျင်ကို မကျေနပ်မှုမျိုး လူတိုင်းလူတိုင်းမှာ အနည်းနဲ့အများ ဖြစ်လေ့ရှိသလား လို့ပါ။ တစ်ခုတော့ ရှိတာပေါ့လေ ဖြစ်ချင်စိတ်များ လုပ်ချင်စိတ်များပြီး စိတ်ပါသလောက် မလုပ်နိုင်သူတွေကတော့ ဘာသိဘာသာ နေသူတွေထက်ပိုပြီး ခံစားနေမှာတော့ သေချာသလောက်ပါပဲ။

လူဆိုတာမျိုးက ကိုယ့်အကြောင်းတောင်မှ ကိုယ်ပြန်စဉ်းစားဖို့ ပျင်းရိတတ်ကြတာ သူများအကြောင်း စဉ်းစားဖို့ဆိုရင် ပိုလို့ ပျင်းတော့မပေါ့။ ဒီတော့ အရွယ်ရလာတာနဲ့အမျှ ကိုယ့်ကို လူတွေနားလည်မပေးနိုင်ရကောင်းလား ဆိုပြီး လူတွေအပေါ်မကောင်းမြင်နေလို့လည်း ထူးခြားလာမှာ မဟုတ်တာ သိလာတယ်။ လူတွေကို နားလည်ဖို့ပဲ ကိုယ်ကြိုးစားလာခဲ့တာ ကြာပြီပေါ့၊ ကိုယ်က လူတွေနဲ့ စကားပြောရင် ကိုယ့်ဘဝအကြောင်း တိတိကျကျ ပြောလေ့သိပ်မရှိဘူး၊(အင်း ဘယ်သူမှလည်း သိပ်မေးလေ့မရှိပါဘူးလေ)၊ တနည်းအားဖြင့် မပွင့်လင်းဘူးလို့ ပြောလို့ရတယ်။ လူတွေကတော့ ကိုယ့်ကို ပွင့်လင်းတယ် ထင်ကောင်းထင်နေမှာပါ။ ကိုယ်ပွင့်လင်းတာက သူတို့နဲ့ဆက်ဆံရေးပိုင်းတွေမှာပါ၊ စိတ်ကိုတော့ အတတ်နိုင်ဆုံး ဖြူအောင်ထားပါတယ်၊ တကယ်တော့ ရင်ထဲစိတ်ထဲမှာ ဘဝတစ်လျှောက်လုံး အလိုမပြည့်မှုတွေနဲ့ပဲ ဖြတ်သန်းခဲ့ရတော့ သိမ်ငယ်စိတ် အရမ်းကြီးမားနေခဲ့တာ၊ ကိုယ်အရမ်းမျှော်လင့်မိတဲ့ အရာတွေ ဆုံးရှုံးရလွန်းလို့ ရင်တစ်ခုလုံး မကြာခဏ မီးလောင်ခံနေရတဲ့ကောင်ပါ။

ထားပါတော့လေ ဘာတွေ ရေးနေမိမှန်းလည်း မသိတော့ဘူး။ ရေးရတာလည်း ပျင်းလာပြီ၊ လတ်တလောကတော့ အနောက်မြောက်ဘက်က ကုလားအရေး ဘာအရေးညာအရေးတွေနဲ့ စိတ်တွေလည်း မွန်းကျပ်လိုက်တာ။