နောက်ဆုံးတော့ ကျွန်တော်ရယ် စာအုပ်တွေရယ်

စာကို အာရုံစိုက်ပြီး မဖတ်ဖြစ်တာ တော်တော်ကြာပြီ၊ လိုင်း​ပေါ်မှာလည်း စာသေချာဖတ်တတ်တဲ့ အလေ့အကျင့် မရှိတော့ တစ်ခါခါ စာဖတ်ချင်ပေမယ့် ဖတ်စရာ စာမရှိသလို ခံစားရလို့ တောင်ကြီးက မီလျှံနာကို သွားပြီး စာအုပ်တစ်ချို့ သွားဝယ်ဖြစ်ခဲ့တယ်၊ ဒါတောင် တော်တော်နဲ့ မဖတ်ဖြစ်ဘူး၊ စာအုပ်ကိုင်ရမှာကို ပျင်းစရာကြီးလို၊ ပင်ပန်းတဲ့ အလုပ်တစ်ခု မလုပ်ချင်ပဲ လုပ်ရတော့မလို ဖြစ်နေတော့တာ၊ စာမဖတ်တာ ကြာလာတော့ စာကစာ ဘဝက ဘဝ သည်လို ထင်ချင်တတ်လာတယ်၊ မှန်တယ် မှားတယ် မ​​ပြောလိုပါဘူး၊ လူ့စိတ်ဆိုတာမျိုးက လက်ရှိခံစားချက်သည်သာ အမှန်လို့ ထင်နေတတ်ကြတယ် မဟုတ်လား။

၂၀၁၆ ဒီဇင်ဘာလ ကတည်းက ခုချိန်ထိ ကျွန်တော့်စိတ်တွေဟာ သူမဆီမှာပဲ ရှိနေခဲ့တယ်၊ သူမဟာ ကျွန်တော့်အနာဂတ် အားအင်၊ သူမသည်သာ ပြည့်စုံမှုပါ၊ သူမဘာလုပ်လုပ် နားလည်ပေးဖို့အထိ စဉ်းစားခဲ့ပြီး သူမကို ကျွန်တော် ချစ်မြတ်နိုးခဲ့တယ်၊ သူမကလား ကျွန်တော့် ခံစားချက်တွေကို ဘယ်တော့မှ ဂရုစိုက်ဖို့ စိတ်ကူး မရှိသလို၊ ကျွန်တော့်ကို ရှိတယ်လို့တောင် သိပ်ပြီး ထင်မြင်ပုံ မရပါဘူး၊ ကျွန်တော်မှာ ဘာနဲ့မှ ​​ဖြေသိမ့်စရာ မရှိ ဖြစ်နေချိန်မှာတောင် သူမက ကျွန်တော့်ကို ဥပေက္ခာပြုထားခဲ့ပါတယ်၊ ကျွန်တော် အရမ်းခံစားရပေမယ့် အမြဲလိုလို သူမကို နားလည်ပေးဖို့ပဲ စဉ်းစားနေမိတယ်၊ သူမကို ကျွန်တော် နားလည်ပေမယ့် တစ်ခါခါ ကျွန်တော့်ကိုယ် ကျွန်တော်ပဲ နားမလည်တာ၊ ကျွန်တော် သူမကို အရမ်းသတိရပြီး စကားအရမ်း ပြောချင်လာတဲ့အခါတွေမှာဆို ဘယ်လိုမှ နေလို့မရအောင် ဖြစ်ဖြစ်တတ်တယ်၊ ဘာကိုမှ လုပ်လို့မရဘူး၊ သူမနဲ့ စကားပြန်​​ပြောဖြစ်ဖို့ ကြိုးစားရင်းနဲ့ သူမရဲ့ အမုန်းတွေပဲ ထပ်ထပ်ရလာခဲ့တယ်၊ နောက်ဆုံးတော့ ကျွန်တော်ပဲ လက်လျှော့ခဲ့ရတာ အကြိမ်ကြိမ်ပါပဲ။

ဒီလိုနဲ့ အချိန်တွေ ကြာလာတဲ့အခါ ကျွန်တော့်ကိုယ် ကျွန်တော် ပြန်လည် ရှာဖွေဖို့ လိုအပ်လာတယ်၊ ကိုယ့်အ​​ခြေအနေ ကိုယ့်ဘဝကို ကိုယ်တိုင်မှ ဂရုမစိုက်ရင် ဘယ်သူမှ လာဂရုစိုက်ပေးမှာ မဟုတ်ဘူးဆိုတာ အစကတည်းက သိပေမယ့် မကျင့်ဖြစ်တာ၊ အခုတော့ ကျွန်တော် ကိုယ့်ခံစားချက်တွေကို ကိုယ်တိုင်နည်းနည်းပါးပါး ထိန်းချုပ်လာနိုင်ပါပြီ၊ ကျွန်တော် တတ်နိုင်သလောက် စာတွေ သေချာပြန်ဖတ်မယ်၊ စာလည်း (ဘာမှမဟုတ်တဲ့ ခံစားချက်တွေပဲ ဖြစ်ဖြစ်ပေါ့) ပြန်ရေးမယ်လို့ ဆုံးဖြတ်လိုက်တယ်၊ အားအားတိုင်း ဖုန်းကိုင်ပြီး ပွတ်နေတတ်တဲ့ ဘဝကနေ ရုန်းထွက်သင့်ပြီလို့ ကျွန်တော့်ကိုယ် ကျွန်တော် ဆုံးမရင်း ဒီစာကို ရေးနေမိပါတယ်၊ တစ်ခုခု လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ လူတွေ ဆက်လက်ပွတ်နေကြပါစေ၊ ကျွန်တော့်အတွက်ကတော့ တစ်ခါတရံမှသာ လိုအပ်တဲ့ ကိစ္စဖြစ်နေပါတယ်၊ ကျွန်​တော်ချစ်တဲ့ သူမက​တော့ ကျွန်တော့်အတွက် အမြဲတမ်းလိုအပ်ချက် ဖြစ်နေမှာပါ။