နွေရက်များကို ဖြတ်သန်းခြင်း

(၁)

အိပ်ရာဘေး နံရံပေါ်က ဝှိုက်ဘုတ်မှာ အကြွေးစာရင်းတွေ ရှည်ရှည်လာသလို ကိုယ့်သက်ပြင်းတွေ ရှည်ရှည်လာတယ်။ ဒုက္ခတံဆိပ်ဟောင်းနဲ့ ထူးမခြားနား နေ့များကြား ကိုယ့်သက်တမ်းက ကြမ်းတမ်းဆဲ။ ဒီလို ကန္တာရဆန် နေရခြင်းမှာ ဘဝဆိုတာက အသည်းကွဲသီချင်း တစ်ပုဒ်လောက်တောင် ခမ်းခမ်းနားနား မဖြစ်ခဲ့။ ဆွဲဆုပ်ပစ်ခံလိုက်ရတဲ့ စာရွက်များစွာဟာ ကိုယ့်အနာဂါတ်တို့များလား။ ပျိုးခဲ့တဲ့ ယာခင်းပေါင်း သောင်းခြောက်ထောင် ဟာလည်း ပိုးထိုးလို့။ ဆိုတော့ … အတ္တနဲ့ကျစ်တဲ့ ကြိုးတွေတောင် တဖြေးဖြေး ဆွေးမြေ့နေပေါ့။

(၂)

ငါ့ခရီးဖော်ရေ… ဟောဒီမြို့ကြီးမျက်မည်းထဲ ငါ့မှာ သဇင်နံ့မရ နှင်းဆီနံ့မရနဲ့။ ဒါနဲ့တောင် ငါက ဘဝတစ်ခုလုံးရဲ့ အလင်္ကာတွေနဲ့ မင်းပုံတူကို ဖွဲ့သီချင်နေသေးရဲ့။ ပန်းပွင့်တွေ ဝတ်မှုန်ကူးသလို တို့တွေ ဝေဒနာချင်း ထုံကူးမယ့်နေ့ ဘယ် အချိန်ရောက်ရောက် ငါစောင့်နေတယ်၊ မင်းရှိရင်တော့ ဘယ်လို နဂ္ဂတစ်ဝါကျမျိုးဖြစ်ဖြစ် ငါ ပြောင်းလဲပစ်နိုင် ကောင်းပါရဲ့။ ခုတော့ ငါ့ရဲ့လားရာလမ်းတစ်လျှောက် အသေအချာ ချိန်ရွယ်ပစ်ခတ်ခံရတဲ့ ဒဏ်ရာတွေ ဒလစပ်တိုက်စားခံနေရလို့။ တစ်ခါတစ်ရံ အပေါစားဆန်တဲ့ ရယ်မောမှုထဲမှာတောင် ငါဟာ ကိုယ့်ကောင်းကင်နဲ့ ကိုယ်ငြှိနေတဲ့ ပင့်ကူမျှင်လေး တစ်မျှင် ဖြစ်ခဲ့တယ်။

(၃)

တကယ်လို့သာ ကိုယ့်စိတ်ကူးတွေအတိုင်း အကောင်ဖောက်ခွင့်ရှိရင်၊ ဟိုးရှေးရှေးတုန်းက ပါရီကို တစ်ခေါက်လောက် ပျံသန်းကြည့်ချင်ရဲ့။ အဲဒီကနေမှ ဒီလို ပူလောင်အိုက်စပ်ပြီး မျှော်လင့်ချက် ပျောက်နေတဲ့ မန္တလေးနွေကို ငါပြန်လွမ်းမယ်။ သူငယ်အိမ်စောင်းနေတဲ့ မျက်လုံးတွေအတွက် တုန့်ပြန်နိုင်စွမ်းတွေလည်း နည်းပါးခဲ့ပြီပဲ။ ကိုယ့်ရဲ့ ညံ့ဖျင်းခဲ့မှုတွေကိုလည်း စကားလုံးတွေနဲ့ ကာကွယ် မနေချင်တော့ပါဘူး။ ….ဒီလိုရင်နှင့်ဖွယ်ရာ ဇာတ်မျောတစ်ခုမှာ ငါဟာ ကွန်စစ်ကောင်းရဲ့ ကဗျာစာသားတစ်ချို့ကို ကြီးပွားရေးမန္တာန်လို ရွတ်လို့။ မောင်ချောနွယ်ရဲ့ ကြမ်းပိုးများတဲ့ အိပ်ရာပေါ်က လူကြိုက်နည်း တဲ့ကောင်ဟာ ငါကိုယ်တိုင် ဖြစ်လို့။ ဒါဟာလည်း ကိုယ့်ကိုယ်ကို လှည့်စားနည်း တစ်ခုပဲ မဟုတ်လား။

(၄)

ငါလျှောက်တဲ့လမ်းက ရှည်တယ်။ ငါ့ခြေတောက်က တိုတယ်။ ဒီလမ်းနဲ့ ဒီခြေတောက်တွေ ဆက်ဆံရေး ပြေပြစ်နေသ၍တော့ ငါဆက်လျှောက်နေမှာပဲ။ ကျော်ကြားမှုဆိုတဲ့ စကားလုံးကိုတော့ ငါ ရယ်သွမ်းသွေး ပစ်ခဲ့တာ ကြာပြီ။ ဘယ်တော့ဖြစ်ဖြစ် ငါဟာ ကိုယ့်နာမည်ကိုယ် သီချင်းလုပ်မဆိုဘူး။ ကိုယ့်နာမည်ကိုယ် ကဗျာမရေးဘူး။ မင်းနာမည်ကိုတော့ ငါ့ကန္တာရခရီးအတွက် သယ်ဆောင်ခွင့်ပြုပါ။ လူ့ဘဝဆိုသည်မှာ ရယ်စရာ ပျက်လုံးတစ်ခု ဖြစ်သင့်သတဲ့လား။ နေ့စဉ် ဘေမှတ်သောက်နေတဲ့ ငါ့လက႓က်ရည်ခွက်တွေက ရယ်မောနေပါလိမ့်မယ်။ ငါ့ဆီမှာ အများဆုံးလိုအပ်နေတာက အိပ်မက်မက်ဖို့ အိပ်မက်၊ ဆန့်ကျင်ဘက်လိင်၊ အဆင်ပြေမှု နည်းနည်းပါးပါး။ ဘုရားသခင်က ကိုယ့်အပေါ် နားလည်နိုင်မယ့် လူသားမိန်းမ တစ်ယောက်ကို ဖန်ဆင်းခဲ့ဖို့ရာ မေ့လျော့ခဲ့ပြီထင်ရဲ့…။ ဒီနွေရဲ့ လက်ပြန်ရိုက်ချက်များမှာ ငါ အလူးလူးအလဲလဲပေါ့။

(၅)

ငယ်ရွယ်စဉ်မှာ ငါ့အိပ်မက်တွေ ကျယ်လောင်ခဲ့ရဲ့။ ဇော်ဝင်ထွဋ်နဲ့ လေးဖြူကို အားကျတယ်၊ မိုးဇက်နဲ့ ဗီသိုဗင် တို့လို ဖြစ်ချင်တယ်၊ မြသန်းတင့်နဲ့ ဂျက်လန်ဒန်ကို လေးစားတယ်၊ ဗန်ဂိုးနဲ့ ပေါလ်ဂေါ်ဂင်ကို ချစ်တယ်၊ ကိုယ့်အသွေးအသားထဲမှာ အနုပညာဆိုတာ ထာဝရစီးဆင်းနေမယ့် မြစ်တစ်စင်းပဲ။ နောက် ပလေတို၊ အလက်စန္ဒရား၊ ဘားနက်ရှော၊ ဂယ်လီလီယို၊ ယန်းပေါဆာတ်၊ ကိုယ့်ကောင်းကင်မှာ နက္ခတ်တွေ ပါးလျလာခဲ့ပေါ့။ ခုတော့ ကိစ္စတော်တော်များများဟာ သွေးပူတုန်းခဏဆိုတာကို လက်မခံချင်ပဲ လက်ခံခဲ့ရပြီ။ အချစ်၊ ဂီတ၊ အနုပညာ၊ လူစွမ်းလူစ ကိုယ်ချစ်တဲ့ အရာတိုင်းဟာ ကိုယ့်ကို မုန်းတီးနေတတ်တယ် ထင်ပါရဲ့။

(၆)

တဖြေးဖြေး မွန်းကြပ်လာနေတဲ့ ကိုယ့်အသက်ရှုသံနဲ့အတူ တစ်ခါတစ်ရံ ကိုယ်ဟာ တောမှားတဲ့မုဆိုး အဖြစ်နဲ့၊ တစ်ခါတစ်ရံ အရိပ်သုံးပါး နားမလည်တဲ့ ခြေသူငယ် အဖြစ်နဲ့၊ တစ်ခါတစ်ရံ ကိုယ့်ဇာတ်ကို ပျင်းရိပျင်းတွဲ ပြန်ကြည့်နေတဲ့ ပရိတ်သတ်အဖြစ်နဲ့။ ကြံဖန်ဂုဏ်ယူကြေးဆို ဘယ်သူ့ကိုမှ မကောက်ကျစ်ခဲ့တာ တစ်ခုပဲ။ အချိန်တန်တော့လည်း အလွဲအမှား စာရင်းမှာ ကိုယ်ဟာ အောင်မြင်နေခဲ့ပြန်တယ်။ ငါးပွက်တာ မြင်ပေမယ့် ငါးစာမချတတ်ခဲ့၊ ငါးမပွက်တော့မှ ငါးစာချလိုချနဲ့။ ဒီလို….. ညံ့ဖျင်းမှုနဲ့ ရိုးသားမှု ဆိုတာတွေလည်း အထားအသို မှားလိုမှားခဲ့တယ်။ အာသီသနဲ့ အသိဥာဏ် နှစ်ခုကြား နောက်ထပ် အမှားတစ်ခုဟာ ငါ့ကို မြှူဆွယ်နေခဲ့ပေါ့။ ဒီလိုနဲ့ အမှတ်တမဲ့ နေ့ရက်တစ်ချို့လည်း ကိုယ့်ကို နင်းခြေဖြတ်ကျော်နေခဲ့တယ်။ တစ်ခါတစ်ရံတော့ ဟိုးအဝေးက မိုးယိုနေတဲ့ အမေ့အိမ်လေး ကိုလည်း လွမ်းလို့ပေါ့။

(၇)

ဒါလီရဲ့ အရည်ပျော်သော နာရီများလို အနုပညာဆိုတာ ကိုယ့်အသွေးအသားရဲ့ အသွေးအသား ဖြစ်ဖူးခဲ့တယ်။ သို့ပေမယ့် ကိုယ့်နှလုံးသားထဲက သံစဉ်တွေကို လှလှပပဖြစ်အောင် တီးခတ်မပြနိုင်ခဲ့ဘူး။ တကယ်တော့လည်း အနုပညာဆို တာ နှလုံးသားတစ်ခုက နှလုံးသားတစ်ခုကို လှမ်းပြောလိုက်တဲ့ အသံတစ်ခုပဲ။ ကိုယ်သောက်တဲ့ ဆေးလိပ်ငွေ့တွေက ကိုယ့်အဆုပ်ကို မှိုင်းတိုက်နေသလို၊ မီးပွားတွေက ကိုယ့်စိတ်ပေါ် ပြန်ကျနေလေရဲ့။ လူ့ဘဝဆိုတာကို ဇာတ်ဝင်ခန်း တစ်ခုလို မကြိုက်မချင်း ပြန်ရိုက်လို့ရရင် ဘယ်လောက် ကောင်းလိုက်မလဲ ငယ်ငယ်က ကျောင်းသွားဖော်လေးရယ်…။ နွေ မိုး ဆောင်း၊ ဆောင်း နွေ မိုး ဘယ်လိုပြောင်းပြောင်း ငါ့အနာဂတ်ပေါ် အုပ်မိုးနေတဲ့ စေတန်ရဲ့ လက်တစ်ဖက်ဟာ အပြောင်းအလဲ မရှိခဲ့ဘူး။ မေတ္တာတရားကလွဲလို့ အကုန်လုံး ဖောင်းပွနေတဲ့ ခေတ်ကြီးထဲ ငါ့အရိပ်ဟာလည်း မိုးခေါင်ရေရှားခဲ့ပြီ။ ပျော်စရာ အေးရိပ်ဆိုလို့ အိပ်မက်ထဲတောင် မထိုက်တန်တဲ့ကောင်ဖြစ်ခဲ့။ လူတွေပြောပြောနေတဲ့ ဂလိုဘယ်လိုက်ဇေးရှင်း အရွေ့၊ အာရှချိန်ခွင်ရှာ၊ မှန်လုံအိမ်အာနိသင်၊ တရုတ် အမေရိကန်ဆက်ဆံရေး၊ အသံတွေသာ ဆူညံလာတယ်။ ငါ ဘာများတတ်နိုင်ခဲ့လို့လဲ။ လက္ခဏာသဘောအရ ရောထွေးလက် ဖြစ်ခဲ့တာကိုက မှားယွင်းမှုရဲ့အစလား၊ ကမ႓ာကြီးကို ငြိမ်းချမ်းစေချင်တဲ့ လူတွေ ကိုယ်တိုင်က ကမ႓ာကြီးကို မှိုင်းတိုက်နေခဲ့တာပဲ။ ဘာများ ထူးဆန်းနေလို့လဲကွယ်။

(၈)

တို့ရဲ့ အသန့်စင်ဆုံး ရယ်မောသံဟာ ဒုက္ခတစ်ခုခုနဲ့ ပြွမ်းနေတတ်သတဲ့၊ အချိုဆုံးတေးဆိုတာ အဆွေးဆုံးအတွေး ပဲတဲ့။ ပြောပေါ့ ရှယ်လီရယ်၊ ရယ်မောသံတွေ ခမ်းခြောက်လောက်တဲ့ ဒုက္ခမျိုး၊ တေးမဆိုနိုင်တဲ့ ငှက်တစ်ကောင် ရဲ့ ကြေကွဲမှုမျိုး၊ မင်းမှ မကြုံခဲ့ပဲ။ အင်းပေါ့လေ မင်းဟာက ကဗျာတစ်ပုဒ်ပဲ၊ ကဗျာဆိုတာ အနုပညာ၊ အနုပညာဆိုတာ အနူးညံ့ဆုံး လှည့်စားမှုတစ်ခုဆိုတော့လည်း မင်းစကားကို နားယောင်ကြပေမပေါ့။ ဒါဟာလည်း ငါလက်ခံလိုက်ရတဲ့ အမှန်တရားတစ်ခုပဲ ဖြစ်မှာပါ။

(၉)

ဒီလိုပါ၊ လူကြိုက်များတဲ့ အရသာနဲ့ မထိုက်တန်လို့ လူတစ်ချို့ရဲ့ ပျော်ရွှင်ဖွယ် ဆုတောင်းခွက်မြောက် သံတွေနဲ့ ဝေးကွာခဲ့ရတဲ့ အရူးတစ်ယောက်ရဲ့အကြောင်း။ ရက်စက်သော လက်ချောင်းများက ကိုယ့်နှင်းဆီပွင့်ချပ် တွေကို တစ်ဖတ်ချင်း ဖဲ့ချွေ၊ ဘယ်သူက ဘယ်သူ့ကို ဘယ်လောက်ထိ စိတ်ဝင်စားပြနေမှာလဲ၊ ဘဝကိုယ်တိုင်က အပျော်ဖတ် ဝတ္ထုတစ်ပုဒ်လို ဆွဲဆောင်မှု မရှိတော့တဲ့အခါ။ ချစ်သူရဲ့ မျက်ဝန်းအိမ်ထဲမှာရော ဘာတွေ ရှိနေနိုင် သေးလဲ။ တစ်ခါတစ်ရံတော့ သိခွင့်ရှိပါမည်လား။ …ဒါတွေဟာ အနေအထိုင် မတတ်ခဲ့တာ မဟုတ်ဘူး၊ အပြောအဆို မညက်ခဲ့တာ မဟုတ်ဘူး။ မွေးရာပါ လူမုန်းများတဲ့ ဇာတာနဲ့ ဘုရားသခင် မေ့လျော့ခံထားရတဲ့ ကောင်လေးရဲ့ အတ္ထုပ္ပတ္တိတစ်ပိုင်းတစ်စပေါ့။

(ရေးထားတာကတော့ နွေတုန်းကပဲဗျ၊ ဘလော့က ပျက်နေလို့ ခုမှပဲ တင်လိုက်ရတယ်၊ ဘယ်မှာ မိုးတွေ ဘယ်လောက် ရွာနေလဲ မသိပေမယ့် ကျွန်တော်တို့ ဆီမှာတော့ နွေလို့ ကောင်းတုန်းပါပဲ)

  • အရေးသားလေးတွေ ညက်နေတာပဲ
    အမှန်တိုင်းပြောရရင် ဖတ်လို့မဝဘူး
    သဘောကျပါတယ် နွေရက်ရှည်