၁၊ ဇန်နဝါရီ၊ ၂၀၁၇

လွန်ခဲ့တဲ့ ၁.၁.၂၀၀၇ ကနေ ပြန်ရေတွက်ရင် ၁၀နှစ်တိတိ ကြာမြင့်ခဲ့ပြီ၊ ထုံးစံအတိုင်း ထူးထူးခြားခြား မှတ်မိနေတာ (အမှတ်ရစရာ) ဘာမှမရှိဘူး၊ ပြောချင်တာက ပျော်စရာတွေ မရှိခဲ့တဲ့အတွက် ခုချိန်မှာ လွမ်းမောစရာတွေ ရှိမနေဘူး၊ နောက်ပြီး နာကျင်စရာတွေ မရှိသလိုနေခဲ့တော့ ရင်မောစရာတွေ ပြန်တွေးနေမိတာမျိုးလည်း ရှိမနေဘူးလို့။ ဒီ ၁၀နှစ်တာကို ကိုယ်ဘယ်လို ဖြတ်သန်းခဲ့လဲ တိတိကျကျ ပြန်တွေးဖို့ ခက်တယ်၊ သေချာတာကတော့ အာရုံကျရာ လျှောက်လုပ်ရင်း အဆင်ပြေမှု မပြေမှု လှိုင်းတွေထဲ လှည့်ပတ်ကူးခတ်ရင်း မေ့မေ့လျော့လျော့နေခဲ့တာပါပဲ။

ခုချိန်ထိ ကြီးကြီးမားမား ပေးခဲ့တာ မရှိခဲ့၊ ပေးခဲ့စရာလည်း မရှိသေး၊ ဘူ့ဘဝ ရတုန်းရခိုက် များများစားစား မြိုးမြိုးမျက်မျက်လေး ပြန်ယူသွားမယ်လို့လဲ ဘယ်တုန်းကမှ စိတ်ကူးမရှိခဲ့ဘူး။ တခြားလူတွေအပေါ် အတတ်နိုင်ဆုံး စိတ်ကို ဖြူအောင်ထားပြီး ဆက်ဆံတယ်၊ ပြုမူတယ်၊ ရောက်တဲ့အရပ် ရောက်တဲ့အခိုက်မှာ ကိုယ်တတ်နိုင်တဲ့ အကူအညီမျိုး လိုအပ်နေသူတွေရှိရင် အတတ်နိုင်ဆုံးနဲ့ အကောင်းဆုံး လုပ်ပေးမယ်၊ ဒါ ဟိုးအရင်ကတည်းက ထားခဲ့တဲ့ စိတ်ထား၊ ဒီစိတ်ထားနဲ့ပဲ နေထိုင် သွားလာ လှုပ်ရှားတယ်။ နောက်လည်း ဒီစိတ်နဲ့ပဲ ခရီးဆက်ဖို့ ရှိတယ်။

ဒီလိုနဲ့ပဲ လူတွေသတ်မှတ်ထားတဲ့ နှစ်သစ် နှစ်ဟောင်းဆိုတဲ့ ပညတ်တွေထဲ ကိုယ့်ခြေတောက်တွေ ရွေ့လျားခဲ့၊ ရွေ့လျားဆဲ၊ ရွေ့လျားနေဦးမယ်၊ ဒီနေ့ဟာ ၂၀၁၇ ဆိုတဲ့ နှစ်သစ်ထဲ ကိုယ်လှမ်းဝင်လာခဲ့တဲ့ ပထမခြေလှမ်း ဖြစ်တယ်။ ထုံးစံအတိုင်း ဘာမှ ထူးထူးခြားခြားလည်း ရှိမနေဘူးပေါ့။