ရသပျောက်ဆုံးခြင်း

လူတစ်ယောက်ရဲ့ ဘဝမှာ ဘယ်အရာတွေက အရေးအကြီးဆုံးလဲ စိတ်မဝင်စားပါဘူး၊ လူတိုင်းလူတိုင်းဟာ သူ့အကြောင်းနဲ့သူ အရေးကြီးနေနိုင်တာပဲလို့ ခံယူထားချက်ကြောင့်ပဲ ဖြစ်တယ်။ ကျွန်တော့်ဘဝမှာလည်း အရေးကြီးတာတွေအများကြီး ရှိခဲ့တာပါပဲ။ အဲဒီထဲကမှ ရသဆိုတာလေးကို နည်းနည်းလောက်တော့ ပြောချင်နေမိတယ်။

ရသဆိုတာ ကျွန်တော့်မူပိုင် ဖွင့်ဆိုချက်အရ လူတစ်ယောက်အတွက် နူးညံ့သိမ်မွေ့စေတတ်သော ချစ်ခင်မြတ်နိုးစေတတ်သော သာယာကြည်နူးစေတတ်သော တက်ကြွရွှင်လန်းစေတတ်သော ခံစားမှုတစ်မျိုးကို ဆိုလိုပါတယ်။ အဲဒီရသဟာ ကျွန်တော့်ဘဝရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတွေထဲမှာ တစ်ခုအပါဝင်ပေါ့၊ အခု အဲဒီရသဆိုတာကြီး ကျွန်တော့်ဘဝထဲမှာ ပေျာက်ဆုံးနေတာ တော်တော်ကြာခဲ့ပါပြီ၊ နေရ ထိုင်ရတာ အဓိပ္ပါယ်မဲ့လွန်းနေသလိုပဲ၊ မြင်မြင်သမျှ မြင်ကွင်းတွေဟာ ဘာမှမထူးဆန်းတော့သလို၊ ရာသီပွဲတော်တွေလည်း ကိုယ်နဲ့ မဆိုင်သလို ဖြစ်နေခဲ့တယ်၊ နွေ မိုး ဆောင်း အကူးအပြောင်းတို့လည်း ကျွန်တော့်အတွက် ထူးခြားမှုမရှိ။ ပျင်းပျင်းရှိလို့ အွန်လိုင်းပေါ် တက်ကြည့်ပြန်တော့လည်း မြင်ရ ကြားရသမျှတို့မှာ ကျွန်တော့်အတွက် စိတ်ညစ်ညူးစရာတွေချည်းပဲ၊ ရသတို့ကား ဘယ်ရောက် ဘယ်ပျောက်ကုန်သည် မသိ။

ဒီလိုနဲ့ပဲ တစ်နေ့ပြီးတစ်နေ့ Facebook ကြည့်ရင်း၊ ဂိမ်းဆော့ရင်း၊ site တွေနဲ့ ပတ်သက်တာ လုပ်စရာလေး ပေါ်လာရင် လုပ်ရင်း၊ ဘာစာမှ သေသေချာချာ မဖတ်ဖြစ်၊ Facebook ပေါ်က ဟာတွေလည်း ဘယ်လောက်ကောင်းကောင်း အာရုံက မလာ၊ ခံစားလို့လည်း မရ၊ ဟိုအရင်လို စာကောင်းတစ်ပုဒ် ကဗျာကောင်းတစ်ပုဒ် အက်ဆေးကောင်းတစ်ပုဒ် ဖတ်လိုက်ရလို့ ကြည်နူးကျေနပ်လိုက်ရတဲ့ ရသမျိုး ဘယ်မှာ ပြန်ရှာရပါ့။ ကြာလာတော့ ဘဝဟာ ကိုယ့်ကိုယ်တိုင်ကိုတောင် ဆွဲဆောင်မှု မရှိချင်တော့တာ၊ အရင်က စာအကြောင်း ကဗျာအကြောင်း ကြီးကြီးကျယ်ကျယ်တွေ လျှောက်ဖတ်ပြီး လျှောက်ရေးခဲ့ဖူးတယ်၊ ဟုတ်တော်ရှိ မဟုတ်သော်ရှိ အဲဒီအချိန်တွေတုန်းက အနည်းငယ် ကျေနပ်မှုလေးတော့ ရှိခဲ့သေးတာပေါ့၊ အခုတော့ အဲလိုလည်း မလုပ်ချင် မတင်ချင်၊ ကိုယ်ဘာကောင်မှ မဟုတ်မှန်း ကိုယ့်ကိုယ်ကို အစောကြီး သိလိုက်ရတာဟာ ကျဆုံးခြင်းရဲ့အစလား၊ တကယ်ဆို လူဟာ အနည်းဆုံး ကိုယ့်မာနလေးနဲ့ကိုယ် တစ်နေရာရာမှာ ရဲရင့်နေသင့်တယ်လို့ ကျွန်တော်တော့ ယူဆမိတာပဲ။

တချို့တွေက အမှတ်တမဲ့ မေးတတ်ကြတယ်၊ ပျော်လားတဲ့၊ ကျွန်တော်ကတော့ ပျော်တယ်ဆိုတာ ဘယ်တုန်းကမှ ဘာမှန်းမသိခဲ့ဖူးဘူးလို့ ပြန်ဖြေဖြစ်တယ်၊ ဒါဟာ အမှန်တရားပဲလေ၊ ကျွန်တော်ဘယ်တုန်းက အမှန်တကယ် ပျော်ရွှင်ခဲ့ဖူးလဲ၊ ပြန်စဉ်းစားကြည့်လို့ကို မရဘူး။ ဒီလိုအခြေအနေနဲ့ ဒီလိုခံစားချက်မျိုးနဲ့ အသက်ရှင်နေရတာဟာ တစ်ခါတစ်ခါ ဘယ်လောက်တောင် ခက်ခဲသလဲဆိုတာ ခင်ဗျား နားလည်မယ် မထင်ဘူး၊ နားလည်စေဖို့လည်း မမျှော်လင့်ပါဘူး။

ဘာပဲဖြစ်ဖြစ်ပေါ့ လူတစ်ယောက်ရဲ့ ဘဝမှာ အသက်ဆက် ရှင်သန်နေရခြင်းရဲ့ အကြောင်းရင်း ရသတစ်ခုခုတော့ ရှိနေသင့်တယ်လို့ ကျွန်တော် ထင်ပါတယ်။ ရှိလည်း ရှိနေကြမှာပါ။ ကျွန်တော်ကတော့ လက်ရှိအခြေအနေမှာ ကိုယ့်ကိုယ်ကို ရသကိုးပါးလုံးက လွတ်နေသလို ခံစားရတယ်။

စာကြွင်း-

ပို့စ်တစ်ပုဒ် တင်ချင်တယ်၊ ဘာအကြောင်းရေးရမှန်းလဲ မသိဘူး၊ ဒီလိုမျိုး ဖြစ်နေတာ ကြာနေပြီ၊ ဒိုမိန်းတစ်ခုကိုတော့ မပြတ်တမ်းဆိုသလို ဝယ်ထားတယ်၊ ပို့စ်က ဘာမှမတင်၊ အလကား ပိုက်ဆံ ဖြုန်းနေတာပဲ၊ ဒီလိုအတွေးနဲ့ ပိတ်ဆို့နေတဲ့ ဦးနှောက်ကို အနည်းငယ် အလုပ်ပေးခြင်း မျှသာ။