လူသားနှင့် ပြဿနာ

ကျွန်တော်တို့ ဘဝတွင် အများဆုံး တွေ့ကြုံ့ရ၍ ကျွန်တော်တို့ မလိုချင်ဆုံးသော အရာကို ပြပါဆိုလျှင် အများစုက  “ပြဿနာများ” ဟု ဆိုကြမည် ထင်ပါသည်။ မှန်သည်၊ ကျွန်တော်တို့ မလိုချင်ဆုံးသော အရာများမှာ အဆင်မပြေမှုများနှင့် ပြဿနာများပင် ဖြစ်သည်။ သို့သော် ကျွန်တော်တို့တွင် ပြဿနာ လုံးဝမရှိသော နေ့ရက်ဟူ၍ တော်တော် ရှားရှားပါးပါး ဖြစ်လိမ့်မည် ထင်သည်။ လူသားသည် ပြဿနာနှင့်အတူ မွေးဖွားလာသည်ဟု ဆိုပါက လွန်အံ့မထင်။

ဤမျှ ပြဿနာပေါင်း သောင်းခြောက်ထောင်နှင့် နေ့စဉ်နီးပါး ကြုံတွေ့နေရသော်လည်း ပြဿနာ၏ အရင်းအမြစ်ကို သေချာစိစစ်၍ နောက်တစ်ကြိမ် ထပ်မဖြစ်အောင် ရှောင်ကြဉ်မည် ဆိုသော သူမျိုးကား မရှိသလောက်ပင် ဖြစ်သည်။ အာဂလူသားများပင်။ ထိုသို့ဖြင့် ပြဿနာပြီးရင်း ပြဿနာရင်းဖြင့် လုံးချာလိုက်နေတော့သည်။ ထိုသည်ကိုပင် ကျွန်တော်တို့က ဘဝဟူ၍ ခေါ်ဆိုကြလေသည်။

အကယ်၍သာ ကျွန်တော်တို့ ကြုံတွေ့နေရသော ပြဿနာများကို အနည်းငယ် သတိထား၍ ကြည့်ပါက ပြဿနာ အများစုသည် တစ်ယောက်နှင့် တစ်ယောက် အမြင်ကွဲပြားရာက စ၍ ဖြစ်တတ်သည်ကို နားလည်နိုင်ပါသည်။ ထိုကြောင့်ပင် အောင်မြင်ရေး အတွေးခေါ် ပညာရှင်တို့က ပြဿနာ တစ်စုံတစ်ရာ ဖြစ်လာသောအခါ တဖက်လူ၏ ရှုထောင့်မှ ကြည့်တတ် မြင်တတ်ဖို့ကို အထူးအလေးပေး ပြောဆိုတတ်ကြသည် ထင်သည်။ ပြဿနာ ကြီးကြီးမားမား မဖြစ်ခင် တစ်ဖက်လူ၌ ရှိနေနိုင်သည့် စိတ်အတွေးတို့ကို စာရွက်ပေါ်၌ ချရေးကြည့်ဖို့ရာအထိ တိုက်တွန်းကြသည်။ လက်တွေ့တွင် ဤသို့ ပြုလုပ်သူဟူ၍ မြင်လည်း မမြင်ဖူးခဲ့၊ ကြားလည်း မကြားဖူးခဲ့။ သူတို့ကို ထိုကဲ့သို့ ပြုလုပ်ရန် တိုက်တွန်းလျှင်သော်မှ ကိုယ့်ကို ရန်ပြန်မလုပ်လျင် အတော်ကံကောင်းသည်ဟု မှတ်ရပေမည်။ အနည်းဆုံးတော့ “ဘာတွေ လာပြောနေတာလဲ” “အလကား အပိုအလုပ်တွေ” “အဲဒါမျိုး ငကြောက်တွေသာ လုပ်မှာ” ဟု အပြော ခံရနိုင်သည်။

ကျွန်တော်တို့ အများစုသည် “နောက်ပြဿနာကို နောက်ရှင်း” ဟူသောနည်းဖြင့် လက်ရှိ ပြဿနာကို ကြုံသလို ဖြေရှင်းတတ်ကြသည်။ ထိုသို့ဖြင့် နောက်ဆက်တွဲ ပြဿနာတွေ မဆုံးနိုင်အောင် ရှိနေတတ်သည်။ တစ်ခါတစ်ရံ နောက်အကျိုးဆက်တို့ကို သိရက်နဲ့သော်မှ မိမိအတ္တကို မလွန်ဆန်နိုင်ပဲ “တစ်ဖက်သတ် ဖြေရှင်းနည်း” ဖြင့် ဖြေရှင်းရင်း ပြဿနာကို ပွားယူသည်လည်း ရှိတတ်သည်။

ကျွန်တော်တို့ ဘဝကို တည်ဆောက်ရင်းဖြင့် ဖြတ်သန်းကြရာဝယ် အရာရာကို မဟုတ်သော်မှ ကိစ္စတော်တော် များများကို ခွင့်လွတ် တန်သည် ခွင့်လွတ်၊ ဥပေက္ခာထားသင့်သည်ကို ဥပေက္ခာထား၊ မေ့ပစ်သင့်သည်ကို မေ့ပစ်နိုင်ပါမှ တန်ကာကျမည်ဟု ထင်မိပါသည်။ သို့သော် ကျွန်တော်တို့ အများစုက ပြဿနာ မရှိလျှင် မနေတတ်လို့များလား မသိ၊ ပြဿနာကို ပြဿနာဖြင့် ထပ်မံသားဖောက်သည့် နည်းကိုသာ ကျင့်သုံးကြသည်ကိုသာ အတွေ့ရများ ပါသည်။ လူ့ဘဝတွင် ပြဿနာမျိုးစုံ ကြုံတွေ့နိုင်သည်၊ ဘာမှ မလုပ်လျှင် ဘာမှ မဖြစ်ဘူးဟု တစ်ထစ်ချ တွေးခေါ် ယုံမှတ်နေ၍ မရပါ၊ တစ်ခါတစ်ရံ ကိုယ်က ဘာမှ မလုပ်သော်လည်း သူတစ်ပါးတို့၏ ပြဿနာရှာမှုကို ခံရနိုင်သည်၊ သို့သော် ထိုကိစ္စမျိုးကား ဖြစ်တောင့်ဖြစ်ခဲ ဖြစ်ပါသည်။ အများစု ပြဿနာ ဖြစ်ရသည်မှာ “ငါ”ဟူသော အတ္တကြောင့်သာ အဖြစ်များသည်ကို တွေ့ရသည်။ “ငါက သာမန်လူ မဟုတ်တော့ဘူး၊ ငါ့ကို အထင်ကြီးတဲ့လူ တော်တော်များနေပြီ၊ ခုတော့ ဒီကောင်ကြောင့် ငါ့နာမည် ပျက်ရတာ၊ ဒီကောင် ငါ့ကျေးဇူးကိုတော့ မသိတတ်ဘူး….” စသည့် အတွေး အခေါ်မျိုး ဝင်လာပါက ပြဿနာ ဖြစ်ဖို့ရာ ၇၀ ရာခိုင်နှုန်း သေချာသွားပါပြီ။

တစ်ခါတစ်ရံ မိမိပုံသဏ္ဍာန်ကို ပေါ်လွင်စေချင် လွန်းသောကြောင့်လည်း ပြဿနာ ဖြစ်တတ်သည်။ တစ်ဖက်လူက သူ့ပြဿနာနဲ့သူ ရှုပ်ထွေးနေ၍ မိမိကို အရေးမပေးနိုင်သော အခါမျိုးတွင် အဖြစ်များပါသည်၊ ကျွန်တော်ကမူ ထိုအခြေအနေမျိုးတွင် “ဝက်သစ်ချပင်အောက် ရောက်ရင် သင်ဖြစ်မနေပါနဲ့ ဝက်သစ်ချပင် ဖြစ်နေပါ၊ တောအုပ်ထဲ ရောက်ရင် တောအုပ် ဖြစ်နေပါ၊ မြက်ခင်းပေါ် ရောက်ရင် မြက်ဘဝကို ခံယူပါ၊ လူတောထဲ ရောက်ရင် လူတွေနဲ့ အတူနေပါ” ဟူသော ဆရာမြတ်ငြိမ်း (နှလုံးသားထဲမှာ အဖြေရှာ) ၏ စာသားကို သတိရမိမြဲ ဖြစ်ပါသည်။ တစ်ချို့က ပုံသဏ္ဍာန်နဲ့ ပန်းတိုင်ကို မကွဲပြားကြ၊ တစ်ခါတစ်ရံ ပန်းတိုင်ဆီ ရောက်ဖို့ ပုံသဏ္ဍာန်ကို အခိုက်အတန့် စွန့်လွတ်နိုင်ရပေမည်။

ဘဝတွင် မည်မျှပင် အကောင်းဆုံးဖြစ်အောင် နေစေဦးတော့ ပြဿနာကား တစ်ခုမဟုတ် တစ်ခု ဖြစ်နေမှာ သေချာပါသည်။ လူသည် သူများကို ပြဿနာ မရှာရလျှင် မိမိကိုယ်ကို ပြဿနာ ရှာတတ်ပါသည်။ ထို့ကြောင့် ပြဿနာကို ကြောက်ရွံမနေသင့် ရင်ဆိုင် ဖြေရှင်းနိုင်ဖို့ သတ္တိကိုသာ မွေးမြူသင့်သည်ဟု ထင်ပါသည်။

နောက်တစ်ဖန် ပြဿနာ မဟုတ်သော အသေးအမွှား ကိစ္စများကိုလည်း ပြဿနာအဖြစ် ပုံကြီးမချဲ့ဖို့လည်း လိုအပ်သည်ဟု ထင်ပါသည်၊ ဥပမာ-လမ်းလျှောက်ရင်း ဖိနပ်ပြတ်သွားသော ကိစ္စသည် ကျွန်တော့်အနေဖြင့် ပြဿနာ မဟုတ်ဟု မြင်ပါသည်၊ လူတို့သည် ကိုယ့်ကိစ္စကိုသာ အရေးအကြီးဆုံး ဖြစ်နေကြ၍ မိမိခြေထောက်၌ ဖိနပ်မပါသော ကိစ္စကို မည်သူမျှ အရေးတယူ စဉ်းစားနေမည် မဟုတ်ဟု သိစေချင်ပါသည်။

ကျွန်တော့်အနေဖြင့် ပြဿနာ လုံးဝမရှိသော ဘဝဆိုသည်ကိုလည်း တစ်ခါတစ်ရံ စဉ်းစားကြည့်မိသည်၊ လူတစ်ယောက်၏ ဘဝတွင် လိုလေသေးမရှိ လိုသမျှ တောင့်တနေစရာ မလိုအောင် ပြီးပြည့်စုံနေသည် ဆိုပါစို့၊ ထိုသူ၏ ဘဝသည် တော်တော် ပျင်းစရာကောင်းသော ဘဝဖြစ်မည်ဟု တွေးမိပါသည်။ အမှန်တကယ်တွင် ဤကဲ့သို့ ပြီးပြည့်စုံသော ဘဝမျိုးလည်း ရှိနိုင်မည် မထင်ပါ။

လူသား၏ စိတ်သည် အလွန်အဆန်းတကြယ် နိုင်လှသည်။ ပြဿနာမရှိသော ဘဝကို လူတိုင်း တောင့်တ ကြသော်လည်း တကယ်တမ်း ပြဿနာ မရှိပြန်လျှင်လည်း မနေတတ်ပြန်၊ ပျင်းရိစရာ ဖြစ်သည်၊ လူ့ဘဝအားမာန်တို့၊ လူ့ဘဝအဓိပ္ပါယ်တို့ ဆိုတာတွေလည်း မရှိဟု ထင်လာပါသည်။ ကျွန်တော်၏ မိတ်ဆွေ တစ်ယောက်ဆိုလျှင် ပြဿနာမရှာရလျှင် မနေတတ်၊ မမြင်နိုင်သော မတွေ့နိုင်သော လူတို့ကို ပြဿနာရှာခြင်းကို အတော်ဝါသနာ ပါသည်။ လက်တွေ့သူ့ဘဝတွင် မည်သည့် ပြဿနာမှ ကြီးကြီးမားမား မရှိသောကြောင့်ဟု မြင်မိပါသည်။ ထိုသို့ ပြဿနာတို့ကို ဖန်တီး၍ ပြဿနာရှိသောကြောင့် ဖြေရှင်းလေဟန်ဖြင့် အနိုင်နဲ့ပိုင်းကာ သူ့ကိုယ်သူ အောင်မြင်မှုဟု အထင်ရောက် နေလေသည်။ အောင်မြင်လိုမှုနှင့် တိုက်ခိုက်လိုစိတ်တို့သည် လူသားတိုင်းအတွက် မွေးရာပါ လက်ဆောင်အဖြစ် ပါရှိလာခဲ့ကြသည် ထင်သည်။

ထိုသို့ဆိုလျှင် ရှေးဘုရင်တို့ တစ်နိုင်ငံနှင့် တစ်နိုင်ငံ စစ်မက်ဖြစ်ကြသည် ဆိုရာတွင် လောဘ ဒေါသ မောဟ ကြောင့်သာ မဟုတ်တန်ရာ၊ ငါလုပ်နိုင်သည်ဆိုသော လူစွမ်းလူစ ပြချင်သောကြောင့်နှင့် အလုပ်မရှိ၍ ပျင်းရိနေ သောကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်သည်။

  • နေ့အိပ်မက် အတွက်တော့ ပြဿနာဆိုတာ အတွေ့အကြုံလို့ ထင်တာပဲ.. ဘာပြဿနာပဲ ကြုံကြုံ.. ပြီးတော့လည်း ပြီးသွားတာပဲ။ ကြုံနေတဲ့ အချိန်မှာသာ အမျိုးမျိုးခံစားရတာ။ နောက်တစ်ခါ အဲဒါမျိုး ထပ်ဖြစ်ရင် သိပ်မခံစားရတော့ဘူးပေါ့… ထင်တာပြောပါတယ်။

  • zox

    နေ့အိပ်မက် ပြောတာ မှန်ပါသည်။ ဒါပေမယ့် ပြသနာကိုတော့ မုန်းပါသည်။

  • ဟင်…

  • ကျွန်တော်လည်းအားရင်တွေးဦးမယ်ဗျာ ကြံကြံဖန်ဖန်လေးတွေ ။ အဟိ