အမှန်တရားများစွာ

(အတွေးအမြင်၊ ဂျူလိုင်၊ ၂၀၀၉) ထဲက ဆရာလား ဆရာမလားတော့ မသိပါဘူး၊ (တီတီထွန်း) ရဲ့ “ဘာကို သိရမလဲ”ဆိုတဲ့ ဆောင်းပါးထဲက ကောက်နုတ်ချက်လေးပါ။ ဟိုး အရင်က ကျွန်တော် ကြိုက်နှစ်သက်ခဲ့ ဖူးတဲ့ အတွေးအခေါ်မျိုး ဖြစ်တယ်လို့ ဝန်ခံချင်ပါတယ်။ ဒါပေမဲ့ အဲဒီတုန်းက ကျွန်တော် မတွေးမိခဲ့တဲ့ မေးခွန်းတစ်ခု နောက်ပိုင်းမှာ ပါလာတာနဲ့ ခင်ဗျားတို့ကိုလည်း ဖတ်ကြည့်စေချင်လို့ ။

မေး။ အမှန်တရားဆိုတာဘာလဲ။ အမှားတရား ဆိုတာရောရှိလား။

ဖြေ။ လူမှာ အလှရှိသလို နွားတို့ ဒိုင်းတို့မှာလည်း အလှဆိုတာရှိတယ်။ ဒီအရာတွေဟာ တစ်ခုနဲ့တစ်ခု သဘာဝချင်း မတူကြပေမယ့် သူတို့မှာ “လှခြင်း”ဆိုတဲ့ အရည်အသွေးက တူနေကြပြန်တယ်။ ဒီလိုတူတဲ့ အရည်အသွေးကို “အလှတရား” လို့ခေါ်ရမယ်။ ကျွန်တော့် အတွက်လည်း မှန်တယ်။ ခင်ဗျား အတွက်လည်း မှန်တယ်။ မတစ်ထောင်သားတိုင်း အတွက်လည်း မှန်တယ်။ ဘယ်သူ့ အတွက်ပဲဖြစ်ဖြစ် ဘယ်အခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် အမြဲအမှန်ကို အမှန်တရားလို့ ခေါ်ကြတာ။

မေး။ ဒါပေမယ့် လူတို့ နွားတို့ဆိုတာက တကယ်ရှိတယ်။ ဥပမာ လက်နဲ့ ကိုင်ကြည်လို့ ရတယ်။ အလှတရား အမှန်တရား ဆိုတာတွေကို လက်နဲ့ ကိုင်ကြည့်လို့ မရနိုင်ဘူးလေ။ ဒါဆိုရင် ဒီအရာတွေက တကယ်ရောရှိလို့လား။

ဖြေ။ ၁နဲ့၂ ပေါင်းရင် ၃ရတာကို သိလား။

မေး။ သိပါတယ်။

ဖြေ။ ဘယ်လို သိတာလဲ။

မေး။ ငယ်ငယ်တုန်းက ကျောင်းမှာ သင်ရလို့။

ဖြေ။ ဆရာမက ၁နဲ့၂ပေါင်းရင် ၃ ရတယ်လို့ဆိုတော့၊ အဲဒီ ကိန်းဂဏန်းတွေကို ဘယ်မှာ တွေ့နိုင်သလဲလို့ ဆရာမကို မမေးကြည့်ဘူးလား။

မေး။ အဲသလို မေးရကောင်းမှန်းတောင် မသိခဲ့ပါဘူး။

ဖြေ။ ဒါခင်ဗျားရဲ့ အပြစ် မဟုတ်ပါဘူး။ မမေးကြည်တာက ကိုယ့်ကိုယ်ကိုယ် သိတယ်လို့ ထင်နေမိလိုပေါ့။ ၁ က ပန်းသီး တစ်လုံးဖြစ်နိုင်တယ်။ လိမ္မော်သီး တစ်လုံးလည်း ဖြစ်နိုင်တယ်။ နံပါတ်၁ က သူ့ ဘာသာသူ မရပ်တည်ဘူး။ ဒါပေမယ့် ၁ဆိုတာ အရာတစ်ခုရဲ့ အရည်အသွေး တစ်ခုဖြစ်တယ်။ ဒီအရည်အသွေးတွေ မှာလည်း စိတ်ဝင်စားစရာ သဘောတွေရှိတယ်။ အခုကပြောသလို ပန်သီးတစ်လုံးနဲ့ နောက်ထပ် ပန်သီးနှစ်လုံးကို တောင်းတစ်ခုထဲ စုထည့်လိုက်ရင် တောင်းထဲမှာ ပန်းသီးသုံံးလုံး ဖြစ်သွားမှာပေါ့။

မေး။ လူတိုင်းတစ်ချိန်မှာ သေကြမြဲဆိုတာတော့ ဟုတ်ပါပြီ၊ မသေခင် ဘယ်လိုနေသင့်သလဲ ဆိုတဲ့မေးခွန်ကိုရော ဘယ်လို ဖြေမှာလဲ။ လူကောင်းတစ်ယောက် အဖြစ်နဲ့ နေမယ်ဆိုရင် လူကောင်းဆိုတာ ဘာလဲ။

ဖြေ။ ဒီမေးခွန်းရဲ့ အဖြေကို ရှာဖွေတဲ့အခါမှာ လူတိုင်းအခြေအနေတိုင်းမှာ လိုက်နာသင့်တဲ့ ခိုင်မာတဲ့ အမှန်တရား တစ်ခုကို တွေ့နိုင်ပါ့မလား ဆိုတာက အရေးကြီတဲ့ ကိစ္စတစ်ခုဇြစ်တယ်။ ဒါကိုသိရရင် လူကောင်းဖြစ်နိုင်ဖို့ တစ်ဆင့် ပိုနီးစပ်လာတာပေါ့။

ဆော့ခရေတီး(စ်)တို့ ခေတ်တုန်းက အေသင်မြို့မှာ ရေပန်းစားတဲ့ အယူအဆ တစ်ခုရှိတယ်။ ဒဿနဆရာအချို့က လောကမှာ ရာသက်ပန်တည်မြဲတဲ့ အမှန်တရားဆိုတာမရှိ လို့ပြောကြတယ်။ ဆိုလိုတာက အမှန်တရားဆိုတာ လူ၊ အခြေအနေ အချိန်ကိုလိုက်ပြီး ပြောင်းတယ် အမြဲပုံသေမရှိပါလို့ သူတို့က ယူဆကြတယ်။ ခင်ဗျားလည်း ခင်ဗျားနည်းနဲ့ ခင်ဗျားလူကောင်း ဖြစ်အောင်နေ။ ကျုပ်လည်း ကျုပ်နည်းနဲ့ကျုပ် လူကောင်းဖြစ်အောင် နေမှာပေါ့။ ခင်ဗျားနည်းအရ ခင်ဗျားမှန်မှာပဲ။ ကျုပ်နည်းအရ ကျုပ်မှန်တာပေါ့။ အားလုံးအတွက် အကြွင်းမဲ့မှန်တဲ့  အမှန်တရားဆိုတာ လိုက်ရှာစရာ အကြောင်းမရှိပါလို့ ဒဿနဆရာအချို့က ဆိုကြတယ်။

မေး။ ဘာလို့ အဲဒီလို ယူဆကြတာလဲ။

ဖြေ။ ဥပမာ ဒီဇင်ဘာ မနက်ခင်းတစ်ခုမှာ လူနှစ်ယောက် လမ်းမှာ တွေ့ကြတယ် ဆိုပါတော့၊ “လေကလည်း အေးလိုက်တာ” လို့ အအေးမိတဲ့ လူကဆိုမယ်။ နောက်တစ်ယောက်က မြို့ကို သုံးပတ် ပတ်ပြီး ပြန်လာသူမို့ လေက သိပ်မအေးပါဘူးလို့ ဆိုရင် တစ်ယောက်နဲ့ တစ်ယောက် အမြင်ချင်း မတူပေမယ့် နှစ်ယောက်စလုံး ကိုယ့်နည်းကိုယ်ဟန်နဲ့ မှန်ကြတယ်လို့ ဆိုရမယ်ပေါ့။

မေး။ ဟုတ်သလိုလိုပဲ၊ “လေကအေးတယ်” လို့ ခံစားရသူကို “လေက မအေးပါဘူး” လို့ ပြောရခက်မယ်။

ဖြေ။ ဒဿနဆရာကြီးတစ်ယောက်က ဒီအယူအဆကို မိမိရရ ဖော်ပြခဲ့တယ်။ သူ့အဆိုက “လူဟာ အရာရာရဲ့ စံပါပဲ” တဲ့။

မေး။ ဘာကိုပြောချင်တာလဲ၊ ဒီစကားကို ဘယ်လို နားလည်နိုင်မလဲ။

ဖြေ။ မှန်တယ် မှားတယ်ဆိုတာက လူနဲ့ပဲ ဆိုင်တယ်။ အခြား ဘာနဲ့မှ မဆိုင်ဘူး။ နတ်ဘုရားတွေနဲ့ မဆိုင်ဘူး။ ကြယ်တာရာတွေနဲ့လည်း မဆိုင်ဘူး။ လူက မှန်တယ်လို့ ယူဆတဲ့ အရာက မှန်ပြီး မှားတယ်လို့ ယူဆတဲ့ အရာက မှားတယ်။  အမှန် အမှား ဆိုတာက လူနဲ့ လူ့အခြေအနေတွေနဲ့ ပတ်သက်ပြီး ရှိလာတာ၊ သူ့ဘာသာသူ မရှိနိုင်ဘူး။ လူတွေလိုပဲ အမှန်တရားဟာလည်း အခြေအနေ၊ အချိန်အခါကို လိုက်ပြီး ပြောင်းလဲနေတာ၊ ခင်ဗျားအတွက် မှန်တဲ့အရာက အခြားသူတွေအတွက် မှန်ချင်မှ မှန်မယ်။ အခြားသူတွေ အတွက် မှန်တဲ့ အရာကလည်း ခင်ဗျား အတွက် မှန်ချင်မှ မှန်မယ်။ ဒီနေ့ မှန်တဲ့အရာက မနက်ဖြန် မှန်ချင်မှ မှန်မယ်။ အမှန်တရားမှာ ရာသက်ပန် တည်မြဲတဲ့ သဘောမရှိဘူး။ လူတိုင်းဟာ ကိုယ်နည်းကိုယ့်ဟန်နဲ့ မှန်တယ်လို့ ဆိုလိုတာဖြစ်တယ်။

“လောကမှာ ရာသက်ပန် တည်မြဲတဲ့ အမှန်တရားဆိုတာ မရှိဘူး” လို့ဟောတဲ့ ဒဿနဆရာတွေကို ဆော့ခရေးတီးက နှစ်မျိုး ဝေဖန်တယ်။ ဝေဖန်ချက်တစ်ခုက ဒီလိုပါ။

လောကမှာ ရာသက်ပန်တည်မြဲတဲ့ အမှန်တရားဆိုတာ မရှိဘူးလို့ ယုံကြည်တဲ့ ဒဿနဆရာ အချို့က ချမ်းသာတဲ့ လူငယ်တွေကို အခကြေးငွေနဲ့ စာသင်ပေးတဲ့ အလုပ်လုပ်လေ့ ရှိတယ်။ အခုခေတ် ကျူရှင်ဆရာတွေလိုပေါ့၊ အဲဒီ ဒဿနဆရာတွေက ခေတ်မီတဲ့ ဘာသာရပ်မျီုးစုံကို သင်ပေးတာပါ။ ပြီးတော့ သူတို့က “လူတိုင်းဟာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ မှန်တယ်” လို့ဆိုတော့ ဆော့ခရေးတီးက “လူတိုင်းဟာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ မှန်တယ်ဆိုရင် ခင်ဗျားတို့ စာသင်ဆရာတွေက ဘာကိုသင်ပေးဖို့ လိုသေးလဲ” လို့ပြန်မေးတယ်။ ဟုတ်တယ်လေ။ ၁+၂ က ၆ ရတယ်လို့ ကျောင်းသားက ထင်ရင် သူတို့ကို မှန်ခွင့် ပေးရမှာပေါ့။ ဒါဆိုရင် ဒီဆရာတွေက ကျောင်းသားတွေကို သင်ပေးစရာ မရှိဘူးဆိုတော့ ဒီဒဿနဆရာတွေက အပြောနဲ့ အလုပ် မညီဘူးလို့ အဓိပ္ပါယ် ပေါ်တာပေါ့။

ဆိုကရေးတီးရဲ့ ဒုတိယဝေဖန်ချက်ကို ပုံပြင်တစ်ခုနဲ့ ပထမ စရအောင်။

တစ်ခါမှာ ဒဿနဆရာတစ်ယောက် အသက်ကုန်ပြီး ကောင်းကင်အတက် လမ်းမှာ နတ်ဘုရားတစ်ပါးနဲ့ တွေ့တယ်။ ဒါနဲ့ အဲဒီနတ်ဘုရားက “ဟေ့ လူသား၊ ဒီကိုလာပါဦး၊ ငါက မင်းရဲ့ ကံကြမ္မာကို အဆုံးအဖြတ်ပေးမယ့် နတ်ကွ၊ နတ်ဘုရားတွေထဲမှာ ငါက ဩဇာအကြီးဆုံးပဲ။ စကြဝဠာထဲက အရာရာတိုင်းကို ငါက ဖန်တီးတာမို့ ငါ့ကို အားလုံးက စူပါနတ်ဘုရားလို့ ခေါ်ကြတယ်။ မင်း ကြားဖူးတယ် မဟုတ်လား” လို့ မေးတယ်။

ဒဿနဆရာ- “ကြားဖူးပါတယ်။ ဒါပေမယ့် ဘယ်အရာကိုမဆို လုပ်နိုင်တယ် ဆိုတာကိုတော့ မယုံနိုင်ဘူး”လို့ ပြန်ဖြေတော့ စူပါနတ်ဘုရားက ဘာလုပ်ပြရင် ယုံမလဲ မေးတယ်။ ဒဿနဆရာက “ကျောက်တုံး အကြီးကြီးတစ်ခု လုပ်ပြပါလား” လို့ပြောတော့ စူပါနတ်ဘုရားက “ရပါတယ်။ ဘယ်လောက်ကြီးကြီး လုပ်ပြရမလဲ” လို့မေးတော့ သူက ခင်ဗျားတောင် မပင့်နိုင်အောင် ကြီးတဲ့ ကျောက်တုံးကို ဖန်တီးပြပါ” လို့ဆ်ိုတယ်။ ဒါနဲ့ စူပါနတ်ဘုရားက စကြဝဠာတစ်ခုလုံးထဲမှာ အကြီးမားဆုံး ကျောက်တုံးတစ်ခုကို ဖန်တီးလိုက်တယ်။ ပြီးတော့ စူပါနတ်ဘုရားက ဒဿနဆရာကို မေးတယ်။ “ကဲ ဘယ်အရာမဆို ငါလုပ်နိုင်တယ်ဆိုတာကို ယုံပြီလားကွ”။ ဒဿနဆရာက“မယုံနိုင်ပါဘူး၊ ယုံစေချင်ရင် အဲဒီကျောက်တုံးကို ပင့်ပြပါလား”လို့ ပြောတော့ စူပါနတ်ဘုရားက သူတောင် မပင့်နိုင်အောင်ကြီးတဲ့ ကျောက်တုံးကို ဖန်တီးထားတာမို့ မပင့်နိုင်ဘူး ဖြစ်နေလေရော။ ဒဿနဆရာကပြောတယ် “ကဲ တွေ့ပြီလား၊ စူပါနတ်ဘုရားတောင် မလုပ်နိုင်တာတွေ ရှိတယ်၊ ဒါကြောင့် စူပါနတ်ဘုရားက အရာရာကို လုပ်နိုင်တယ်ဆိုတာ မမှန်ဘူး”။

စူပါနတ်ဘုရားက “ဒါ မင်း သက်သက် ညစ်တာပဲ၊ ငါ့ကို ပြန်မေးကွာ”လို့ ပြန်ပြောတော့ ဒဿနဆရာက ကျောက်တုံး အကြီးကြီး တစ်ခုကို လုပ်ပြဖို့ ပြန်ပြောတယ်။ စူပါနတ်ဘုရားက သူ့ကို ပင့်ခိုင်းမှာ သိတော့ သူပင့်နိုင်တဲ့ အရွယ် ကျောက်တုံးတစ်ခုကို ဖန်တီးပြတယ်။ ပြီးတော့ စူပါနတ်ဘုရားက မေးပြန်တယ်။ “ကဲ ငါ အခု ဒီကျောက်တုံးကို ပင့်ပြရမလား”။ ဒဿနဆရာက “မပင့်ပြပါနဲ့ ဒီထက်ကြီးတဲ့ ကျောက်တုံးကို ဖန်တီးပြပါလို့ တောင်းဆိုတယ်။ ဒီထက်ကြီးတဲ့ ကျောက်တုံး ကို စူပါနတ်ဘုရားက မပင့်နိုင်မှာမို့ “မလုပ်နိုင်ဘူး” လို့ဆိုတယ်။ ဒဿနဆရာက ပြောတယ်။ “ကဲ တွေ့ပြီလား စူပါနတ်ဘုရားတောင် မလုပ်နိုင်တာတွေရှိတယ်။ ဒါကြောင့် စူပါနတ်ဘုရားက အရာရာကို လုပ်နိုင်တယ်ဆိုတာ မမှန်ဘူး”။

ပြောချင်တာက စူပါနတ်ဘုရားက အရာရာကို လုပ်နိုင်တယ်လို့ ပြောရင် “သူတောင် မပင့်နိုင်တဲ့ ကျောက်တုန်းကို သူဖန်တီးနိုင်မလား” လို့ မေးရတယ်။ သူက ကျောက်တုံးကို ဖန်တီးနိုင်ရင် အဲဒီကျောက်တုန်းကို သူမပင့်နိုင်ဘူး။ သူက ပင့်နိုင်ရင် ဒီထက်ကြီးတဲ့ ကျောက်တုံးကို သူမဖန်တီးနိုင်ဘူး။ ဘယ်နည်းနဲ့ပဲ ကြည့်ကြည့် စူပါနတ်ဘုရားက အရာရာကို လုပ်နိုင်တယ်ဆိုတာ မဖြစ်နိုင်ဘူး။

ဒီပုံပြင်နဲ့ “လောကမှာ ရာသက်ပန်တည်မြဲတဲ့ အမှန်တရားဆိုတာ မရှိဘူး”လို့ဆိုတဲ့ အယူအဆနဲ့ ဘယ်လို ပတ်သက်သလဲဆိုရင်၊ အဲဒီစကားကရော ရာသက်ပန် တည်မြဲတဲ့ အမှန်တရား ဖြစ်နိုင်ပါ့မလား။ လောကမှာ ရာသက်ပန် တည်မြဲတဲ့ အမှန်တရား မရှိဘူးဆိုရင် အဲဒီ စကားဟာလည်း ရာသက်ပန် တည်မြဲတဲ့ အမှန်တရား မဖြစ်နိုင်ဘူး။ ရာသက်ပန် တည်မြဲတဲ့ အမှန်တရား ရှိတယ် ဆိုရင်လည်း “လောကမှာ ရာသက်ပန် တည်မြဲတဲ့ အမှန်တရား မရှိဘူး” ဆိုတဲ့ စကားဟာ မမှန်နိုင်ဘူး။

…အဲ အတွေးအခေါ်ကတော့ ချာချာကို လည်နေတော့ တာပဲ။ အမှန်တရားဆိုတာက မရှိလို့လည်း မဖြစ်ဘူးဗျ။ အမှန်တရားဆိုတာ မရှိရင် တရားမျှတမှုဆိုတာ မရှိနိုင်ဘူး၊ တရားမျှတမှုဆိုတာ မရှိရင် လူ့ဘောင်ဆိုတာလည်း ဘယ်ဖြစ်လာနိုင်မလဲနော။ အဲဒီ အမှန်တရားကို လက်ဆုပ်လက်ကိုင် ပြပါ ဆိုရင်တော့ တော်တော်ကို ခက်သွားပြီပေါ့ဗျာ။ ဒဿနဆရာတွေကိုက အလုပ်မရှိ အလုပ်ရှာပြီး လျောက်ပြောကြတော့ ကျွန်တော်တို့လည်း နားယောင်ပြီး တန်ဖိုးရှိတယ်ဆိုတဲ့ အချိန်တွေ တစ်ချို့တစ်ဝက် ကုန်သွားတာပေါ့ဗျာ။