ကိုယ်နှင့် သိမ်ငယ်စိတ်

မျှော်လင့်ခြင်းတွေ တစ်ခုပြီးတစ်ခု ကြွေကျ ပျက်စီးခံရတာကနေ ဘဝထဲကို သိမ်ငယ်စိတ်ဆိုတာ တဖြေးဖြေးဝင်ရောက်လာတယ်၊ ကြာလာတာနဲ့အမျှ ဒီစိတ်က ကိုယ့်ခန္ဓာကိုယ်ကို သူ့အိမ်လို သဘောထားလာတယ်၊ တစ်စုံတစ်ခု ကြိုးစားနေရင်းနဲ့တောင် ဒါလုပ်နေလို့ ဘာထူးလာမှာမို့လဲ ဆိုတာမျိုးနဲ့ ကိုယ့်လက်ရှိ ကောင်းတဲ့ လုပ်ဆောင်ချက်တွေကိုတောင်မှ အနှောင့်အယှက် ပေးတဲ့အထိ ဖြစ်ဖြစ်လာတယ်၊ ဘာမှ လုပ်ချင်ကိုင်ချင်စိတ် မရှိတော့အောင် ကိုယ့်ကိုယ်ကိုရော ကိုယ့်စိတ်ကိုပါ ဆွဲချတယ်၊ ဒီလိုအ​ခြေအနေနဲ့ မျှင်မျှင်လေး ရှင်သန်နေသူတစ်ယောက်ဟာ တစ်ခါတရံမှာ ပတ်ဝန်းကျင် သို့မဟုတ် ကိုယ်အလေးထားသူတွေနဲ့ အဆင်မပြေတာလေးနည်းနည်း ဖြစ်တာနဲ့ သိမ်ငယ်စိတ်က အလွယ်တကူ ဝင်ရောက်လာရော​​။

လူဆိုတာ ကိုယ့်အတွက် တစ်ကွက်တော့ ကြည့်တတ်သူချည်းပဲဆိုတာ နားလည်တာပေါ့၊ ဒါပေမယ့် တစ်ချို့လူတွေက မိမိအတွက်ကလွဲရင် သူများအတွက် (အထူးသဖြင့် ကိုယ်နဲ့ ပတ်သက်ရင်ပေါ့ ဘယ်တော့မှ ကိုယ့်ဘက်က) မတွေးပေးဘူးလို့ ခံစားရတယ်၊ ကိုယ်တန်ဖိုးထားတဲ့လူတွေ ကိုယ်စေတနာ ထားတဲ့လူတွေဆီက ကိုယ့်အတွက် ပြန်လည်ခံစား နားလည်ပေးတာမျိုး ကိုတော့ လူတိုင်း တစ်ခါတရံ လိုအပ်လိမ့်မယ်၊ လိုလည်း လိုအပ်သင့်တယ်လို့ ယူဆပါတယ်၊ ဒါဟာ ဘယ်သူ့ကိုမှ မထိခိုက်တဲ့ မျှော်လင့်ခြင်းမျိုးမို့ ရိုးသားပါတယ်၊ လူတွေဟာ ကိုယ်ကသာ သူများဘက်က တွေးပေးဖို့ မစဉ်းစားတတ်တာ သူများတွေကို တိုင်းလိုက်တဲ့ ပေတံတွေက သူတော်ကောင်း ဆိုတဲ့ ပေတံမျိုးတွေနဲ့၊ တကယ်က သူတော်ကောင်းတွေ သူရဲကောင်းတွေဆိုတာ ရုပ်ရှင်တွေထဲမှာနဲ့ စိတ်ကူးယဉ်ဝတ္ထုတွေထဲမှာပဲ ပိုလိုအပ်တာမျိုး၊ လက်တွေ့ဘဝမှာ လူကို လူလို့ သာမန်ခံစားပေးတတ်တဲ့ စိတ်မျိုးလေးတွေရယ် တစ်ယောက်နဲ့တစ်ယောက် သည်းခံခွင့်လွတ်ပေးတတ်တဲ့ စိတ်မျိုးလေးတွေရယ်ပဲ လိုအပ်တာပါ၊ ဒီလို စိတ်မျိုးလေးတွေ တော်တော်များများမှာ ရှိလာပြီဆိုရင်တော့ လောကဟာ ဒီထက်တော့ နည်းနည်း ပိုလှလာပြီး ပိုပြီး​တော့ ​နေ​​​​ပျော်စရာ ပို​ကောင်းလာမယ်လို့ ကိုယ်တော့ ထင်မိတာပါပဲ။

တစ်ခါတစ်ခါ သူ့အတွက်လည်း ကိုယ်တွေးပေးရ ကိုယ့်အတွက်လည်း ကိုယ်တွေးရ၊ ကိုယ့်အတွက်ကျတော့ ဘယ်သူမှ တွေးပေးဖော်တောင် မရှိဘူးဆိုတဲ့ အသိဟာလည်း သိမ်ငယ်စိတ်တွေကို ပိုပြီး မီးညှိပေးနေသလိုပဲ။ ကိုယ့်ဝေဒနာတွေအတွက် တိုင်ပင်ဖော် တစ်ယောက်တလေတောင် ရှာမတွေ့တဲ့အခါ စာအုပ်တွေထဲက ဆုံးမစာလို ဒဿနလိုဟာမျိုးတွေ ဖတ်ပြီး ကိုယ့်ကိုယ်ကို ပြန်ဆုံးမရတယ်၊ တနည်းအားဖြင့် ​​​ပြောရရင်တော့ ဆုံးမတာကို လက်ခံလိုက်ရတာဟာ ကိုယ့်ဘက်က လျှော့ချပေးလိုက်ရတဲ့ သဘောမျိုးပဲ၊ ဒီလိုနဲ့ ကိုယ့်ဘက်က လျှော့ချလေလေ နားမလည်နိုင်သူတွေဘက် ပိုဆိုးလေလေ ပုံစံမျိုး ဖြစ်လာတဲ့အခါ အ​ခြေအနေတွေက ပိုပိုဆိုးလာပြန်ရော၊ ဒီလိုနဲ့ သိမ်ငယ်စိတ် သံသရာလည်နေတော့တာပဲ၊ နောက်ဆုံးတော့လည်း ကိုယ့်ကိုယ်ကိုပဲ ဘာကိုမှ အများကြီး မမျှော်လင့်ဖို့ ပြန်သတိပေးရတယ်၊ တကယ်က ဒီလို အများကြီး မမျှော်လင့်ဖို့ ဆိုတာလည်း သင်ယူထားပြီးသားရယ်၊ ဒါပေမယ့် သိတဲ့အတိုင်းပဲလေ ကိုယ်သိသမျှ ကိုယ်ကျင့်နေနိုင်ပြီဆိုရင် လူတိုင်းလူတိုင်းမှာ ပြဿနာဆိုတာ ဘယ်မှာရှိနိုင်ပါတော့မလဲ။

တကယ်တော့လည်း သိမ်ငယ်စိတ်ဆိုတာ ကိုယ့်အတ္တတွေ ကိုယ့်အမြင်တွေကို ပြန်လည်လျှော့ချတဲ့​နေရာမှာ တစ်ဖက်တစ်လမ်းက နည်းနည်းပါးပါး အသုံးဝင်တာက လွဲရင် ဘာမှ သုံးစားလို့ မရဘူးရယ်၊ ဒီနောက်ပိုင်းတော့ သိမ်ငယ်စိတ်နဲ့ ထွက်ပေါက်ပိတ်နေတဲ့ အတွေးမျိုးတွေ၊ ပတ်ဝန်းကျင်ရော ကိုယ့်အတွက်ပါ ဘာမှ အကျိုးမရှိ​တဲ့ အတွေးမျိုးတွေ၊ ကောင်းတဲ့အ​ဖြေတစ်ခု ဖြစ်မလာနိုင်တဲ့ အတွေးမျိုးတွေကို ပြန်စီစစ်တတ်လာပါပြီ၊ ကိုယ့်ကြောင့် ကိုယ်ကိုယ်တိုင်ရော ကိုယ့်ပတ်ဝန်းကျင်ပါ တိုးတတ်မလာရင်တောင် ပိုပြီး​တော့ အကျည်းတန် ရုပ်ဆိုးမသွားစေဖို့ ကိုယ့်အတွေးတွေကို သေချာစောင့်ကြည့်ဖို့ လိုအပ်လာပြီဆိုတာ ပိုနားလည်လာတယ်၊ ပြဿနာ​တော်​တော်များများရဲ့ အစဟာ အတွေးတစ်ခုကို အ​ခြေခံတာချည်းပဲ မဟုတ်လား။

photo by google search