ကျွန်တော်နှင့် ခေတ်ပေါ်ကဗျာ

စကားစပ်စပ် မစပ်စပ်ပေါ့၊ ခင်ဗျားဟာ မဂ္ဂဇင်းတစ်အုပ်ကို ကြုံကြိုက်လို့ပဲ ဖြစ်ဖြစ်၊ တမင်ဝယ်လာလို့ပဲ ဖြစ်ဖြစ်၊ ဆိုင်က ငှားလာတာမျိုးပဲ ဖြစ်ဖြစ်၊ အခြေအနေအရ ဖတ်ရတော့မယ် ဆိုပါစို့၊ ခင်ဗျား ဘယ်ဟာကို အရင်ဖတ်သလဲ၊ ကျွန်တော်မသိပါ၊ ထိုသို့ မသိသောကြောင့် ခင်ဗျားအကြောင်းကို ကျွန်တော် ပြောဆိုမည် မဟုတ်ပါ။ ကျွန်တော့် အကြောင်းကိုသာ ကျွန်တော် ပြောဆိုပါမည်၊ ကျေးဇူးတင်ပါသည်။

ကျွန်တော်ပြောချင်တာကို ကျွန်တော်ပြောရမည်ဆိုလျှင်၊ ပထမဆုံး “ကဗျာ” ဟုခေါ်သော စာကြောင်းရေ အနည်းငယ်သာ ပါဝင်သည့် စာပိုဒ်များကို စိတ်ဝင်တစား ဖတ်ပါသည်။ အရှိန်နှင့်ပြေးနေသော speed ခေတ်ကြီးတွင် ထိုspeedကို မီအောင်ပြေးလိုက်နေရသော လူငယ်တစ်ယောက်အဖို့၊ စာပိုဒ်အရှည်ကြီးများ၊ စာအုပ် အထူကြီးများကို ဖတ်ဖို့ရာ တစ်ခါတစ်ရံမှသာ အဆင်ပြေနိုင်သောကြောင့် အဆိုပါ စာကြောင်းရေ အနည်းငယ်ကိုသာ ပထမဆုံး ဖတ်ခြင်းသည် သဘာဝကျသည်ဟု ထင်ပါသည်။ ထို့ကြောင့် ကဗျာကို ဦးစွာ ဖတ်ပါသည်။

လူတော်တော်များများ ကဗျာရေးကြသည်။ ကဗျာဖတ်ကြသည်။ ဘာကြောင့်များ ကဗျာရေးသလဲ။ ဘာကြောင့် ကဗျာဖတ်ကြသလဲ ဟူသော မေးခွန်းမျိုး၌ မှန်ကန်သော အဖြေကို စာမေးပွဲ ပြဌာန်းစာအုပ်ထဲ၌ ရှာ၍ ရမည် မဟုတ်။ အဖြေများစွာသည် လူများစွာတို့၏ အတွေ့အကြုံအလိုက် ခံစားမှုအလိုက် ပါရမီအလိုက် ရှုထောင့်အလိုက် နေရာအလိုက် မှန်နေနိုင်သောကြောင့်ဖြစ်သည်။ လူတော်တော်များများ ကဗျာရေးကြသည် ကဗျာဖတ်ကြသည် ဆိုသော်လည်း ထိုကဗျာဆိုသော အရာကို ထမင်းမေ့ ဟင်းမေ့ စွဲစွဲလန်းလန်း ခံစားရေးဖွဲ့သူ (ဒီခေတ်တွင်) မရှိဟု ထင်ပါသည်။ အကျိုးရှိ အကျိုးမဲ့ကို စဉ်းစားတတ်သော လူ့သဘာဝဉာဉ်အတိုင်း ကဗျာကိုလည်း ရုပ်ပစ္စည်း အမျိုးအစားကဲ့သို့ အသုံးချခံ ဖြစ်စေရန် ထိုကဗျာရေးသော ပညာတတ် အသိုင်းအဝိုင်းကပင် ကြိုးပမ်းနေကြသည်။ အထူးသဖြင့် ဟိုက္ကူကဝိကြီး ဗရှိုးကဲ့သို့ (oneness) ကဗျာနဲ့ဘဝ တစ်သားတည်းဖြစ်မှုမျိုး ကိုကား သမိုင်းတွင် ရှာဖွေရန်သာ ရှိတော့သည်။ ထားတော့။ ထိုကဗျာကိစ္စ တစ်ခုတည်းဖြင့် ထမင်းမဝသောကြောင့်၊ ကဗျာသည် လက်ရှိလူနေမှုနှင့် အံမဝင်နိုင်သောကြောင့် စသည်ဖြင့်များစွာ ကျယ်ပြန့်လာနိုင်သည်။

ကျွန်တော် ကဗျာကို ပထမဆုံးဖတ်သည်ဟု ပြောခဲ့သည်။ ကဗျာဖတ်လို့ ဘာများရသလဲဟု မည်သူမှ မမေးပါ။ ကိုယ့်ဘာသာ ဖြေပါသည်။ ခေတ်ပေါ်ကဗျာများ၌ ကမ္ဘာကြီး၏ အဆုံးမဲ့ မှားယွင်းမှု၊ ထိုမှားယွင်းမှုနဲ့ အဆင်မပြေ အံဝင်ခွင်ကျ မဖြစ်သော မျက်ရည်စက်များ၊ အမြဲလိုအပ်လျက်ရှိသော လက်များကို (အများစု) မြင်ရသည်။ ထိုအရာများသည် ကျွန်တော့်အား ကရုဏာရသကို ပေးသည်။ တစ်ခါတစ်ရံ သိမ်ငယ်မှု (ဘယာနကရသ) မိမိတွင် လွှမ်းမိုးနေစဉ် အလားတူ သိမ်ငယ်မှုမျိုး စိတ်ကျဉ်းကြပ်မှုမျိုးကို ကဗျာများ၌ တွေ့ရသောအခါ ထိုသိမ်ငယ်မှု (ဘယာနကရသ)သည် ရဲရင့်မှု (ဝီရရသ) အဖြစ်သို့ ပြောင်းလဲသွားလေ့ ရှိသည်။ သာမာန် လူတစ်ယောက် အတွက် သာမာန်ဘဝ အတွေ့အကြုံမှာလည်း လူသားတစ်ဦး၏ စွန့်စားခန်းပင် ဖြစ်သည် မဟုတ်ပါလား။ ကျွန်တော်တို့လို သာမာန် လူသားများစွာ အတွက် ဘဝပင်လယ်ကို ကူးဖြတ်ဖို့ရာ ဝီရရသများစွာ လိုအပ်သည်ဟု ထင်ပါသည်။ ထိုအချက်ကြောင့် ကဗျာကို ဦးစွာဖတ် ပါသည်။ နောက်တစ်ချက် ခေတ်ပေါ်ကဗျာကို ဖတ်ခြင်းသည် ခေတ်ကို စောင့်ကြည့်ခြင်း ဖြစ်သည်ဟု ကျွန်တော် လက်ခံပါသည်။ ကျွန်တော်တို့က ခေတ်ကို ဖြတ်သန်းနေရသည် ဆိုသော်လည်း သာမာန် အမှတ်တမဲ့မျှသာ ဖြစ်သောကြောင့် တစ်ခါတစ်ရံ သိသလိုလိုနဲ့ မသိလိုက်သည်များ နားလည်သလိုလိုနဲ့ နားမလည်ခဲ့သည်များ များစွာ ရှိနေပါသည်။ ထိုအခါ ခေတ်ပေါ်ကဗျာက အမှန်တကယ် ကဗျာဖတ်သူတစ်ဦးကို သူသိထားတယ်လို့ ထင်တဲ့ (reality) အရှိတရားများကို (Discovery) ရှာဖွေတွေ့ရှိမှု အမျိုးအစားအဖြစ်သို့ ပြောင်းပေးပါသည်။ တစ်နည်းအားဖြင့် ကဗျာဖတ်သူ၏ အာရုံကို နိုးဆွပေးသည်ဟု ထင်ပါသည်။ ထိုအချက်ကို ကျွန်တော် အကြိုက်ဆုံးဖြစ်သည်။ ထို့ကြောင့် ကဗျာကို ဦးစွာ ဖတ်ပါသည်။

ကဗျာသည် အနုပညာကိစ္စ၊ အနုပညာအလုပ် စသည်ဖြင့် ဆရာများစွာပြောခဲ့ကြပြီ။ ကျွန်တော်သည် ကဗျာဖတ်သူ သာမာန်လူတစ်ဦးမျှသာ ဖြစ်သည့်အတွက် သာမာန်လူကဲ့သို့သာ ပြောနိုင်ပါသည်။ အနုပညာကိစ္စ ဆိုသည်ကို စိတ်ဝင်စားသော်လည်း မဆွေနွေးနိုင်ပါ။

ကျွန်တော်ရေးသောစာကို ဆရာကြီး ဒဂုန်တာရာ၏ စကားဖြင့် နိဂုံးချုပ်ပါမည်၊ “ခေတ်တိုင်းတွင် ခေတ်ပေါ်စာပေ၊ ခေတ်ပေါ် အနုပညာဟူ၍ ရှိစမြဲ”။ ကျွန်တော်သည်လည်း ခေတ်ပေါ် လူသားတစ်ဦး ဖြစ်သောကြောင့် ခေတ်ပေါ်ကဗျာကို ရင်ခုန်သည်၊ ခေတ်ပေါ်ကဗျာကို ခံစားသည်။ ထိုထက်ပို၍ ခေတ်ပေါ်စာပေ သဘောတရားတစ်ချို့ကို လက်လှမ်းမီသမျှ လေ့လာပါသည်၊ ကြိုက်သည်လည်း ရှိသည်၊ မကြိုက်သည်လည်း ရှိသည်၊ နားမလည်သည်လည်း ရှိသည်။ ကျွန်တော့်ခြေလှမ်း ကျဉ်းကျဉ်းလေးများကို ကျွန်တော် လှမ်းနိုင်သမျှ လှမ်းနေသည် ဟူ၍သာ။

  • ကဗျာက ကဗျာပေါ့

  • ကဗျာနှင့် ကမ္ဘာသစ်တည်မယ်ရယ်လို့တော့ စိတ်ကူးမရှိကြတော့ဘူး။ ဒါပေမဲ့ ကဗျာလည်း တခြားသော အနုပညာ ရူးသွယ်မှုတွေလိုပဲ။ စူးရှပြင်းထန်တယ်။ နက်နဲတယ်…။
    တကယ်တော့လည်း ကိုယ်နဲ့ မေတ္တာမျှတဲ့ကဗျာက တစ်ခါတခါမှ ကြုံကြိုက်ပြီး တွေ့ရတတ်တာမျိုး…။
    လမ်းမပေါ်မှာ ကောင်မလေးတွေများပေမဲ့ တချို့တလေကိုသာ ခံစားမိတတ်တာကိုး…။
    အင်း… ချစ်မိတဲ့ ကဗျာဆိုရင်လည်း… အမြဲတမ်း တစိမ့်စိမ့်ကြည့်နေချင်တော့တာ။ အကြိမ်ကြိမ်ပြန်ဖတ်၊ အထပ်ထပ်ခံစား …။ (ကဗျာအကြောင်းရေးတာ ကဗျာဆန်နေပြန်ပြီ… ;P )
    ဘယာနကကြောင့် ဝီရတွေ ကူးစက်လာတာလည်း ရှိပေါ့။ အေးဗျာ… speed ခေတ်ကြီးဆိုတော့လည်း ကျွန်တော်လည်း တိုတိုပဲ ကွန့်မန့်ပေးတာ အစ်ကို့အတွက်ရော၊ ကျွန်တော့်အတွက်ရော သင့်တော်ပါတယ်…။ စာတွေ ကောင်းတယ်ဗျ။ ကျွန်တော်လာလာဖတ်တယ်။ း)

  • ဆီဗုံး ပျောက်သွားပြန်ပြီ.. အစစအရာရာ မြန်မြန်အဆင်ပြေပါစေ

  • ဟုတ်ပါတယ်…
    ကျွန်တော်အတွက်လဲ ခေတ်ပေါ်ကဗျာဖတ်ရတာဟာ …
    ကိုယ်မရောက်ဖူးတဲ့ နေရာကို ခဏရောက်နေသလို ခံစားရပြီး….
    လွပ်လပ်စွာ တွေးခေါ်လို့ရတာကြောင့်…….