နေ့လည်နေ့ခင်း အပျင်းပြေ ရန်ဖြစ်ခြင်း

“အစ်မကြီး မနက်က ကော်ဖီဝယ်တာ နို့ဆီပါ ထည့်သွားတယ်ဆို”
“တစ်ပေါက် နှစ်ပေါက်လောက်ပါအေ၊ ညည်းကလည်း”
“ဟင်… နို့ဆီပါရင် နို့ဆီဖိုးပါ ပေးရမှာပေါ့၊ နို့ဆီလိုချင်ရင် တစ်ခွက် သတ်သတ်ဝယ်ပေါ့”
“ဒါဆိုလည်း ငါ ပိုက်ဆံပေးမယ်အေ”
“ငါ့အလှည့်ရောက်လို့ကတော့ တွေ့မယ်၊ ငါ့ဂွင်ထဲရောက်ရင်တော့ နာပြီမှတ်”
“အောင်မာ၊ ခင်ဗျားဂွင်ထဲရောက်ရအောင် ကျွန်တော်က မဟုတ်တာ လုပ်နေတာ မဟုတ်ဘူး”
“အေးပါ အေးပါ တစ်ကွေ့တော့ တွေ့မှာပါ၊ ကောင်မက သူ့ဟာကျ သိတတ်နေလိုက်တာ”

*******************

ထိုကဲ့သို့ တစ်ယောက်တစ်ခွန်း အခြေအတင် ပြောဆိုနေကြသည်မှာ အသက်(၄၀)အရွယ်ရှိ လက်ဖက်ရည် ဆိုင်ပိုင်ရှင် မိန်းမဝဝကြီးနှင့် ဆိုင်နှင့် ဘေးချင်းကပ်အိမ်မှ အသက်(၅၀)ဝန်းကျင်အရွယ် ဝဝတုတ်တုတ်အဒေါ်ကြီး တို့ဖြစ်သည်။ အသက်ငါးဆယ်အရွယ် အဒေါ်ကြီးမှာ ဝလွန်းသဖြင့် လှေကားထစ်တစ်ထစ် နှစ်ထစ်ကိုပင် ဒူးကို လက်ထောက်၍ တက်ရဆင်းရသည်။ အထက်ပါအတိုင်း အပြန်အလှန် ပြောရင်းဆိုရင်းဖြင့်ပင် လက်ဖက်ရည် ဖျော်သည့် နေရာသို့သွား၍ လက်ဖက်ရည်ဝယ်ခြင်း၊ ကောင်တာသို့ ပြန်လာကာ လက်ဖက်ရည်ဖိုးပေးခြင်းများ လုပ်နေသလို၊ အသက်လေးဆယ်အရွယ် ဆိုင်ရှင်ဒေါ်ဝဝကြီးမှာလည်း ကောင်တာထိုင်ရင်း ငွေရေတွက်ခြင်း၊ လက်ထဲက ဖုန်းဟန်းဆက်ကို ကလိခြင်း များ ပြုလုပ်လျက်ရှိသည်။

ခဏနေသည်တွင် လက်ဖက်ရည် ဝယ်ပြီးသွားသော မိန်းမကြီးက ငွေနှစ်ရာကျပ်ကို ကိုင်ကာ သူ့အိမ်ဝမှ နေ၍ လှမ်းပေးသည်။ ဆိုင်ရှင်ဒေါ်ဝဝကြီးက သွားမယူ၊ လာပေးလေဟု မကြားတကြား ပြောသည်။ မည်သူမျှလာမယူ သောကြောင့် စိတ်မရှည်တော့၍ ထင်သည်၊ အဒေါ်ကြီးသည် တရွေ့ရွေ့ဖြင့် ဆိုင်ကောင်တာ အနီးသို့ လှမ်းလာကာ ပေးသည်၊ ပါးစပ်က ပြောလိုက်သေးသည်။ “မှတ်ထား ငါ နင်တို့ မိသားစုအပေါ် ဘာမှ မတရားမလုပ်ဘူး၊ ငါ့ဂွင်ရောက်လို့ကတော့ တွေ့မယ်”တဲ့။ ဆိုင်ရှင် ဒေါ်ဝဝကြီးမှာ ဘာမှပြန်မပြောတော့၊ ရစရာရှိတာ ရသွား၍လား၊ စကားနည်း ရန်စဲဟု သဘောပိုက်လိုက်သည်လား မတွေးတတ်တော့ပြီ။ ကျွန်တော်ကတော့ သူတို့နှစ်ဦး၏ အဖြစ်အပျက်ကို ကြည့်ကာ ပြုံး၍သာ နေလိုက်မိသည်။

ထိုသို့ကြည့်ရင်းဖြင့် ကျွန်တော့်တွင် အတွေးစတစ်ချို့ စွဲထင်လာခဲ့သည်။ ရန်ဖြစ်ကြသည် ဆိုသော်လည်း သူတို့နှစ်ဦးကို ကြည့်ရသည်မှာ ပင်ပန်းနွယ်နယ်မှု တစ်စုံတစ်ရာ မတွေ့ရ၊ ထိုကိစ္စကို ထမင်းစားရေသောက် မျှလောက်ပင် ခက်ခဲသည်ဟု ထင်ပုံမရချေ၊ လုပ်ရိုးလုပ်စဉ် ကိစ္စတစ်ခုသဖွယ် လွယ်ကူစွာ ဖြစ်ပျက်၍ လွယ်ကူစွာ ပြီးဆုံးသွားခဲ့သည်။ နို့ဆီလေးတစ်ပေါက်လောက်နှင့် ရန်ဖြစ်ရလေခြင်းဟူ၍လည်း ကိုယ့်ကိုယ်ကို ပြန်လည်နောင်တရ နေသော ဟန်မျိုးမရှိ၊ သူတို့ပုံစံမှာ စိတ်ထဲရှိတာ ပြောချလိုက်ရ၍ ကျေနပ်နေသလိုပင် ရှိသည်။ ကျွန်တော်ပြောနိုင်တာ တစ်ခုတော့ ရှိသည်၊ သေချာပါသည်၊ မနက်ဖြန် တစ်ဖက်အိမ်က အဒေါ်ကြီးသည် ထိုဆိုင်မှာပင် လက်ဖက်ရည် ဝယ်ပေလိမ့်မည်။

*******************

ကျွန်တော် ငယ်စဉ်က နွေကျောင်းပိတ်ရက်ရှည်များတွင် မွေးဖွားရာရွာသို့ အလည်အပတ် ပြန်လေ့ရှိသည်။ ထိုစဉ်အခါက နေ့လည်နေ့ခင်းဖက် အမေနှင့်အတူ ဆွေမျိုးများအိမ်သို့ လိုက်လည်သည့်အခါ ခြေတံရှည်အိမ်များ အောက်တွင် တစ်ယောက်ခေါင်းက သန်းကို တစ်ယောက်က ရှာဖွေပေးရင်းဖြင့် ဟိုအကြောင်း သည်အကြောင်း၊ သတင်းရော အတင်းပါ ရောက်တတ်ရာရာ ပြောဆိုကာ အေးအေးလူလူဖြင့် စိတ်အကြောလျော့နေကြသော မိန်းမကြီး များကို မြင်တွေ့ဖူးသည်။ ထိုစဉ်ကတော့ ထိုကိစ္စသည် ပျင်းရိဖွယ် နေ့လည်နေ့ခင်းများကြောင့် စိတ်ဓာတ်ကျသိမ်ငယ် မှုတို့ ဝင်ရောက်မလာစေနိုင်ရန် ကာကွယ်မှုတစ်ရပ် ဖြစ်သည်ဟုလည်းကောင်း၊ မိန်းမများအတွက် အတင်းပြောခြင်း၊ ရန်စောင်ခြင်း စသည်တို့ကား သူတို့ဘဝအတွက် အရေးပါသော လုပ်ဆောင်ချက်များ ဖြစ်သည်ဟုလည်းကောင်း မတွေးတတ်ခဲ့ပါ။

*******************

ထိုမိန်းမဝဝကြီးနှစ်ယောက် ရန်ဖြစ်ကြခြင်းသည်လည်း ပြောင်းလဲလာသော ခေတ်ကာလ အခြေအနေအရ ခေတ်မီသော စိတ်အကြောလျော့လေ့ကျင့်ခန်းပင် ဖြစ်မည်ဟု ထင်လိုက်မိသည်။ သူတို့သည် ဘဝကို အကြမ်းထည် အတိုင်း တည်ဆောက်ထားသော မြန်မာအိမ်ရှင်မများ ဖြစ်ကြသည်၊ မြို့လယ်ခေါင်က အိမ်ရှင်မများလို ဘေးချင်းကပ် ကိုသော်မှ မသိရလောက်အောင် သူစိမ်းဆန်လှသူများတော့ မဟုတ်ကြ၊ တစ်အိမ်က ဟင်းကောင်းချက်လျင် တစ်အိမ်ကို တစ်ခွက်တော့ ပေးကျွေးတတ်သေးသည်။ တစ်အိမ်၏ ဒုက္ခသုက္ခကို တစ်အိမ်က ကိုယ်ချင်းစာနာစွာ ဝိုင်းဝန်းကူညီပေးတတ်သည်၊ သူတို့၏ အာရုံမှာ ရွေးကောက်ပွဲရလာဘ်ဆိုသည် မရှိ၊ ကမ္ဘာကြီး ပိုပူလာတာကိုလည်း စိတ်မဝင်စား၊ အင်တာနက်ပေါ်က ကြွားလုံးများလည်း မသိ၊ ဂလိုဘယ်လိုက်ဇေးရှင်း လာမပြောနဲ့ ဆိုတာမျိုး ဖြစ်သည်။ သူတို့အတွက် ကြုံလာသည့် အခြေအနေကို လက်တွေ့ကျကျ တုန့်ပြန်ဖြေရှင်းနိုင်စေရန် ဘဝက အလိုအလျောက် သင်ထားပေးပြီး ဖြစ်သည်။ တစ်နည်းအားဖြင့် “ဘဝတိုသလောက် သင်ယူစရာတွေက များလှသည်” ဆိုသော လူအဖြစ်၏ အခိုက်အတန့်တွင် သူတို့သည် ကံကောင်းထောက်မစွာဖြင့်ပင် အတန်အသင့် ပြည့်စုံ ကောင်းမွန်စွာ နေတတ်ထိုင်တတ်ရန် သူတို့ဘဝက သူတို့ကို မျက်နှာသာပေးခဲ့ပြီး ဖြစ်သည်။ မလုပ်သင့် မလုပ်ထိုက်သည်ကို မလုပ်သင့် မလုပ်ထိုက်မှန်း သိသည်၊ လုပ်သင့်လုပ်ထိုက်သည်ကိုလည်း လုပ်သင့်လုပ်ထိုက်မှန်း သိသည်၊ လှူစရာရှိလျှင် လှူမည်၊ ပျော်စရာရှိလျင် ပျော်မည်၊ သူတို့မလုပ်နိုင်သည့်ကိစ္စ၊ သူတို့မပြောင်းလဲနိုင်သည့် အခြေအနေတို့ သူတို့ ခေါင်းထဲတွင်မရှိ၊ အေးချမ်းဘိသည်။ “အလိုအပ်ဆုံးက ဘဝကို အရိုးသားဆုံးနေဖို့” ဆိုသော်ငြား ကျွန်တော်တို့မှာက ဟိုဟာဖြစ်ချင်၊ သည်ဟာဖြစ်ချင်၊ ဘာဖြစ်ချင်တာမှန်းမသိ ဖြစ်ချင်ရတာနှင့်၊ လိုအပ်သည်နှင့် လိုချင်သည်တို့ကို အချိုးမချနိုင်၊ လူဆိုသည့်အမျိုးကလည်း သိသည့်အတိုင်း ရနိုင်သည့် အခွင့်အရေးသာ ရှိလို့ကတော့ အားလုံးကိုသာ သိမ်းကျုံးယူချင်နေတော့သည်ပဲ မဟုတ်လား။

*******************

ကျွန်တော်၏ နေ့လည်နေ့ခင်းများစွာသည် လိုအပ်မှုနှင့် လိုချင်မှုတို့ကြောင့် မည်သည့်အရာကို ဆုပ်ကိုင်ရမည် မသိပါပဲ၊ တိတ်တဆိတ် အထီးကျန်နေခဲ့သည်မှာ ကြာပြီ ဖြစ်သည်။ စကားပြောဖော် စာအုပ်တစ်ယောက်ကို လှမ်းခေါ်မိသော်လည်း သူ့စကားသံတို့ကို ကျွန်တော်မကြား၊ နှလုံးသားနှင့် ခံစားနိုင်ဖို့ကို ဝေးစွ။ မိမိကိုယ်ကို ပြန်မျှားရန် လဘက်ရည်ဆိုင်သို့ ထွက်ခဲ့သော်လည်း မပြောင်းလဲသော မြင်ကွင်းသေများကို စိတ်ဓာတ်ကျ၊ သူငယ်ချင်းများဆီ အလည်သွားရအောင်လည်း သူတို့ကိစ္စဝိစ္စတွေ ကိုယ့်ကြောင့် မနှောင့်နှေးစေချင်။ သည်လိုနှင့် မွန်းကြပ် ပိတ်လှောင်လွန်းသော ပစ္စုပ္ပန်ထဲက ခဏလောက် ထွက်ပြေးဖို့ကိုသော်မှ ခက်ခဲလွန်း၍ နေခဲ့သည်။ ထိုနေ့ကတော့ ကျွန်တော့်အတွက် တစ်စုံတစ်ရာ ရရှိလိုက်သည် ထင်ပါရဲ့။

*******************

လူ့ဘဝကို ပျော်ရွှင်ကျေနပ်စွာ ဖြတ်သန်းနိုင်ဖို့ အသိပညာ ဘယ်လောက်၊ အတတ်ပညာဘယ်လောက်၊ မည်သည့်အရာက ပိုအရေးကြီးသည်စသော မေးခွန်းများအတွက်၊ အဖြေသည် ကျောင်းသင်ခန်းစာတစ်ပုဒ်လိုတော့ တသမတ်တည်း ရှိနိုင်မည်မထင်၊ တကယ်တော့လည်း ဘဝမှာ သင်ယူစရာတွေက အများကြီးတော့လည်း မဟုတ်တန်ရာ။

  • ဒီပိုစ့်ကနေ အတွေးတစ်စ ရလိုက်တယ်
    လူတွေဟာ ခေတ်မှီလာလေ ဘေးပတ်ဝန်းကျင်နဲ့ ကင်းကွာလေ ဖြစ်လာတယ်..
    ဘယ်လိုဆက်စပ်သလဲဆိုတော့
    ဥပမာ တောရွာတစ်ရွာဆိုပါတော့
    အိမ်မှာ ဘူးသီးပင်ကနေ ဘူးသီးကြီးကြီးတစ်လုံး သီးလို့ ခူးလိုက်တယ်..
    သူခူးလိုက်တဲ့ ဘူးသီးဟာ သိပ်ကြီးနေတဲ့အတွက် သူ့တစ်အိမ်တည်းစားဖို့ ပိုရုံတင်မက အများကြီး ကျန်နေတယ်
    ဒီတော့ သူဘာလုပ်မလဲ ..
    ဘူးသီးကို အစိတ်အပိုင်းညီညီစိတ်ပြီး ကျန်တဲက အိမ်နီးနားချင်းတွေကို သူမျှဝေပေးလိုက်တယ်
    အိမ်နီးချင်းတွေလဲ ပျော် သူလဲ စိတ်ချမ်းသာ
    ဘယ်လောက်ကြည်နူးစရာ ကောင်းသလဲနော်
    တကယ်လို့များ သူ့အိမ်မှာ ရေခဲသေတ္တာရှိခဲ့ရင် ကျန်နေတဲ့ ဘူးသီးတွေကို ရေခဲသေတ္တာထဲမှာ သိမ်းထားမယ်ဆိုရင် ကြာကြာထားပြီး စားလို့ ရနိုင်တဲ့ အတွက် သူတစ်ခြားအိမ်တွေကို ဝေချင်မှ ဝေဖြစ်တော့မယ်… ပတ်ဝန်းကျင်ရဲ့ ပျော်ရွှင်မှု၊ သူကိုယ်တိုင်ရဲ့ ကြည်နူးမှုဆိုတာ ဘာမှန်းတောင် သူသိလိုက်ရမှာ မဟုတ်ဘူး
    ဒီတော့ ခေတ်မီတာနဲ့ ပတ်ဝန်းကျင်နဲ့ ကင်းကွာတာဟာ တိုက်ရိုက် အချိုးကျတယ်လို့ဘဲ အတွေးတွေ ပွားလိုက်မိတယ်.

  • ကောင်းတယ်။