အရက်မူးသမား လမ်းလျှောက်သလို

ပညာရှင်တစ်ချို့က ဘဝဆိုတာ အရက်မူးသမား လမ်းလျှောက်သလိုဟု တင်ပြလာကြသည်၊ စူးစမ်းကြည့် သင့်သည် ထင်သောကြောင့် ဆက်ဖတ်ကြည့်မိသည်၊ ဖတ်မိသည်ကို လက်တွေ့ ဘဝနှင့် ယှဉ်၍ တွေးကြည့်မိသည်။

ကျွန်တော်တို့က ဘဝတွင် ရည်မှန်းချက်များ၊ မျှော်လင့်ချက်များဖြင့် ဘဝကို စနစ်တကျ ပုံဖော်ဖို့ ကြိုးစား ကြသည်၊ တစ်ချို့ဆိုလျှင် မိမိကိုယ်ကို သာမက မိမိနှင့် ဆက်နွယ်သော သားသမီး၊ မိတ်ဆွေ စသည်တို့ အပေါ်တွင်ပါ ရည်မှန်း မျှော်လင့်ထားတတ်ကြသည်၊ လူသည် မျှော်လင့်တတ်သော သတ္တဝါဖြစ်၍ ဤကဲ့သို့ မျှော်လင့်ခြင်းမျိုးကို အဆိုးဟု မဆိုသာပေ၊ သို့သော် သဘာဝကိုကား နားလည် သဘောပေါက်ရန် လိုသည်၊ မျှော်လင့်သလို ဖြစ်မလာ သည့်အခါ စိတ်ဆင်းရဲမှုကို ထိန်းချုပ်နိုင်ရန် လိုသည်၊ ကျွန်တော်တို့ လက်တွေ့ဘဝတွင် ကျွန်တော်တို့ မျှော်လင့်ထား သလောက် ဘယ်သောအခါမှ ရာနှုန်းပြည့် မဖြစ်နိုင်ပေ၊ ကျွန်တော်တို့ ဖြတ်သန်းခဲ့ရသည့် ရက်၊ လ၊ နှစ်တစ်ချို့ကို ပြန်လှည့်ကြည့်မည် ဆိုပါက ကျွန်တော်တို့ ဘဝတွင် ရည်မှန်းချက်အတိုင်း တစ်သွေမတိမ်း ဖြစ်လာမှုထက်၊ ကြုံဆုံ လာသည့် ပြဿနာတို့ကို ကြုံသလို ကျပမ်းနည်းဖြင့် ဖြေရှင်းခဲ့ရသည့် အဖြစ်များကသာ စိုးမိုးနေသည်ကို တွေ့မြင် နိုင်ပါသည်၊ မကုန်ဆုံးချင်သော်လည်း အလိုလို ကုန်ဆုံးခဲ့ရသော နေ့ရက်တစ်ချို့ နှင့်အတူ၊ လွတ်မချချင်သော်လည်း လွတ်ချခဲ့ရသော မျှော်လင့်ချက်များလည်း ရှိပေမည်။ အသက်အရွယ် ငယ်ရွယ်စဉ်မှာ မျှော်လင့်ချက်တွေက ကြီးမား၍ အသက်အရွယ် ကြီးရင့်လာသည် နှင့်အမျှ မျှော်လင့်ချက်များက ငယ်ငယ်သွားသည်ဟု အဆိုတစ်ခု ရှိသည်။ မိမိကိုယ် ကို အမှန်မမြင်နိုင်သူ တစ်ချို့ကတော့ ထိုအဆိုကို ငြင်းပယ်မည် ဖြစ်သည်။

လူသား၏ ဘဝသည် ပြဿနာတို့ဖြင့် ရောပြွမ်းနေသော ဘဝဖြစ်၍ ကိုယ်သန်ရာ နည်းတို့ဖြင့် ဘဝပြဿနာကို အဖြေရှာဖို့ ကြိုးစားကြသည်၊ တစ်ချို့က ဘဝပြဿနာကို အဖြေရှာသောအခါ ကြောင်းကျိုးဆက်နွယ်မှု အမြင်ဖြင့်သာ ပြဿနာကို ချည်းကပ်ဖို့ ကြိုးစားသည်၊ ထိုအခါ မြင်လွယ်သော အကြောင်းများကိုသာ မြင်၍၊ မမြင်လွယ်သော အကြောင်းတို့ကို မမြင်သောကြောင့် အားနည်းချက် ဖြစ်ရသည်၊ ဘဝတွင် မမြင်နိုင်သော ဆက်ထုံးများလည်း ရှိကြောင်းကို နားလည်ရန် လိုသည်၊ ပညာရှင်တို့ကမူ ကြောင်းကျိုးဆက်နွယ်မှု မရှိသော ဖြစ်ရပ်ဟု သုံးနှုန်းကြသည်။ ရှင်းအောင် ပြောရလျှင် ဘဝသည် ထင်လွယ်မြင်လွယ် အကြောင်းများနှင့် မထင်လွယ် မမြင်လွယ်သည့် အကြောင်းများ၏ ရိုက်ခတ်မှုဖြစ်စဉ် ဖြစ်သည်ဟု ဆိုလိုခြင်း ဖြစ်သည်။ ယနေ့ကဲ့သို့သော အရောအထွေး ခေတ်တွင် မိမိ၏ အမှန်ဟု ကြိုတင် လက်ခံထားသည့် ယေဘုယျ ကြောင်းကျိုး ယူဆချက်များ(Assumption) ဖြင့်သာ ပြဿနာကို အဖြေရှာမည် ဆိုပါက အမှားနှင့် ပို၍ နီးစပ်နိုင်ပါသည်။ အကြောင်းမှာ လူတို့၏ အခြေခံယူဆချက်တို့သည် အမြဲလိုလို စိန်ခေါ် ခံနေရသော အနေအထားတွင် ရှိနေသည်၊ ၎င်း ယူဆချက်တို့သည် ချွင်းချက်မဲ့ အမှန်တရား မဟုတ်ပေ၊ ချွင်းချက်မဲ့ အမှန်တရား မဟုတ်သောကြောင့် စိန်ခေါ်ခံရသည်၊ တိုက်ခိုက်ခံရသည်၊ တိုက်ခိုက်ခံရသောအခါ သဘောတရားတစ်ချို့ ယိုင်နဲ့ ကုန်သည်။ ထိုသို့ ယိုင်နဲ့ လာသောအခါ ကျွန်တော်တို့၏ ဦးတည်ရာသည်လည်း တစ်ခုပြီးတစ်ခု ပြောင်းကုန်သည်၊ ယင်းသို့ ပြောင်းသည်ဆိုသော်လည်း စနစ်တကျ ပြောင်းခြင်းမဟုတ်၊ အခြေအနေ၊ အချိန်အခါ၊ နေရာဒေသကို လိုက်၍ ပြောင်းသောကြောင့် ကြုံသလိုကျပမ်းဖြစ်မှုဟု ဆိုရပေမည်။

ဖြစ်နိုင်ခြေနှင့် အကြောင်းတိုက်ဆိုင်မှု ကံတရားဆိုင်ရာ နိယာမ (Law of probability and chance) အရ အဖြစ်အပျက် တစ်ခုတွင် ဖြစ်နိုင်ခြေသည် များစွာ ရှိနိုင်ပါသည်၊ ၎င်းနိယာမအရ လူ့ဘဝကို ဧကန်တရား (certainty)က စိုးမိုးသည် မဟုတ်၊ ဧကန်မဲ့တရား (uncertainty)က စိုးမိုးသည်ဟု ဆိုသည်။ အမှန်တကယ်လည်း ကျွန်တော်တို့ ဘဝတွင် ကြုံသလို ကျပမ်းဖြစ်မှုနှင့် အကြောင်းတိုက်ဆိုင်မှုတို့က စိုးမိုးနေခြင်း ဖြစ်သည်။ ပညာရှင်တို့ကမူ ကြုံသလို ကျပမ်းဖြစ်မှုနှင့် အကြောင်းတိုက်ဆိုင်မှုတို့သည် လူသားဘဝကိုသာ စိုးမိုးသည် မဟုတ်၊ တိရစ္ဆာန်၊ ဘူမိဗေဒနှင့် စကြာဝဠာတွင်းရှိ ဂြိုဟ်ချင်း ဆက်နွယ်မှု တို့ကိုလည်း စိုးမိုးသည်ဟု ယူဆကြသည်၊ ယင်းသို့ ယူဆသောကြောင့် လူ့ဘဝသည် အနှစ်သာရမဲ့ခြင်း၊ စနစ်တကျမရှိ ဖရိုဖရဲဖြစ်ခြင်း (Disorder) ကို ဖြစ်စေသည်ဟု မဆိုလို၊ စနစ်တကျ ဖြစ်ခြင်း (Order) ကို ဖြစ်စေသည်ဟု ယူဆကြသည်။ Randomness နှင့် Disorder ကို တွဲ၍ မြင်သည်မှ၊ Randomness နှင့် Order ကို တွဲ၍ စိန်ခေါ်ကြည့်သည်ဟု ဆိုသည်၊ သို့သော် အရာရာတွင် ချွင်းချက်ရှိမြဲ ဖြစ်၍ ထိုအယူအဆသည်လည်း ချွင်းချက်တို့ဖြင့် တည်ဆောက်ထားသည်သာ ဖြစ်သည်၊ Disorder ကို ချွင်းချက်နေရာ ထားမလား၊ သို့မဟုတ် Order ကို ချွင်းချက်နေရာ ထားမလားဟု ပညာရှင်တို့ကြား ငြင်းခုံကြသည်ဟု ဆိုသည်၊ ယင်းသို့ ငြင်းခုံနေရခြင်းကပင်လျှင် အရက်မူးသမား လမ်းလျှောက်သလို ဖြစ်နေသည်ဟု မြင်သည်။

အရက်မူးသမားသည် ဟိုဘက်သည်ဘက် ယိမ်းထိုးရင်းဖြင့် တစ်လမ်းလုံးပြည့် လျှောက်သည်၊ ထို့အတူ လူ့ဘဝကိုလည်း အရက်မူးသမား လမ်းလျှောက်သလို လျှောက်ရသည်ဟု မြင်ရန်လိုသည်၊ အရက်မူးသမား လမ်းလျှောက်ပုံကို မြင်သောအခါ လူတို့၏ ဘဝကို ကြုံသလို ကျပမ်းဖြစ်မှုက ဘယ်နည်း ဘယ်ပုံ စိုးမိုးနေသည်ကို မြင်သွားမည်ဟု ဆိုသည်။

ရည်ညွှန်း= ဆရာမောင်စူးစမ်း (အမြင် ၂၀၀၈၊ ၂၀၀၉)

  • နေ့အိပ်မက်က စိတ်ကူးယဉ်တတ်လို့လား မသိဘူး.. ကြောင်းကျိုးဆက်စပ်လား မဆက်စပ်လားတာ့မသိ.. အိပ်မက်တွေ မျှော်လင့်ချက်တွေ တပွေ့တပိုက်နဲ့ အသက်ရှင်နေတာပဲ.. အင်း.. ဒီစာထဲမှာ ပြောသလို အသက်ငယ်သေးလို့လည်း ပါရင်ပါမှာပေါ့….

    မျှော်လင့်ချက်ရှိတဲ့ သူတိုင်းက မျှော်လင့်ချက်ကို အောင်မြင်အောင် အကောင်အထည် မဖော်န်ိုင်ပေမဲ့ အောင်မြင်ခဲ့တဲ့ သူတိုင်းကတော့ မျှော်လင့်ချက်ကို ပုံဖော်ခဲ့ကြတာချည်းပဲ မဟုတ်လား…

  • ပြီးအောင်ဖတ်လိုက်တာ.. ခေါင်းမူးသွားပြီ.. .. ဆိုလိုရင်းတော့ မသိဘူး ဖတ်ရင်း တွေ့လိုက်တာကတော့ ခြွင်းချက်… ကျပန်း.. အဲဒါတွေ ပေါင်းတာမှားနေ၏…. 😛

  • ကြိုးစားတော့ လျှောက်တာပဲနော်… ဒါပေမယ့် အရပ်မူးသမားလို့ ချော်သွားရင်တော့ မပြောတတ်…. 🙂

  • ဘဝဆိုတာ အရက်မူးမမူးတော့ မသိဘူးဗျ
    ကျနော် နည်းနည်းညစ်လာရင်တော့ မူးချင်လာတယ် ဟီး
    နောက်ထပ် ရေးပါဦး ဆက်လက် အားပေးနေမှာပါ

  • chaos သဘောလို့ပြောရင် ရမှာပါ။ ကြိုတင်ပြင်ဆင်မှုနဲ့ မမျှော်လင့်သော ဖြစ်ပေါ်မှုကို
    ချိန်ကိုက်ထားနိုင်အောင် ကြိုးစားရမယ် ထင်ပါတယ်။…လူတိုင်း ချိန်ဆနိုင်အောင် တင်ပြပေးတာ ကောင်းပါသည်။

  • ဒါနဲ့ ဘာလို့ အသစ်မရှိတာလဲ

  • အတွေးတစ်စ ရလို့ တံခါးဝက အသာလေး လှည့်ပြန်ခဲ့တယ်
    ဘာလဲဆိုတာ….မမေးကြေး………..

  • မမှီဘူးဗျ…ဒါပေမယ့် အမူးသမား ပုံစံမျိုးနဲ့ အိမ်လေးဆီ
    လှမ်းဝင်လာခဲ့မိလို့ထင်ပ….။
    ခေါင်းတွေ ဘာတွေတောင် ဆောင့်လို့…