မြင်းလား ငန်းလား

ဘာလိုလိုနဲ့ ပို့စ်မရေးဖြစ်တာ ကြာသွားပြန်ပြီ၊ ဘာအကြောင်းရေးရင် ကောင်းမလဲ စဉ်းစားရင်းနဲ့ လျှောက်ရေး နေမိပေါ့။ သူငယ်ချင်းကတော့ အားပေးရှာပါတယ်။ “ညီမင်းခ၊ လုပ်စမ်းပါ၊ ပို့စ် ကောင်းကောင်းလေးတွေ ရေးစမ်းပါ” တဲ့။

ပို့စ် ကောင်းကောင်းဖြစ်အောင် ဘယ်လိုရေးရမလဲ၊ နည်းပညာအကြောင်း ရေးရအောင်လည်း ကိုယ်က ဘာမှဟုတ်တိပတ်တိ တတ်တာမဟုတ်ဘူး၊ ရသစာပေလိုမျိုးလည်း မရေးတတ်ဘူး၊ ဘာသာရေးအကြောင်းလည်း ရေးတဲ့လူကများ၊ ကျောင်းတုန်းက သူငယ်ချင်းတွေ အကြောင်း၊ ငယ်ရည်းစားအကြောင်းနဲ့ လက်ရှိ ရည်းစားတွေ အကြောင်းလည်း မရေးချင်၊ ဘာမှမထူး၊ စာအုပ်ထဲက စာတွေကိုလည်း ကူးမချချင်၊ ခက်တော့နေပေါ့၊ ဝမ်းစာ ခေါင်းပါးလိုက်တာလည်း လွန်ရောပဲ၊ သူများတွေ ဟောတစ်ပုဒ်ဟောတစ်ပုဒ် ရေးနေကြပေမယ့် ကိုယ့်မှာတော့ စာရေးမယ်လည်းလုပ်ရော တွေးထားတာတွေတောင် ဘယ်ကဘယ်လို ပျောက်ပျောက်ကုန်မှန်းမသိဘူး၊ ဒီကြားထဲ “ကိုယ်ရေးတဲ့စာကို ဖတ်တဲ့လူ တွေအတွက် တစ်ခုခုတော့ ရစေချင်တယ်”လို့ ကြီးကြီးကျယ်ကျယ် တွေးမိသေး။

ဒီလို တောင်တွေးမြောက်တွေးနဲ့ လျှောက်ရေးနေရင်းက ဆရာဖေမြင့်ရဲ့ ဂျီးနိယပ်(စ်)ဆိုတဲ့ စာအုပ်ထဲက မြင်းနဲ့ ငန်းအကြောင်းလေး သွားသတိရမိတယ်။ ဒါနဲ့ ခေါင်းစဉ်ကိုလည်း အဲဒါပဲ ပေးလိုက်တယ်။

တစ်ခါက စားကျက်မြက်ခင်းထဲမှာ မြင်းတစ်ကောင်နဲ့ ငန်းတစ်ကောင် ဆုံမိကြတယ်။ ဆုံမိကြတော့ ငန်းက မြင်းကို သဘောမကျဘူး၊ ဆောင့်ကြွားကြွားနဲ့ အားမနာတဲ့ ပုံစံလို့မြင်ပြီး “ဟေ့ ဒီမှာ ငမြင်း၊ မင်းက ခန္ဓာကိုယ်ကြီး သလောက် ဘာမှအသုံးမကျတဲ့ အလကားကောင်ပဲ၊ မင်းက ပြေးတတ်တာ တစ်ခုပဲရှိတယ်၊ ငါက မြေပေါ်မှာလည်း ကောင်းကောင်းသွားနိုင်တယ်၊ ပြီးတော့ ငါ့မှာ တောင်ပံတွေရှိနေတော့ လေထဲလည်း ပျံလို့ရတယ်၊ ရေထဲလည်း ဇိမ်နဲ့ကူးခပ်  နေနိုင်သေးတယ်၊ ကုန်း၊ရေ၊လေ သတ္တဝါ သုံးမျိုးလုံးရဲ့ စွမ်းအားတွေ ငါ့မှာ ရှိတယ်ကွ”လို့ ပြောသတဲ့။ ခေတ်စကားနဲ့ပြောရရင် ဘလိုင်းကြီး ဝင်ခွပ်တာပေါ့။ ဒါနဲ့ မြင်းကလည်း ဘယ်ခံမလဲ၊ “ဟုတ်ပါ့ဗျာ၊ ခင်ဗျားမှာ ကုန်းရေလေ သတ္တဝါသုံးမျိုးလုံးရဲ့ စွမ်းရည်တွေ စုဝေးနေတာကိုး၊ ဒါပေမယ့် ဘယ်စွမ်းရည်မှ ပြည့်ပြည့်ဝဝမရှိ၊ သုံးမျိုးလုံး မစို့မပို့ချည်းဖြစ်နေတာ ဆိုးတယ်ဗျာ၊ ခင်ဗျားပျံနိုင်တယ်ဆိုတာ မြေပေါ်က ခဏတစ်ဖြုတ် လွတ်တယ် ဆိုရုံလေးပဲ၊ ရေဆိုလည်း ငြိမ်နေတဲ့ ကန်ရေပြင်မှာလောက်သာ တရွေ့ရွေ့ကူးနိုင်တာပါ၊ ငါးတို့ ဖျံတို့လို ကျင်လည်တာ မဟုတ်ဘူး၊ မြေပေါ်မှာဆိုလည်း ကားရားကားရားနဲ့ တစ်လှမ်းလှမ်းလို့လည်း ဘယ်လောက်မှ ရောက်တာ မဟုတ်ဘူး၊ ကျုပ်က ခင်ဗျားပြောသလို တစ်မျိုးတည်းစွမ်းတာ မှန်ပေမယ့် အဲဒီတစ်မျိုးဆို တစ်မျိုး ဆိုသလောက် စွမ်းနိုင်တယ်”လို့ ပြန်ပြောသတဲ့။ ပုံပြင်လေးကတော့ ဒါပါပဲဗျာ၊ မှတ်မိသလောက် ပြန်ရေးလိုက်တာ၊ ခင်ဗျာတို့အတွက် အကျိုးရှိ၊ မရှိတော့မသိဘူး။ (ဟဲ…ဟဲ..ပို့စ်တော့ နည်းနည်း ရှည်သွားတာပေါ့)

ကဲ နောက်ဆုံးပြောချင်တာကတော့ဗျာ၊ ကိုယ့်ဘာသာကိုယ် ဘယ်လိုလူမျိုးလဲဆိုတာ စဉ်းစားနေစရာတောင် လိုမယ်မထင်ပါဘူး၊ အင်း…စဉ်းစားရမှာက “ငါ ဘယ်လိုလူမျိုး ဖြစ်ချင်လဲ” ဆိုတာပဲ မဟုတ်လား၊ လူအများစုကတော့ ငန်းလိုမျိုး ယောင်တောင်တောင်ကောင် ဘယ်ဖြစ်ချင်ပါ့မလဲနော၊ တစ်နေရာရာမှာ ထူးချွန်ပြီး စွမ်းရည်ပြည့်ဝတဲ့ မြင်းလိုပဲ ဖြစ်ချင်ကြမှာပေါ့၊ ဒါပေမယ့်လည်း post modern ဆရာကြီးတစ်ယောက် ပြောသလို “အသိက ဘဝကို ပြဌာန်းခြင်း မဟုတ်၊ ဘဝကသာ အသိကိုပြဌာန်းခြင်း ဖြစ်နေကြရ”တာလည်း ဒီအများစုကြီးပါပဲ။ အသိနဲ့ ဘဝကို ဦးဆောင်နိုင်တာက အနည်းစုလေးပါ။

အသိတစ်ခုကို သိလိုက်တာနဲ့ အဲဒီအသိအပေါ် တာဝန်ကျေခဲ့မယ်ဆိုရင်…..။

  • ကိုညီရေ။ ခင်ဗျားပိုစ်ကို ကြိုက်တယ်သိလား။ တစ်ခုခုရလိုက်စေ ချင်တဲ့ ခင်ဗျားရဲ့ ရည်မှန်းချက် ပြည့်ဝမှာပါ။ ငါ့လိုလူတွေရှိရင်ပေါ့ ဒါပေမယ့် သူတို့က မြင်းတွေချည်းဖြစ်နေကြပြီဆိုရင်တော့ မသိ ဘူးပေါ့ဗျာ။

  • အဲလိုစာမျိုးတွေ ဖတ်လိုက်ရင် အားငယ်သွားတတ်လွန်းလို့ …. မဖတ်ပါဘူးဆို .. ဒီလိုစာမျိုးကိုမှ ရွေးဖတ်မိတယ် … 🙂