ဘလော့ဂ်ကို ဘယ်လောက်ထိ ရည်မှန်းထားလဲ

ခေါင်းစီးက ခေါင်းစီးမဟုတ်ပါဘူး၊ တစ်နေ့က သူငယ်ချင်း တစ်ယောက်က မထင်မှတ်ပဲ ကျွန်တော့်ကို မေးလိုက်တဲ့ မေးခွန်းပါ။ ဒီမေးခွန်းမျိုးကို ဘလော့ဂ်ရေးနေတဲ့ ခင်ဗျားကို မေးမယ်ဆိုရင် ဘယ်လိုဖြေမလဲတော့ မသိဘူးပေါ့ဗျာ၊ ကျွန်တော်တော့ ရုတ်တရက် စကားလုံးရှာမရပဲ ကြောင်တောင်တောင် ဖြစ်သွားမိပါတယ်။ နောက်မှ “ရည်ရွယ်ချက်ရယ်လို့ မရှိပါဘူးဗျာ၊ ဒီလိုပဲ ရေးချင်ရာ လျှောက်ရေးတာ ပေါ့”လို့ ခပ်ပေါ့ပေါ့ ပြန်ပြောဖြစ် လိုက်ပါတယ်။ သူက “ရည်ရွယ်ချက် တစ်ခုခုနဲ့ လုပ်ရင် ပိုကောင်းမလားလို့ပါ”တဲ့။ ကျွန်တော် ခေါင်းခါရမလား…။ ခေါင်းညိတ်ရမလား…။ နောက်ဆုံးတော့ ခေါင်းညိတ်ပြလိုက်တယ်လို့ ထင်မိတာပဲ။

သူပြောသလိုမျိုး ဘလော့ဂ်ကို ရည်ရွယ်ချက်တစ်ခုခုနဲ့ လုပ်မယ်ဆိုပါတော့၊ ကျွန်တော် ဘာကိုရည်ရွယ်ရမလဲ၊ ဒီအခြေနေမှာရော ဘယ်လောက်ထိ ရည်ရွယ်နိုင်မလဲ၊ ခင်ဗျားမှာရော ဘလော့ဂ်နဲ့ပတ်သက်ပြီး ရည်ရွယ်ထားတာတွေ ရှိသလား၊ ရှိရင် ဘယ်လောက် အောင်မြင်နေပြီလဲ၊ ဘလော့ဂ်အပေါ်ထားတဲ့ ခင်ဗျားရဲ့ရည်ရွယ်ချက်က ခင်ဗျားဘဝနဲ့ ဘယ်လောက်ထိ ဆက်နွယ်မှုရှိလဲ၊ ကျွန်တော် လျှောက်စဉ်းစား မိနေတယ်။

နောက်စဉ်းစားမိတာ ရှိသေးတယ်ဗျ၊ ကျွန်တော့်ဘလော့ဂ်ကို လူရှိန်အောင် Title ကို “အိမ်မက်စိုက်ခင်း” လို့မပေးပဲ၊ တစ်ချို့တွေလို “Online writer association” (သို့မဟုတ်) “ရသစာပေ အနုပညာ ဘလော့ဂ်”လို့ ပေးရင် ကောင်းမလား…။ ဒါမှမဟုတ် “ဤဘလော့မှ စာများကို ခွင့်ပြုချက်မရပဲ မည်သည့်နေရာတွင်မှ ကူးယူသုံးစွဲ ခွင့်မပြု” (သို့မဟုတ်) “ဤဘလော့မှ စာများကို မည်သည့်နေရာတွင် မဆို အသုံးပြုနိုင်သည်” လို့ ခပ်တည်တည်နဲ့ ရေးထားရင် ကောင်းမလား။ အဲဒီလိုလဲ ရေးလို့က မဖြစ်သေးဘူး၊ ကိုယ်က ဘာမှဟုတ်တိပတ်တိ ရေးတာမဟုတ်သေးပဲနဲ့ ကိုယ့်ကိုယ်ကိုယ် ပစ္စလက်ခတ် အထင်ကြီးရာ ရောက်သွားမယ်။ နိုင်ငံရေးအကြောင်းလဲ မရေးရဲဘူးဗျာ၊ ဘလော့ဂ်လောကမှာလည်း “အသားထဲကလောက်” တွေက အများသား မဟုတ်လားဗျ။

အင်း… ဘလော့ရေးသူ အမျိုးမျိုး ရှိတာဆိုတော့ ရည်ရွယ်ချက်လည်း အမျိုးမျိုးပေါ့လေ။ လူဆိုတာကလည်း သူ့ဗီဇနဲ့သူ မှန်တယ်လို့ ထင်နေကြတဲ့ သတ္တဝါတွေချည်းပဲဟာ၊ ကိုယ့်လမ်း ကိုယ်လျှောက်တယ် ဆိုပေမယ့် သူများကို အဆိပ်ခပ်ပြီးမှ ကိုယ့်လမ်းဖောက်တာ မျိုးတော့ မဖြစ်သင့်ဘူးလို့ ထင်တာပဲဗျာ။

  • azai

    ကိုညီရေ။ ဒီလိုပေါ့ဗျာ။ ဘယ်အရာမဆို လေးလေးနက်နက် ခံစားရင် ပွဲတန်းမှာ သားရေကွင်း ပစ်တာတောင် ပျော်စရာကောင်းမှာ မဟုတ်ပါဘူး။

  • Joker (jolay)

    Life’s Like That ! Bro ! 🙂 ! every Time And every Day ! You Can see of good of your dream ! i wish you bro 🙂 ! jolay

  • ဘာတွေဘယ်လိုခံစားလာရလို့လဲ

  • ရေးချင်ရာရေးရလို့ ဘလော့ဂ်ကိုချစ်တယ်။

    လူတွေကို တစ်ခုခု ပေးစွမ်းနိုင်ပါစေဆိုတဲ့ စေတနာ ရှိတယ်။

    ကိုယ်အစွမ်းအစအပေါ်မူတည်ပြီး ထိရောက်မှုရှိချင်မှ ရှိမှာပေါ့။

    ဒါပေမယ့် အားလုံးကို လေးစားတယ်။

    ခမ်းကီး

  • myohan006

    ဘလောက်ကို ဗဟုသုတ မျှဝေရာ။ ခံစားချက်ခြင်းဖလှယ်ရာ။ စိတ်တစ်ခုရဲ့ ထွက်ပေါက်တစ်ခု အဖြစ် အသုံးချစရာနေရာ တစ်ခု ဖြစ်ရမယ် လို့ ကျွန်တော်တော့ ထင်တယ်။

    နောက် ကျွန်တော်တို့ နိုင်ငံကြီးတိုးတက်လာတဲ့အခါ ကြတော့ Pro အဆင့်ကို ရောက်ဖို့ လေ့ကျင့်နေတယ်လို့ဖြေလိုက်ပေါ့ဗျာ။

    🙂

  • ကိုယ်တို့ကတော့ ပြောပြီးသားပဲ….
    စကားလုံးတွေ ပြောချင်တာတွေ များလာရင် ၊ တစ်ယောက်ယောက်ကို ပြောချင်တာတွေ ပြောလို့မရရင် ၊ ပြောဖို့ အခြေအနေမပေးရင် စာရေးတယ်… ဟီး …. နောက်ပြီး ဖတ်ထားတာလေးတွေထဲက ကောင်းကောင်းလေးတွေ့လို့ ရှယ်ချင်စိတ်ပေါက်လာရင်လည်း စာရေးတယ်…. ဘယ်လိုပဲ ဖြစ်ဖြစ် ရေးတဲ့လူတိုင်း တစ်ခုခုတော့ ရသွားစေချင်တဲ့ ဆန္ဒလေးတော့ ရှိမယ်ထင်တယ်နော်….

  • ကိုယ့်ဒေသ အကြောင်းလေးတွေကို သူများတွေ သိအောင်းရေနေတာကို ကော ဘလောက်လို့စေါ်ရမလား ?
    ဘလော့ ရေးတယ်ဆိုရင် ဘယ်လိုအင်္ဂါရပ်တွေနဲ့ ပြည့်စုံမှ ဘလော့ဆရာလို့ ခေါ်လို့ရမလဲ ….
    ကျနော်တို့ တစ်တွေဟာ ကိုယ်ဝါသနာပါရာ ထုတ်ဖော်နေကြတဲ့သူတွေချဉ်းပဲ မဟုတ်လား။
    ….ကိုညီရဲ့ အတွေးအခေါ်မျိုးတော့ လိုက်မမှီဘူး ဗျ ..

    indawshan