ကတ်သီးကတ်သတ် တွေးတတ်သူများ

ကြီးကြီးကျယ်ကျယ်တော့ မဟုတ်ပါဘူး။ ကတ်သီးကတ်သတ် တွေးတတ်သူတွေ အတွက် ကျွန်တော်လည်း ကတ်သီးကတ်သတ် ပြန်တွေးကြည့်တာပါ။

ငယ်ငယ်တုန်းက ကြားဖူးတာရှိတယ်။ “မင်းတုန်းမင်းကြိးကို သနားတယ်” တဲ့။ သူ့ခမျာ ရေခဲ့မုန့်တောင် မစားဖူးလိုက်ဘူး ဆိုပဲ။ (မင်းတုန်းမင်းကသာ ခင်ဗျားကို ပြန်သနားရင် သနားနေဦးမယ်) အခုလည်း လာပြန်ပြီ။ လက်ဘက်ရည်ဝိုင်းမှာ သူငယ်ချင်းတစ်ယောက် ထပြောတာက “နတ်ပြည် နတ်ပြည်နဲ့ ပြောနေကြတာ၊ နတ်ပြည်မှာ အင်တာနက်ရှိလား၊ ဂိမ်းရှိလား၊ ကားရှိလား၊ တိုက်တွေ ရှိလား၊ မီးလာတာ မလာတာတွေ မျှော်လင့်စရာရှိလား၊ နတ်ပြည်ကို ဘာလို့ သွားချင်ကြတာတုန်း၊ နတ်ပြည်မှာ တက်ပြီး ဒီတိုင်း တက်ထိုင်နေရရင် နတ်ပြည်ဆိုတာ ဘာအဓိပ္ပါယ်ရှိမှာလဲ”တဲ့။ ကဲ ခက်မနေဘူးလားဗျာ။ သူပြောတာလည်း ဟုတ်တုတ်တုတ်လို့ ရုတ်တရက် ထင်မိသား။ ခင်ဗျားတို့လည်း အဲဒီလိုပဲ တွေးမိမလားဘဲ။

တကယ်တော့ အဲဒီလို မဟုတ်ဘူးဗျ။ နတ်တွေရဲ့ ခံစားရာကို လူရဲ့ ခံစားရာလို သွားတွေးလို့မရဘူး။ ဖြန့်ထွက်တွေး ကြည့်တာလေ။ ဒီလောကမှာပေါ့ ကြွက်တွေ။ ပိုးဟပ်တွေ၊ ပုရွက်ဆိတ်တွေ ကွန်ပျူတာခန်းထဲမှာ ရှိရှိနေတတ်တယ်ဗျ။ ဒါပေမယ့် ဒီကောင်တွေ အင်တာနက်မသုံးရလို့ ကွန်ပျူတာ မကိုင်ရလို့ ဂိမ်းမဆော့ရလို့ စိတ်ညစ်နေတဲ့ကောင် တစ်ကောင်မှ မပါဘူး။ ကြိုးကို ကိုက်ဖြတ်မဲ့ကောင်နဲ့၊ ဆားကစ်လမ်းကြောင်းမှာ သေးပါချမဲ့ကောင်နဲ့ CPUလို ကတ်သီး ကတ်သတ်နေရာကို ဝင်မဲ့ကောင်နဲ့ ချည်းပဲ။ အင်တာနက် သုံးလိုက်အုံးမှ G-talk လိုက်ဦးမှ ဆိုတဲ့ကောင် တစ်ကောင်မှ မပါဘူး။ ဒါပေမယ့် ဒီကောင်တွေ ကြိုးကို မကိုက်ရရင် ဆားကစ်လမ်းကြောင်းပေါ် သေးပေါက်မချရရင် ဟိုကြိုဒီကြားထဲ မဝင်ရရင်တော့ တော်တော် စိတ်ညစ် တော်တော်ပျင်းမယ့် ကောင်တွေ ဖြစ်သွားရမှာ သေချာတယ်။

ဆိုလိုချင်တာက သတ္တဝါတွေဟာ ကိုယ်မတွေ့ဖူးတဲ့ အာရုံ၊ မသိဖူးတဲ့ အာရုံ၊ မခံစားဖူးတဲ့ အာရုံကို ဘယ်တော့မှ မတမ်းတဘူး ဆိုတာပါပဲ။ မင်းတုန်းမင်းခေတ်မှာ ရေခဲမုန့်မရှိဘူး။ ဒါကြောင့် မင်းတုန်းမင်း ရေခဲ့မုန့်ကို လုံးဝမတမ်းတခဲ့ဘူး။ နတ်ပြည်က နတ်သားတွေလည်း အင်တာနက်ကို ဂိမ်းကို ကွန်ပျူတာကို (No) နိုးပဲ။ ခင်ဗျားက လူသားတစ်ယောက်ဖြစ်တဲ့ အတွက် နတ်တွေရဲ့ စိတ်ကို ဘယ်လိုမှ အစားထိုးပြီး မတွေးခေါ်နိုင် နတ်တွေရဲ့ လိုအင် နတ်တွေရဲ့ တပ်မက်မှုကို မသိနိုင်ပါဘူး။ ဒီတော့ ဒီလို နားလည်ရမယ်။ နတ်ဖြစ်ရင် နတ်ခံစားမှုပဲ ရှိမယ်။ လူဖြစ်ရင် လူခံစားမှုပဲ ရှိမယ်။ ကြွက်ဖြစ်ရင် ကြွက်ခံစားမှုပဲ ရှိမယ်။ အဲ ခွေးဖြစ်ရင်လည်း ခွေးခံစားမှုပဲ ရှိမယ်ဗျ။

ဒီလို ဒီလို။ ပုံပြင်လိုလို အတည်လိုလို ဟာသတစ်ခု ရှိတယ်။ မောင်ဝဏ္ဏ ရေးထားတာလေးပါ။ တစ်ခါက တဲ့။ တံတိုင်း တစ်ခုရဲ့ တစ်ဖက်စီမှာ ခွေးတစ်ကောင်စီရှိတယ်။ တစ်ဖက်က ခွေးက အေးဆေးပဲ စားလိုက်ရုံ အိပ်လိုက်ရုံပဲ။ တစ်ဖက်က ခွေးက အစာရှာလိုက်၊ မ၀ရေစာစားလိုက်၊ ဟိုဟိုဒီဒီ သွားလိုက်ပါပဲ။ ဒီလိုနဲ့ တစ်နေ့တော့ အေးအေးဆေးဆေးနေရတဲ့ ခွေးက တံတိုင်းတစ်ဖက်ကို ကူးလာပြီး နေခွင့်တောင်းသတဲ့။ ဟ ဘာလို့တုန်း ဆိုတော့ “ဟိုဘက်မှာ အစစ အရာရာ အဆင်ပြေတာတော့ ဟုတ်တယ်ကွ၊ ဒါပေမယ့် ငါ အဲဒီမှာ မဟောင်ရဘူးကွာ၊ ခွေးဖြစ်ပြီး မဟောင်ရတာလောက် အရသာမဲ့တာ ဒီလောကမှာ ရှိကို မရှိဘူးထင်ပါတယ်ကွာ”တဲ့။ ကဲ…။ နတ်ပြည်မှာ အင်တာနက် မရှိဘူး ဆိုသူတို့ရေ…။ ကတ်သီးကတ်သတ် တွေးကြည့်ဖြစ်တဲ့ အတွေးလေး တစ်ခုပါ။

  • ဟားဟား…. တိုရီးကလည်း ကပ်သီးကပ်သပ်ပဲ၊ ဟားဟား မှန်ပါ့ မှန်ပါ့။

  • ကပ်သီကတ်သပ်ဆိုပေမယ့် အတွေးခေါ်ကောင်းပါတယ်။ ကျွန်တော်လဲ ညကျရင်စဉ်းစားဦးမယ်..။
    ကတ်သီးကတ်သပ်တွေကိုလေ…………….။

  • name

    ဘလော့လေးလှလို့ . ကြည့်ပြီးသဘောကျနေတာ … ဖတ်ရင်းပို့စ်တေလဲကြိုက်သွားပြီ