ပတ်တရောင် အက်ဆေး

(၁)

လွန်ခဲ့သောသုံးလခန့်က ဖြစ်သည်။ ညဦးပိုင်း ထိုင်နေကျ လက်ဖက်ရည်ဆိုင် ရောက်တော့ ချိန်းထားသည့် သူငယ်ချင်းများက မရောက်သေး၊ အတွင်းဘက် ဝိုင်းများတွင် လူပြည့်နေသည်၊ အပြင်ဘက် သစ်ပင် အောက်တွင် ခုံတန်းရှည်နှင့် ကျွန်တော်တို့က vip ဟု နာမည်ပေးထားသည့် စားပွဲတစ်ဝိုင်းသာ ကံကောင်းစွာ လူလွတ်၍ နေသည်။ ခါတိုင်းနေ့များ ဆိုလျင် ထိုဝိုင်းတွင် လူပြတ်သည် မရှိ၊ လေညှင်းခံရင်း လွတ်လပ်စွာ ထိုင်၍ ကောင်းသောကြောင့် ဖြစ်သည်။

ကျွန်တော်က ထိုဝိုင်းအနီးသို့ သွားကာ “ဒီဝိုင်းက ဗွီအိုင်ပီတွေ ဘယ်ရောက်ကုန်တာလဲ” ဟု ပြောပြောဆိုဆို ဝင်ထိုင်လိုက်သည်။ ထိုစဉ်မှာပင် လမ်းတစ်ဖက်က ကူးလာသော ပတ်တရောင် နယ်ထိန်း ရဲကြီးက “ဒီမှာလေ”ဟု ပြောကာ ကျွန်တော့် ဘေးတွင် ဝင်ထိုင်လာသည်။ မထင်မှတ်ပဲ ထိုနယ်ထိန်းရဲကြီးနှင့် ကျွန်တော် စကားတွေ ပြောဖြစ်သွားကြသည်။ စကားရှိန်လေးလည်း ရလာတော့ … “ညီလေး မင်းစဉ်းစားကြည့်ကွာ၊ ရဲလည်းလူ၊ လူလည်း လူပါပဲ၊ ကိုယ်တော့ လူပီသအောင် နေတယ်” ဟု သူက ပြောသည်။

“ဟုတ်တယ်ဗျ၊ လူ့ဘဝမှာ လူပီသဖို့ အရေးအကြီးဆုံးပဲ၊”
ကျွန်တော်က ဘာရယ်မဟုတ် အလိုက်သင့် ထောက်ခံစကား ဆိုမိသည်။

“ကိုယ် ဖတ်ထားဖူးတာ ရှိတယ်၊ ပိုက်ဆံ နောက်ချည်း လိုက်နေတဲ့ လူဟာ လူအများရဲ့ ခင်မင်မှုကိုလည်းကောင်း၊ ဂုဏ်သိက္ခာကို လည်းကောင်း ဆုံးရှုံးရလိမ့်မယ် တဲ့၊ ကိုယ်တော့ ဒီလို မဖြစ်ချင်ဘူး၊ လူပဲ ပိုက်ဆံတော့ လိုတာပေါ့ကွာ၊ ဒါပေမယ့် အမြီးကျက် အမြီးစား၊ ခေါင်းကျက် ခေါင်းစား လုပ်နေရင် လူဘယ်ပီသတော့ မလဲ၊ ကိုယ်ကတော့ အခွင့်ရှိတိုင်း မလုပ်ဘူး ညီလေးရေ၊ ကံကို အားကိုးပြီး လုပ်တယ်၊ သူ့ဘက် ကိုယ့်ဘက်ကြည့်တယ်။ ပိုက်ဆံတော့ ဖောဖောသီသီ မရှိဘူး ပေါ့ကွာ၊ ဒါပေမယ့် စိတ်တော့ ချမ်းသာရတယ်ကွ၊ ကိုယ့်ကို ချစ်ခင်တဲ့လူတွေ ပေါတယ်လို့လည်း ခံစားရတယ်။”

မှန်တာ ပြောရလျှင် ကျွန်တော်က စစ်သားတို့ ရဲသားတို့ဆိုတာတွေကို သိပ်ကြည့်ရသည် မဟုတ်၊ ဒါကလည်း ငယ်စဉ်ကတည်းက ဘဝအပေါ် ရိုက်ခတ်ခဲ့သော သူပြောသလို လူမဆန်သည့် ပုံရိပ်များ ကြောင့်ပဲ ဖြစ်သည်။ ထိုနယ်ထိန်း ရဲကြီးကိုတော့ သူ့စကားသွား သဘောထားများကြောင့် ကျွန်တော် လေးစားသွားမိကြောင်း ဝန်ခံရပါမည်။

(၂)

ယခုအချိန်တွင်တော့ “လူပီသခြင်း” ဟူသော စကားလုံးကို ဥာဏ်မီသမျှ စဉ်းစား ကြည့်မိနေသည်။ လူပီသခြင်းဆိုတာ ဘာလဲ၊ လူသားတိုင်းကတော့ သူ့ကိုယ်သူ လူပီသတယ်၊ (သို့မဟုတ်) လူပီသအောင် ကြိုးစားနေထိုင်တယ်လို့ ထင်ကောင်း ထင်နေနိုင်သည်ပဲ ဖြစ်သည်။ ကျွန်တော်တို့ အားလုံး ဘဝမှာ အကောင်းဆုံးပုံစံနှင့် နေထိုင်ကြတာပဲလို့ ကိုယ့်ကိုယ်ကိုယ် ထင်နေတတ်ကြသည်ပဲ မဟုတ်လား။

ဟိုးအဝေးက အတိတ်သမိုင်းတွေထဲက ကိစ္စတွေ ခဏထားလိုက်ကြပါစို့၊ မကြာသေးခင်က ကျွန်တော်တို့ ကိုယ်တွေ့သမိုင်းများကို ပြန်ကြည့်မည်ဆိုလျှင် ၉/၁၁ ကို ဖန်တီးခဲ့သော အိုစမာဘင်လာဒင်၏ လုပ်ရပ်၊ လူပေါင်း ၉၀ ကျော်ကို သတ်ဖြတ်ခဲ့သော နော်ဝေးလူသတ်သမား ဗရိုင်းဗစ်ဆိုသူ၏ လုပ်ရပ်၊ လုပ်ပိုင်ခွင့် အာဏာကို အမီပြု၍ သူတစ်ပါးတို့၏ အကျိုးစီးပွား၊ အများ၏ အကျိုးစီးပွားကို လျစ်လျူရှုကာ လုပ်ချင်သလို လုပ်ပြီး အမှန်ဟု ကြွေးကျော်တတ်သော သူတို့၏ လုပ်ရပ် စသည်ကို လူမဆန်သော လုပ်ရပ်များအဖြစ် ကျွန်တော်တို့ သိရှိ ခံစားခဲ့ကြပြီး ဖြစ်သည်။

(၃)

သို့ဖြစ်လျင် လူပီသခြင်း ဟူသည် မိမိနိုင်စွမ်းသမျှ သူတစ်ပါးအကျိုးကို ဆောင်ရွက်ပေးခြင်း၊ စုပေါင်းပါဝင်တတ်ခြင်း၊ သူ့ဘက်ကိုယ့်ဘက် ကြည့်တတ်ခြင်း၊ အများ၏ ကောင်းသော ဆန္ဒကို လက်ခံနိုင်ခြင်းဟု အပြန်အားဖြင့် ယူဆရမည် ထင်သည်။

သို့သော် ထိုလူပီသခြင်းဆိုသော စကားလုံးသည် ထိုထက်မက ကျယ်ဝန်းနက်ရှိုင်း ပေလိမ့်မည်။ သူတော်စင်တို့၏ လူပီသခြင်း၊ ပညာရှင်တို့၏ လူပီသခြင်းနှင့် လူသာမန်တို့၏ လူပီသခြင်းတို့မှာ ကွဲပြားခြားနားနိုင်သည်။ ထို့ပြင် လူသာမန်တို့သော်မှ တစ်ဦးချင်းစီ၏ စွမ်းဆောင်ရည်ကို လိုက်၍ လူပီသခြင်း ဟူသော ပေတံမှာ အတိုအရှည် မတူညီနိုင်ဟု နားလည် မိသည်။ “လူပီသခြင်း” ဆိုသည်ကို တပြေးညီ စံတစ်ခုတည်း သတ်မှတ်၍ တန်းညှိရန်မသင့်ဟု ထင်မိသည်။

စင်စစ် “လူပီသခြင်း” ဆိုသော စကားလုံးသည်ပင် အရောအထွေးဆန်လှသည်။ ထင်မှတ်မှားမှုတစ်ခု ဖြစ်နိုင်သလို၊ အစစ်အမှန်လည်း ဖြစ်နိုင်သည်။ တစ်သီးပုဂ္ဂလ အမြင်နှင့် ဆိုင်သော စကားဖြစ်သလို အပေါင်းအစု ဗဟုဝါဒနှင့် ဆိုင်သော စကားလည်း ဖြစ်နေပြန်သည်။

မည်သို့ဖြစ်စေ ပတ္တရောင် နယ်ထိန်းရဲကြီးကဲ့သို့ လူပီသသော လူများ (သို့မဟုတ်) လူပီသအောင် ကြိုးစား နေထိုင်သော သူများ ကျွန်တော်တို့ ဝန်းကျင်တွင် များများစားစား လိုအပ်နေသေးသည်ကတော့ အမှန်ပင် ဖြစ်သည်။