အရှေ့မြောက်သို့ မိုင်ခုနှစ်ဆယ်

(၁)

ဝသန်မိုးကာလ ဖြစ်၍ တခြားသော အရပ်များတွင် အေးချမ်း စိုစွတ်ကောင်း စိုစွတ်နေမည် ဖြစ်သော်လည်း၊ ပဇ္ဖုန်နတ်သား၏ အကျီစားခံ သည်နယ်မြေ တွင်တော့ လမ်းမ ကြီးငယ်များနှင့် မြင်မြင်သမျှ အရာရာတိုင်းကို သွေ့ခြောက်မှုက ကြီးစိုးလျက် ရှိသည်။ တစ်ခါတစ်ရံ လေအဝှေ့တွင် လမ်းမပေါ်ရှိ ဖုန်မှုန့်များနှင့် အမှိုက်များက ခပ်ကြမ်းကြမ်း ကခုံတတ်သေး၏။ သူရိယ နေမင်းကြီးကလည်း သည်ဝန်းကျင်ကိုမှ အချစ်ပိုကာ အပူတွေ ပိုနေရော့သလား ထင်ချင်စရာ။

(၂)

သီရိမန္တလာ အဝေးပြေးကားဝင်း အတွင်းတွင်တော့ ဝမ်းရေးမှလွဲ၍ ဘာကိုမှ အမှုမထားနိုင် အားသော ခေါင်းရွက်ဈေးသည်များ၊ ဂျာနယ် လက်ပွေ့အရောင်းသမားများ၊ ကုန်တင်ကုန်ချ အလုပ်ကြမ်းသမားများ၊ အကြောင်းကြီးငယ် အမျိုးမျိုးဖြင့် ခရီးသွားမည့်သူများ၊ ခရီးသွားများကို အော်ဟစ်ခေါ်ငင်နေသော ကားစပယ်ယာတို့၏ အသံများ၊ ဝင်လာလိုက် ထွက်သွားလိုက်ဖြင့် ကားကြီးကားငယ်များ စသည်ဖြင့် ဆူညံ၊ ရှုပ်ထွေး၊ စည်ကားလျက်။

သွားရမည့် ခရီးအတွက် ကားလက်မှတ်ဖြတ်အပြီး စီးရမည့်ကားပေါ် တက်လိုက်တော့ ကုန်များဖြင့် ပြည့်ညှပ်နေသည်ကို တွေ့ရသည်။ နေပူပူ လူကြပ်ကြပ် ကုန်အပြည့်နှင့် ကားပေါ်တွင် ပူအိုက်လိုက်သည့် ဖြစ်ခြင်း၊ ကားထွက်တော့မှပင် အနည်းငယ် အသက်ရှူချောင်ရတော့သည်၊ သည်ကြားထဲ ကိုယ်ထိုင်ရသည့် ခုံက ကျနေထိုးသည့်ဘက် ဖြစ်နေပြန်သည်။ သည်လို အခြေအနေနှင့် ခရီးသွားရသည်မှာ စိတ်ရောကိုယ်ပါ နောက်ကျိကျိ နိုင်လှသည်၊ အော်… တာထွက်မကောင်းသည့် ခရီးတစ်ခုဟု မှတ်ချက်ပြုရုံသာ။

(၃)

သည်လိုနှင့် ကားစထွက်ပြီး တစ်နာရီသာသာတွင် မြင်ကွင်းတို့မှာ တဖြည်းဖြည်း ပြောင်းလဲလာသည်။ သွေ့ခြောက်ခြောက် မြင်ကွင်းတို့အစား စိုစိမ်းလတ်ဆတ်သော မြင်ကွင်းတို့က အစားထိုးလာနေကြသည်။ လမ်းဘေးဝဲယာတွင် ကျွန်းစိုက်ခင်းပင်တန်းများ၊ မလေးရှား ပိတောက်ပင်များနှင့် တခြားအမည်မသိ သစ်ပင်ကြီးငယ်တို့က အပူကို တတ်စွမ်းသမျှ အကာအကွယ်ပေးနေကြသည်။ ကားပြတင်းမှ ခပ်လှမ်းလှမ်းသို့ လှမ်းကြည့်လိုက်လျှင် သစ်ပင်ငယ်ငယ် အုပ်အုပ်တို့ဖြင့် တပိုင်တနိုင် စိုစိမ်းလန်းဆန်း နေသော တောင်တန်းငယ်များကို ဟိုမှသည်မှ တွေ့လာရသည်။

အမြင်၏ ပြောင်းလဲခြင်းနှင့်အတူ အတွင်းစိတ်ခံစားမှုများပါ လိုက်ပါ ပြောင်းလဲလာသည်။ ကားပေါ်ရောက်စဉ်က အိုက်လှောင် မွန်းကျပ်လှသော ဝေဒနာတို့မှာလည်း ယခုလို လတ်ဆတ်သော သဘာဝတို့၏ အပွေ့အဖက်ကို ခံစားလိုက်ရတော့ လန်းဆန်းတက်ကြွမှု အဖြစ် ပြောင်းလဲသွားသည်။ ဤသို့ဖြင့် ပုသိမ်ကြီး၊ မတ္တရာ၊ စဉ့်ကူး နယ်ခြား မှတ်တိုင်များကို ကျော်ဖြတ်လာခဲ့သည်။

(၄)

ခရီးဆုံးရောက်တော့ နေဝင်လုပြီ၊ ရောက်နေသည့်နေရာကား အလယ်ပိုင်း တောင်ပေါ်ဒေသ ဟုခေါ်ရမည် ထင်၏။ မန္တလေး၊ မိုးကုတ်၊ ဗန်းမော် ကားလမ်းမပေါ်မှ ခွဲထွက်ကာ အရှေ့စူးစူးသို့ တိုးတက်သွားသည့် လမ်း၊ ကျောက်ခဲလုံးကြီးများ ထိုးထိုးထောင်ထောင်နှင့် သည်တောင်တက်လမ်း တလျှောက် ဆိုင်ကယ် ကယ်ရီဖြင့် ခရီးနှင်ခဲ့ရသည်မှာ ရင်ဖိုစရာပင်ဖြစ်သည်။ အတူလာသော သူငယ်ချင်းပါသည့် ဆိုင်ကယ်က နောက်မှာ ကျန်ခဲ့သဖြင့် တစ်ခုခုများ ဖြစ်နေပြီလားဟုပင် တွေးပူမိသေးသည်။ ပူလည်းပူစရာပင်ဖြစ်သည်။ လမ်းတို့မှာ ကားနှစ်စီး လွတ်ရုံမျှ ကျယ်ပြန့်၍၊ မိုးရေများ တိုက်စားထားသဖြင့် တစ်လျှောက်လုံး ချိုင့်များ၊ ကျင်းများဖြင့် ပြည့်၍ နေသည်။ ကျောက်ခဲလုံးများပေါ် ဖြတ်နင်း၍ သွားလာ၊ မောင်းနင် နေကျဖြစ်သော ဒေသခံ ဆိုင်ကယ်သမားတို့မှာ မည်သည့်ပြဿနာမျှ မရှိ၊ ကိုယ်သည်သာ မကြုံဖူးသည့် အတွေ့မို့ အစိုးရိမ်ပိုမိခြင်း ဖြစ်သည်ဟု မကြာခင် နားလည်လာရသည်။

(၅)

“ဒီရွာက ကလေးတွေက စာကို သိပ်စိတ်မဝင်စားကြဘူးဗျ၊ အရွယ်လေးရောက်တော့ လုပ်ကွက်ထဲဆင်းပြီး ရွှေရှာတာလောက်ပဲ စိတ်ဝင်စားကြတယ်။ စာတွေပေတွေထက် လတ်တလော ဝမ်းရေးက ပိုအရေးကြီးတာကိုးဗျ။ စာသင်ခန်းထဲ စာထိုင်ကျက်နေတာထက်၊ လုပ်ကွက်ထဲ ဆင်းတာက တစ်နေ့ ၃-၄ထောင် ရတာဆိုတော့ ကလေးတွေလည်း အလုပ်ပဲ လုပ်ချင်နေကြတာပေါ့။”

“ရွာမှာ လူတွေကတော့ ဒေသစုံကပဲ၊ ကျွန်တော်ဆို ၈၈ အရေးအခင်းမတိုင်ခင်က ရေကြည်ရာ မျက်နုရာရှာရခြင်းရောက်လာတာ၊ ကျွန်တော်ရောက်စကဆို အိမ်ခြေ ၂၀ ၃၀ လောက်ပဲရှိဦးမယ်၊ ခုတော့ ငါးရာကျော်နေပြီလေ။ အစိုးရကျောင်းမရှိပေမယ့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ရှိနေတာဆိုတော့ ကလေးတွေ ပညာရေးအတွက် စိတ်အေးရတာပေါ့ဗျာ၊ ဒီအတွက်ကြောင့်ပဲ ကျွန်တော်တို့ တစ်ရွာလုံးက ဆရာတော်ကို ချစ်ကြောက်ရိုသေနေကြတာပေါ့၊ နောက်ပြီး ဆရာတော်ကျေးဇူးကြောင့်ပဲ ကျွန်တော်တို့ရွာ ခုလို စည်းလုံးညီညွတ်နေတာပေါ့” “ကျွန်တော်တို့ ရွာမှာ ရွှေကလွဲလို့ ဘာမှမထွက်ဘူးလေ၊ မနက်မနက်ဆို အောက်ကနေ ဆိုင်ကယ်တွေနဲ့ ဈေးသည်တွေ လာရောင်းကြတာ၊ အသီးအရွက်၊ အသားငါး၊ ဘုရားပန်းကအစ အစုံပဲဗျ” ရွာခံ လူများက ဖော်ရွေစွာ ပြောပြကြသည်။

(၆)

နောက်နေ့ ရွာထဲ လျှောက်ကြည့်တော့ အတော်သာယာလှသော ရွာကလေးတစ်ရွာဖြစ်ကြောင်း တွေ့ရသည်။ တခြားရွာများတွင်ရှိသော အရာများအားလုံး သည်ရွာတွင် တွေ့ရသည်။ ရွာကလေးကတော့ ကုန်းတက်ကုန်းဆင်းများနှင့် ကွေ့ကွ့ကာက်ကောက် ဖြစ်သည်။ ဘုန်းတော်ကြီးကျောင်း ဘုရားတောင်ပေါ်က တက်ကြည့်တော့ ရွာပတ်ဝန်းကျင် လုပ်ကွက်တွေထဲ မြေသားနီနီတွေ၊ တစ်ချို့မှာ မြေတူထားသဖြင့် ချောင်းလိုအင်းလို ချိုင့်ဝှမ်းများ၊ ကုမ္ပဏီတွေက လေလံဆွဲထားသည့် လုပ်ကွက်များကို မျက်စိတစ်ဆုံး မြင်နေရသည်။ ရွာနေလူအများစုကတော့ လုပ်လုပ်စားစားမျှသာ၊ တွင်းအောင်ထားသည့် လူအချို့သာ စိုစိုပြေပြေ နေနိုင်သည်ကို တွေ့ရသည်။ “ဒါကလည်း မည်သူ့ကိုမှ အပြစ်ပြောနေလို့ ရသည် မဟုတ်ပဲလေ၊ နေရာဒေသတူသော်လည်း ကံဥာဏ်ဝီရိယဆိုသည်က တူနိုင်သည်မှ မဟုတ်ပဲ၊ သည်လိုနေရာကို လာပြီး ကွမ်းယာရောင်းရင်း အောင်သမာဓိရွှေဆိုင်ဆိုတာကို တည်ထောင်နိုင်ခဲ့တဲ့ လက်ပန်လှရွာသား ဦးအောင်ဆန်းဝင်းလိုလူ ရှိသလို၊ ဒုံရင်းဒုံရင်းက မတက်နိုင်သူတွေလည်း ရှိမှာပါပဲ၊ ထိုထက် ဘဝပါပျက်သွားတဲ့ လူတွေလည်း ရှိကောင်းရှိနိုင်တာပဲပေါ့”ဟု ကျွန်တော်က ရှုမျှော်ခင်းတွေ ကြည့်ရင်း တွေးမိနေစဉ်၊ “ဟိုး အရှေ့မြောက်ဖက်ကို ဆက်သွားရင် ရှမ်းပြည်နယ်၊ နောင်ချိုဘက်ကို သွားပေါက်တယ်ဗျ၊ တောတွေ တောတွေတော့ ဖြတ်ရတာပေါ့”ဟု ပတ်ဝန်းကျင် ရှုမျှော်ခင်းတွေ လိုက်ပြသူက ပြောပြနေသည်။

(၇)

နောက်တစ်နေ့မှ ဘုန်းတော်ကြီးကို သွားရောက်ဖူးမြှော်ဖြစ်သည်။ ဆရာတော်က “ဒကာလေးတို့ ခုလိုရွာကို တကူးတက ရောက်တုန်း ရောက်ခိုက် လေ့လာစရာတွေ လေ့လာသွားပေါ့၊ အထွေအထူးတော့ မရှိပါဘူး၊ တစ်ရွာလုံးက ရွှေကျင်တယ်၊ ရွှေရှာတယ်၊ ဒါပါပဲ၊ ဒကာလေးတို့က မြို့သားတွေ ဆိုတော့ မြင်ဘူးချင်မှ မြင်ဘူးမယ်၊ အေးအေးဆေးဆေး နေပေါ့” ဟု ပြုံးရွှင်စွာ မိန့်သည်။ မြို့နယ်ဘကဥက္ကဋ္ဌတာဝန် ယူထားရသည့် ဆရာတော်မှာ ထိုရက်အတွင်း မြို့နယ်အဆင့် ပညာရေး အစည်းဝေးကို မိမိကျောင်းတွင် ကျင်းပဖို့ရန် စီစဉ်ညွှန်ကြား နေရသည်နှင့် ကျွန်တော်တို့ကို စကားပင်ကောင်းကောင်း မပြောနိုင်အားပါ။ ဆရာတော်သည် တစ်ချိန်က ရဟန်းပညာရှိ၊ လူပညာရှိများ ပေါ်ထွန်းခဲ့သည့် စစ်ကိုင်း၊ မောင်းထောင်ရွာ ဇာတိဖြစ်ကြောင်း သိရသည်။ ဆရာ ဆရာမပေါင်း (၁၆)ယောက် နှင့် ကျောင်းသူ ကျောင်းသားပေါင်း (၆၀၀) ကျော်ကို အုပ်ချုပ်လျက် မိမိဘဝကို ပရဟိတဟူသော သူတစ်ပါးတို့၏  အကျိုးစီးပွားအတွက် မြှုပ်နှံပေးဆပ်ခဲ့သည်မှာ ချီးကျူးဝမ်းမြောက်စရာပင် ဖြစ်သည်။ ရင်ထဲက သာဓု အကြိမ်ကြိမ် ခေါ်မိသည်။

(၈)

ထိုရွာကလေးတွင် ငါးရက်တိတိနေခဲ့သည်၊ မမြင်ဖူး မတွေ့ဖူးသည်များကို မြင်ဖူးခဲ့သည်။ ရောက်သည့်နေ့ ကတည်းက သည်တောင်ပေါ်မှာ မိုးတွေရက်တိုင်းရွာနေလို့။ ညနေ ၅နာရီကျော်လျင် အေးလို့ ရေမချိုးနိုင်တော့။ ကျွန်တော်တို့ မြေပြန့်တွင် အရိပ်အယောင်ပြကာ ပျောက်ပျောက်သွားတတ်သည့် မိုးက သည်နေရာကို ရောက်လာခဲ့သည်ကိုး ဟု တွေးမိသည်။ ပြန်မည့်မနက်၊ မိုးတွေ အရမ်းရွာနေသဖြင့် နေ့လည်တစ်နာရီကျော်မှ တောင်ပေါ်က ဆင်းခဲ့ကြသည်။ လမ်းတစ်လျှောက် ရွာတွေမှာ မိုးရွာပြီးစ ရွှေစများကို ရှာဖွေနေကြသူများလည်း တွေ့ရသည်။

သည်သို့ဖြင့် အေးချမ်းသာယာသော တောင်ပေါ်ရွာကလေးကား တဖြေးဖြေး ဝေး၍ ကျန်နေရစ်ခဲ့သည်။ ကျွန်တော်တို့ကတော့ မြို့ပြ၏ ပူလောင်မှုထဲ ပြန်လည် တိုးဝင်ရဦးပေမည်။ ရင်ထဲတွင်တော့ ရွာသူရွာသားများ၏ ရိုးသားဖော်ရွေမှုများနှင့် ပရဟိတဆရာတော်၏ စေတနာနှင့် လုပ်ရပ်များက နေရာယူလျက်။  ။