ချစ်သူနာမည်

ကိုယ့်ခါးသက်သက်ဒိုင်ယာရီမှာ
ကိုယ့်ရှေ့တည့်တည့်က ပစ္စလက်ခတ်မြင်ကွင်းတွေပေါ်မှာ
အလုပ်မရှိ ယိမ်းထိုးနေတဲ့ သစ်ရွက်တွေပေါ်မှာ
မင်းနာမည်ကိုယ်ရေးတယ်
ဟိုး အဝေးက ကုန်းကုန်းကွကွ သက်တံတွေပေါ်မှာ
ကတ္တရာလမ်းမပေါ်က ချွေးတလုံးလုံး တံလျှပ်တွေပေါ်မှာ
အကြော်သည်ဗန်းထဲက စာကလေးတွေရဲ့ တောင်ပံပေါ်မှာ
မင်းနာမည်ကို ကိုယ်ရေးတယ်
အိမ်ခြေရာခြေ မရှိတဲ့ တိမ်သားတွေပေါ်မှာ
ခေါင်ချင်တိုင်းခေါင်နေတဲ့ ကန္တာရ မိုးစက်တွေပေါ်မှာ
မင်းနာမည်ကို ကိုယ်ရေးတယ်
ငါ့ရဲ့ မရှိမဖြစ် လက်ဘက်ရည်ခွက်ပေါ်မှာ
ငါ့ကို နေ့တိုင်းခေါ်ဆောင်နေတဲ့ အဆိပ်ငွေ့တွေပေါ်မှာ
ဖျားနာနေတဲ့ သူရူးတစ်ယောက်ရဲ့ ဗလာအိပ်ရာထက်မှာ
မင်းနာမည် ကိုယ်ရေးတယ်
ကိုယ့်တိတ်ဆိတ်မှုရဲ့ တံခါးဝမှာ
ကိုယ့်ဒေါသတွေရဲ့ သိမ်ငယ်မှုမှာ
ကိုယ့်အထီးကျန်မှုရဲ့ လေဟာနယ်မှာ
မင်းနာမည်ကို ကိုယ်ရေးတယ်
ရမ္မက်မီးတို့ အဝေးဆုံးတောက်လောင်မှုမှာ
စိတ်ကြမ်းဘီလူးတို့ အိပ်စက်အနားယူချိန်မှာ
ကြည့်သူမဲ့ သက်ငြိမ်ပန်းချီကားချပ်တွေပေါ်မှာ
မင်းနာမည်ကို ကိုယ်ရေးတယ်
အဝေးက မှုန်ပြပြ တောင်တန်း၊ ကွင်းပြင်၊ ပင်လယ်အားလုံးပေါ်မှာ
အမှတ်သညာမဲ့ မျှော်လင့်ခြင်း ကမ်းပါးစွန်းမှာ
အမြင့်ဆုံး စကားလုံးတွေရဲ့ မှော်စွမ်းအားပြင်ပမှာ
မင်းနာမည်ကို ကိုယ်ရေးတယ်
ချစ်သူရယ်
တကယ်တော့ ငါဟာ
မင်းနာမည်ရေးဖို့သက်သက်နဲ့
ထွက်သက်ကို အရေးတကြီး ဆွဲငင်ထားသူပါ
ဒီရာသီထဲ အပြုံးတစ်စက်လောက်
ခြွေချခဲ့ရင်တောင်
ငါ့သံသရာအတွက် လုံလောက်ပါရဲ့ကွယ်။

ဝန်ခံချက်……။ ဆရာဟိန်းလတ်၏ ဘာသာပြန်ကဗျာ တစ်ပုဒ်ကို နာမည်တိုက်ရိုက် ယူ၍ စာသားတချို့ ဖြည့်စွက် ရေးသားထားခြင်းမျှသာ ဖြစ်သည်။ ကျွန်တော့်ကို လုံး၀ အထင်မကြီးကြပါနဲ့။ (ကြာတော့ ကြာခဲ့ပါပြီ ရေးထားတာ၊ ကျွန်တော့်ရဲ့ တစ်ခြား ဘလော့ဂ်ကနေ ပြန်ယူပြီးတင်လိုက်တယ်။)

 

  • ဒါလည်းမိုက်တာပဲ တော်တော့်ကိုမိုက်တာ…. “အကြော်သည်ဗန်းထဲက စာကလေးတွေရဲ့တောင်ပံပေါ်မှာ”လိုမျိုးအထိ သုံးတတ်တာ အံ့ပါရဲ့….

  • ညီခ

    ကဗျာတွေမိုက်တယ် … ဖတ်ရတာ အားရပါးရ ရှိတယ်… ဗျို့