ဆေးလိပ်မီးခိုးထဲ ပျော်ဝင်သွားတဲ့ အသံ

အာရုံကို အနားပေးမယ် လုပ်ကာမှ
ခင်ဗျားက အာရုံကို လာနှောင့်ယှက်တယ်
ဓနိဘောင်ဒုတ်လို ဘဝမျိုး
ဘယ်သူက “စက်” လာတပ်ပေးမလဲ
ဘယ်သူက “ပဲ့” လာဆင်ပေးမလဲ
သူလည်း ပင်လယ်ကို အိပ်မက်ခွင့်တော့ ရှိသင့်ရဲ့ မဟုတ်လား။

ခေါင်မိုးပေါ်က ခိုညည်းသံတွေရဲ့ ဂီတနဲ့
စိတ်ကျခြင်း နေ့လည် နေ့ခင်းများ
မျှော်လင့်ချက်တွေကို တစ်ရစ်ချင်း
ဖဲ့ဖဲ့ချွေယူသွားတဲ့ အတောင်မဲ့ ညနေခင်းများ
မိဝေးဘဝေးမှာ ဆေးဖိုး တစ်ရာ့ငါးဆယ် လိုနေတဲ့
အစာအိမ်ဟောင်းလောင်း နာမကျန်းညများ
ဒါတွေအားလုံး သတ္တဝါတစ်ခု ကံတစ်ခုပဲလား
ကဗျာမဆန်တာကို ကဗျာဆန်အောင် ဘယ်လိုပြောမလဲ။

ခု.. ခင်ဗျား မီးတိုက်နေတဲ့
ခင်ဗျားရဲ့ စကားလုံး ညှော်နံ့တွေကလည်း
ကျွန်တော့်လေထုကို ညစ်ညမ်းစေတာပဲ
ခင်ဗျားရဲ့ စနစ်တကျမှားဖို့ ပြင်ဆင်ထားတဲ့ ဦးနှောက်ကြီးကို
ဒီထက်ပို စနစ်ကျအောင် အသစ်လဲတပ်လိုက်ပါဦး(အုံး) လား။

ဒီမှာ ကိုယ့်လူ
ပန်းတိုင်ဆိုတာ ဘယ်တော့မှ မရောက်တဲ့ လမ်းဆိုတာ
ခင်ဗျား မသိသေးသ၍
လမ်းဆိုတာ ဘယ်တော့မှ မဆုံးတဲ့ ပန်းတိုင်ဆိုတာ
ခင်ဗျား မသိသေးသ၍
ကျွန်တော် ပြောတာကို
ခင်ဗျား ဘယ်တော့မှ နားလည်မှာ မဟုတ်ဘူး။