အတ္တကို အသံထွက်ဖတ်ကြည့်ခြင်း

တစ်ချို့က လမ်းမတွေပေါ်မှာ
တစ်ချို့က အဲယားကွန်းခန်းထဲမှာ
တစ်ချို့က ကွန်ပျူတာဖန်သားပြင်ပေါ်မှာ
လားရာတစ်ခုကို ကိုယ်စီရှာဖွေလို့
မိုက်တွင်းတူးတဲ့ ဂေါ်ပြားသံတွေလည်း
ဆူလို့ ညံလို့ ။
အမှန်တရားဆိုတာ
ကိုယ့်အတွေးအခေါ်ထဲမှာရှိသတဲ့
ငါ့အမှန်တရားကိုရော ဘယ်နားသွားထားရမလဲ
ဖြစ်ရပ်တိုင်းမှာ
ငါ့အသိဥာဏ်တွေ အမြဲနောက်ကျခဲ့ ။
ပေတံတစ်ချောင်းရဲ့အောက်မှာ
လူဖြစ်ရတာချင်း အတူတူ
အလင်းရောင်ဟာ
ကိုယ့်အတွက်မှ နည်းလွန်းသတဲ့လား ။
တစ်ချို့တွေရဲ့ ကိုယ်ရည်သွေးတီးလုံးသံတွေ ကြားရတိုင်း
ကိုယ့်အသံတွေ ပိုလို့တိုးတိုးသွားခဲ့ပေါ့ ။
လိုချင်တာက
အောင်မြင်ကျော်ကြားတဲ့ နာမည်တစ်ခုလား
အေးစုမွန်ရဲ့ အနမ်းလား
တိုက်ခန်း၊ ဟန်းဖုန်း၊ ကား၊ နိုဘယ်ဆု၊ မြစ်တစ်စင်း၊ ငါးမျှားချိတ်တစ်ခု
တစ်လျှောက်လုံး မှုန်ဝါးခဲ့ ။
နှုတ်မဆက်ပဲ ရောက်လာတဲ့လောကဓံတွေကို
ဒီအတိုင်း ငေးကြည့်နေရုံပါ ။
ခင်ဗျား ကျွန်တော့်ကို မသိဘူး
ခင်ဗျား လူတော်တစ်ယောက်ပဲ
ကျွန်တော်က အပေါစားအောင်မြင်မှုကိုတောင် မရှာဖွေနိုင်တဲ့
အညံ့စား ကောင်တစ်ယောက်ပါ ။
ကဗျာဆရာ ပိုင်စိုးဝေရဲ့ စကားနဲ့ပြောရရင်
ဘဝမှာ
“ ချရေးလို့ မရတဲ့ ဝါကျတိုင်းဟာ
အဆိုးဝါးဆုံး ကျိန်စာတွေပဲ” ပေါ့ ။
စိတ်ကို အာသာဖြေဖို့တောင်
စကားလုံးတွေက မိုးလိုခေါင်နေလိုက်တာများ ။

 

  • maykyaw

    ခုတော့ ရန်ကုန်မှာ မိုးတွေသည်းနေပါတယ်ဗျာ..

  • ကဗျာကို စကားပြေပြန်လို့ မရဘူးလို့ တစ်ချို့သော မော်ဒန်သများက ယူဆပါတယ်။ ရ,မရကိစ္စ… ကျွန်တော် မငြင်းလိုပါ။ ဒါပေမဲ့ အောက်က Comment ကတော့… စကားပြေပြန်ထားတာမဟုတ်ပဲ ကဗျာကို ကျွန်တော့်ကိုယ်ပိုင်ရှုထောင့်မှ မြင်ရတဲ့ “အမြင်” လို့သာ ပြောချင်ပါတယ်။ အထင်မလွဲမှားအောင်ပါ။

    အတ္တအသံကို ကျွန်တော် စိတ်ထဲကပဲ ဖတ်သွားမိတယ်။ ဒါပေမဲ့ ကျွန်တော့်စိတ်ထဲမှာ အသံတွေမြည်လာတယ်။ မြည်ပြီးတော့ ပဲ့တင်ထပ်လာတယ်။ အဲဒီပဲ့တင်သံတွေကို သူ့ကို (ကဗျာဆရာကို) ကျွန်တော်ပြန်ပြောပြချင်နေတယ်။ ဒါပေမဲ့ ကျွန်တော် ဖြစ်ဖြစ်မြောက်မြောက် ပြောနိုင်မှာမဟုတ်ဘူး။ တစ်ချိန်တည်းမှာပဲ ခုလို စာရိုက်နေတဲ့လက်တွေကိုလည်း ကျွန်တော် မထိန်းချုပ်နိုင်ခဲ့ဘူး။ ကဗျာဟာ (ကျွန်တော့်အတွက်) ဆွေးနွေးချင်စရာ ကောင်းနေတယ်။ အကြမ်းဖျင်းအားဖြင့်တော့ ကဗျာဟာ ခေတ်ပေါ်ကဗျာအများစုမှာ ပေါပေါများများ တွေ့ရတတ်တဲ့ ခေတ်ပြိုင်ခံစားမှုဖြစ်တဲ့ ပတ်ဝန်းကျင်နဲ့ သဟဇာတမဖြစ်တဲ့ နာကျည်းမှုအသံတွေပါပဲ။ ဒါပေမဲ့ ရေးဖွဲ့ထားပုံက သပ်ရပ်လွန်းနေပါတယ်။ ဒီနေရာမှာ လူတစ်ချို့ရဲ့ ကိုယ်ရည်သွေးတီးလုံးသံတွေကြောင့်တော့ ကိုယ်ပိုင်သံစဉ်တေးသွားတွေ တိုးတိတ်သွားမှာမဟုတ်ဘူးလို့တော့ ကျွန်တော် ရဲရဲကြီးပြောချင်ပါတယ်။ ပြီးတော့ ကဗျာဆရာရဲ့ ရည်မှန်းချက်ဟာ ရွေးချယ်စရာတွေအများကြီးကြား မရေရာမှုတွေနဲ့ မှုန်ဝါးနေတာကိုတွေ့ရတယ်။ အေးစုမွန်ရဲ့အနမ်းကိုတောင် သူတကယ်လိုချင်ရဲ့လား မလိုချင်ဘူးလား ဝေခွဲမရတော့ဘူး။ (အဲဒီအသုံးလေးကို သဘောကျလှပါတယ်) ဘာပဲပြောပြောကဗျာဆရာရေးဖွဲ့တဲ့ခံစားချက်ဟာ အနုပညာဘက် တိမ်းညွတ်တဲ့ ယနေ့ခေတ်လူငယ်တွေရဲ့ ရိုးရှင်းတဲ့ ခံစားချက်တစ်ခုပါပဲ။ (အနုပညာလို့ ထည့်သွင်းပြောရတာက ကျွန်တော်တို့ဟာ အပေါစားအောင်မြင်မှုတွေကိုတောင်
    မရှာဖွေနိုင်လောက်အောင် ညံ့ဖျင်းခဲ့ကြတယ်မဟုတ်လား) ကဗျာဆရာရဲ့ စိတ်ကိုအာသာဖြေနေတဲ့ စကားလုံးတွေဟာ (ကျွန်တော့်အတွက်တော့) ရင်ထဲမှာ စိုးရိမ်ရေမှတ်အထိ သဲသဲမည်းမည်း ရွာချလိုက်သလိုပါပဲ…။
    ► တေဇာ ◄

  • ကိုယ့်အတွေးအခေါ်ထဲမှာရှိသတဲ့
    ငါ့အမှန်တရားကိုရော ဘယ်နားသွားထားရမလဲ ဒါလေးကိုအကြိုက်ဆုံးပဲ မှန်တယ် အဲဒီစကားလေး ထောက်ခံတယ် ကိုယ်ရင်ဘတ်ထဲက အမှန်တရာကိုတော့ ဘယ်သူမှ မသိကြဘူး