အသံများ

အသံတွေ…အသံတွေ
ခင်ဗျားတို့ ကြားကြရဲ့ လား
ကိုယ့်မူရင်း ကိုယ်မိတ္တူပွားရင်း
နေ့ခင်းတစ်ခု ပီသကြောင်းပြဖို့
ကန္တာရကို လိုက်ရှာနေစရာမလိုတော့
အရိပ်က သမိုင်းစာအုပ်ထဲတိုးဝင်နေ
ခင်ဗျား စွန့်ပစ်ရမယ့်စာရင်းမှာ
ခင်ဗျားနာမည်ပါတယ်ဆိုတာ
မေ့ထားလိုက်
ကိုယ့်နာမည် ကိုယ်ကြော်ငြာနေတဲ့
hip hop သီချင်းတွေတောင်
လမ်းပေါ်လျှံကျခဲ့ပြီ
လိုအပ်ရင် ကောက်ယူလိုက်
ယာယီအနမ်းနဲ့ ချွေးသိပ်တဲ့ညနေကျော်ရင်
အသစ်စစ်စစ် ညဟာ
လရောင်ကို ငြိမ်းသတ်ပြီး
အမှောင်ထဲ ချွေးတရွှဲရွှဲ ကနေလိမ့်မယ်
ဝံပုလွေရဲ့  သွားတွေ
မီးတောက်မျက်လုံးများ
ငါတို့ နောက်ကျောမှာ
ကဲ အချိန်ရှိတုန်းလေး
စိန်ပြေးတမ်း ကစားရအောင်လား
နေ့တဓူ၀ ကိစ္စတွေ
သူ့အတိုင်း စီးဆင်းနေပါစေ
ကောင်မလေးရေ
ငါတို့သဘောထားကွဲလွဲခဲ့တာ
မဆန်းပါဘူးကွယ်
ကောင်းကင်ကြီးကတောင်မှ
အရောင်မျိုးစုံနဲ့
တို့ကိုလှည့်စားခဲ့သေးတာ။