ခေါင်းစဉ်မဲ့ ခေါင်းစဉ်

အမှားကိုယ်စီနဲ့ မှန်နေကြတဲ့ လောကထဲ
ဒုက္ခကို မုန့်ဖိုးပြတ်တာလောက်
ကြုံဖူးတဲ့ ကလေးတစ်ယောက်ဟာ
တက်ကျမ်းတွေထဲက စကားလုံးထူထူတွေရဲ့
မှော်စွမ်းအားကို ရှာဖွေနေမယ်
ကမ္ဘာတစ်ခုလုံးပြာကျခဲ့ပြီး
ဖျာတစ်ချပ်စာတောင် ပြန်မရတဲ့
အညတရအရူးတစ်ယောက်ကတော့
အရာရာကို မယုံ ကြည်မှုရဲ့ အရေးပေးခံနေရမယ်
ဖြစ်နိုင်ရင်
မဖြစ်နိုင်တာမရှိဘူးဆိုတဲ့ ပညာရှိကြီးနဲ့
မကြွေချင်ဘဲ ကြွေခဲ့ရတဲ့ ခရေတစ်ပွင့်အကြောင်း
နွေရာသီမှာမှ ပွင့်ရတဲ့ ဆီးနှင်းတစ်ပွင့်အကြောင်း
ဆွေးနွေးချင်နေမယ်
တစ်ယောက်ယောက်ရဲ့ ရင်ခတ်သံကို
ဘယ်တစ်ယောက်ကများ ရင်နဲ့ ဆတ်ဆတ်ကြားနာဖူးလို့လဲ
ဘယ်သူကများ ကိုယ့်အတ္တလောက်ချိုဖူးလို့လဲ
ဘယ်သူကများ ဇိမ်မယ်တစ်ယောက်ရဲ့ ရှိုက်သံသဲ့သဲ့ကို
အရောတဝင်ဆက်ဆံဖူးလို့လဲ
ဘယ်သူကများ တေလေတစ်ယောက်ရဲ့ လမ်းဘေးသိက္ခာကို
အလေးထားဖူးလို့လဲ
မင်းထင်တာမှန်တယ်
ငါက
အမှောင်အားကိုးနဲ့ ကန္တာရကို ကျောပိုးထားရတဲ့ကောင်
အသေးအမွှား အမှတ်တမဲ့တွေကိုတောင်
စကားလုံးမဲ့အောင် လေးနက်တတ်တဲ့ကောင်
ဒီရင်ဘတ်က ဒဏ်ရာစစ်တွေနဲ့မှ
နေသားကျတယ်
ဒီအတွက် ကိုယ်တိုင် ဇာတ်နာနေဖို့လိုတယ်
အရှုံးအမြတ် အရွယ်အစား အကျယ်အဝန်း
စံချိန်စံညွန်းတွေအောက်မှာ
ပျော်ပျော်ပါးပါး လမ်းလျှောက်ပြိုင်နေကြ
အမိုက်မဲဆုံး အရူးတစ်ယောက်သာ
ခြေတစ်လှမ်းရဲ့ အကျယ်အဝန်းကို
ဘာနဲ့မှ မတိုင်းတာဖူးဘူး
ထားလိုက်ပါတယ်
ရင်ဘတ်ကို နာနာကျင်ကျင် ဆွဲခွဲပြီး
စကားလုံးမှိုတက်တွေ သွန်ချနေလို့လဲ
ခင်ဗျားတို့ရဲ့နှာစေးချောင်းဆိုးလောက်တောင်
အရေးပါတာမှ မဟုတ်ဘဲ။