လတ်တလော

Ubuntu သုံးလာတာ နှစ် နှစ်​ကျော်လာပြီ၊ ဘာကိုမှ ဟုတ်တိပတ်တိ မလေ့လာဖြစ်သလို ဘာမှလည်း မလုပ်တတ်ဘူး၊ ကိုယ့် desktop sidebar မှာ တင်ထားတဲ့ GIMP Image Editor, Audacity, Scribus, OpenShop Video Editor, Inkscape Vector Graphics Editor အဲဒါတွေကိုတောင်မှ တစ်ခုမှ မသုံးတတ်ဘူး၊ အနည်းဆုံး Libre Office Suit လောက်တော့ သုံးတတ်သင့်တယ်၊ ဒါပေမယ့် ကိုယ်က ဘာဆိုဘာမှကို မတတ်တာ၊ ခက်တာက အမြဲတမ်းလိုလို ကိုယ်က ဘာမှမတတ်သူက ဘာမှမသိသူကို ဆရာလုပ် သင်ပြရတဲ့အ​ခြေအနေမျိုး ကြုံရတယ်၊ သင်ပေးရတာကတော့ Windows မှာပေါ့၊ Windows လည်း ကိုယ်က ကောင်းကောင်း မသုံးဖူးဘူးရယ်၊ မသုံးဖူးဘူး ဆိုတာထက် software အသုံးပြုရတာ စိတ်မပါတာ၊ စိတ်မပါတော့ မလေ့လာဖြစ်၊ မလေ့လာဖြစ်တော့ မတတ်၊ မတတ်တော့ ကိုယ့်ကိုယ်ကို အားမရ ဖြစ်နေတာ။

ကိုယ် ဖြစ်ချင်တာက web developer လေ၊ ဒီတော့ coding တွေ လေ့လာဖြစ်တယ်၊ လေ့လာဖြစ်တယ်ဆိုပေမယ့် သေချာသင်ပြပေးမယ့်သူကလည်း မရှိတော့ လေ့လာလိုက် မေ့လိုက်၊ ပြန်လေ့လာလိုက်နဲ့၊ နောက်ဆုံးတော့ ခေါင်းမူးတာ လူပန်းစိတ်ပန်းဖြစ်တာ အချိန်ကုန်တာပဲ အဖတ်တင်တယ်၊ တစ်ခုတော့ ရှိတယ်၊ ကိုယ်က ဘယ်ဟာကိုပဲ လေ့လာလေ့လာ ထမင်းစားဖို့ ပိုက်ဆံရဖို့ ဆိုတဲ့ စိတ်ကူးမျိုး ဘယ်တုန်းကမှ မရှိခဲ့ဖူးဘူး၊ စိတ်ပါဝင်စားလို့ သိချင်တတ်ချင်လို့သာ ကိုယ်လေ့လာတာ၊ ဆရာကောင်းသမားကောင်းတွေနဲ့ ကောင်းကောင်း မသင်ရတာက တစ်ကြောင်း၊ မဖြစ်မနေ ဒါကို တတ်မှ ဖြစ်မယ်ဆိုတာမျိုး ရှိမနေတာကတစ်ကြောင်းကြောင့် ထင်တာပဲ၊ ကိုယ်ဟာ ဘာကိုမှ ဖြစ်ဖြစ်မြောက်မြောက်တတ်တယ်ရယ် မရှိဘူး၊ ဟိုနည်းနည်း ဒီနည်းနည်း သိတယ်ဆိုတာမျိုးနဲ့ပဲ ကိုယ့်ကိုယ်ကိုလည်း မကျေနပ်၊ ဆက်ပြီးလည်း မလေ့လာဖြစ်၊ လုံးဝလက်လွတ်လိုက်တာမျိုးလည်း မဟုတ်ပဲ ကိုယ်လုပ်မိတဲ့အရာတိုင်းဟာ ဒီအတိုင်းပဲ ကိုယ်နဲ့အတူ ပါနေတော့တာ။

ဒီရက်ပိုင်းတော့ GIMP ကို အွန်လိုင်းကနေ လေ့လာ ဖြစ်နေတယ်၊ (အွန်လိုင်းမှာ ကိုယ့်ကိုယ်ကို သင်တန်းသား အဖြစ် အပ်နှံလိုက်တာ) နောက်ထပ်လည်း ဆက်ပြီး ကိုယ့် desktop ပေါ်က software တွေ တစ်ခုချင်း အွန်လိုင်းကနေပဲ အသုံးချရုံလောက်ဖြစ်ဖြစ် လေ့လာသွားမယ် စိတ်ကူးထားတယ်။ လေ့လာရာမှာ ကိုယ့်ကိုယ်ကို အရမ်းအမြန်မလိုဖို့တော့ သတိပေးရတယ်၊ ခုတောင်မှ လေ့လာတာ နှစ်ရက်ပဲ ရှိသေးတယ်၊ ပျင်းသလိုလို ဘာမှမထူးသလိုလို စိတ်က ဖြစ်လာပြီ၊ ဘာကိုပဲ ​လေ့လာလေ့လာ အလျင်မလိုဖို့​နဲ့ တစ်ခါတည်း အများကြီး မလေ့လာဖို့ အရေးကြီးပါတယ်၊ လူတော်တော်များများက အရမ်းအလျင်လိုပြီး အခက်အခဲလည်းတွေ့ရော နောက်ဆုတ်သွားတတ်ကြတယ် မဟုတ်လား။ အနည်းဆုံး ကိုယ့်ကွန်ပျူတာမှာ ရှိတဲ့ software တွေတော့ ကိုယ်အသုံးချတတ်သင့်တယ်လို့ ထင်တယ်။ ထုံးစံအတိုင်း ဘဝကတော့ အဆိုးတွေ ခပ်များများပါပဲ။ ဒီအတိုင်းပဲ ထားလိုက်ပါတယ်။

  • Zox Zin Min

    အခုမှ Comment တွေ့တယ် ဘရို။ Blog လောကဟာ အရမ်းကို ဖြူစင်ပြီး အေးချမ်းပါတယ် ဘရို ရာ။ Blog လောကကိုသာ အသက်ပြန်ရှင်စေချင်တယ်။ ရောက်လာတာ Welcome ပါဗျာ။

    • Nyi Minkha

      အင်းဗျာ၊ ကျွန်တော်လည်း ဒီလိုပဲ ဖြစ်ချင်နေမိပါတယ်၊ ခက်တာက blogger ဆိုတဲ့ လူတော်တော်များများကိုက blog အပေါ်သစ္စာမရှိကြတာပါ၊ သာကူးတွေပေါ့ဗျာ၊ ဟဟ။

  • Nyi Minkha

    အင်းဗျာ၊ ကျွန်တော်လည်း ဒီလိုပဲ ဖြစ်ချင်နေမိပါတယ်၊ ခက်တာက blogger ဆိုတဲ့ လူတော်တော်များများကိုက blog အပေါ်သစ္စာမရှိကြတာပါ၊ သာကူးတွေပေါ့ဗျာ၊ ဟဟ။