ကံကောင်းခြင်း ကျိန်စာ

ထုံးစံအတိုင်း လဘက်ရည်တစ်ခွက် Red ruby တစ်လိပ်ဖြင့် ပိုနေသော အချိန်တို့ကို ဖြုန်းတီး ပစ်နေမိသော နေ့များစွာထဲမှ တစ်နေ့တွင် ဖြစ်သည်။

ကျွန်တော်ထိုင်နေသော ဆိုင်အတွင်းသို့ အသက်ငါးဆယ်ကျော် ခြောက်ဆယ် ဝန်းကျင်ရှိ လူကြီးနှစ်ယောက် ဝင်ရောက်လာသည်။ ပထမတွင်တော့ သူတစ်ပါးကိစ္စကို စိတ်မဝင်စားတတ်သော ဥာဉ်အတိုင်း ကိုယ့်လဘက်ရည်ကိုသာ အေးအေးလူလူ သောက်ရင်း ဖြတ်သွားဖြတ်လာတို့ကို အမှတ်မဲ့ ငေးကြည့်နေဖြစ်သည်။

ထိုစဉ် စိတ်ဝင်စားစရာ စကားသံတစ်ခုက နားထဲသို့ ဝင်ရောက်လာသည်။

“အောက်စ်ဖို့ တက္ကသိုလ်က ဘောဂဗေဒပါမောက္ခ ကိုလ်လီယာရဲ့ “the button billion” ဆိုတဲ့စာအုပ်ကို မင်းဖတ်ဖူးလား”

“ဟင့်အင်း၊ မူရင်း စာအုပ်ကိုတော့ မဖတ်ဖူးဘူးကွ၊ ဒါပေမယ့် ကျော်ဝင်းတို့ထုတ်တဲ့ the waves မဂ္ဂဇင်း၊ နိုဝင်ဘာ ၂၀၀၉ မှာတော့ အဲဒီစာအုပ်ကို မိတ်ဆက်သဘောမျိုး ရေးထားတာ ဖတ်ဖူးတယ်၊ အဲဒီထဲက အချက် လေးချက်ကတော့ တော်တော်လေး စိတ်ဝင်စားစရာ ကောင်းတာပဲကွာ”

*******************

ကျွန်တော် ပေါလ်ကိုလ်လီယာ၏ စာအုပ်ကို မြန်မာရသ စာရေးဆရာမ ဂျူး၏ “စောင့်နေမယ်လို့ မပြောလိုက်ဘူး” ဆိုသည့် စာအုပ်တွင် စတင် ကြားဖူးခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်ကတည်းက ထိုစာအုပ်ကို ဖတ်ချင်နေသည့် ဆန္ဒမှာ ယခုတိုင် မပြည့်ဝနိုင်သေး၊ ထိုလူကြီး နှစ်ယောက် ပြောဆိုနေသည်မှာ ကျွန်တော် စိတ်ဝင်စားသည့် စာအုပ်တစ်အုပ်၏ အကြောင်း ဖြစ်နေသောကြောင့် ဆက်လက်၍ နားစွင့်နေမိခဲ့သည်။

*******************

“ဘယ် အချက်လေးချက်လဲကွ”
“ဆင်းရဲမှုထောင်ချောက်လေးပါးဆိုတာလေကွာ”

“အော်.. အေး၊ တို့မြန်မာတွေအတွက် စဉ်းစားစရာပေါ့ကွာ၊ စာရေးသူက နယ်နယ်ရရမှ မဟုတ်တာ၊ သူက ဘောဂဗေဒပါမောက္ခ ဖြစ်သလို၊ အာဖရိကစီးပွားရေး လေ့လာမှုစင်တာရဲ့ ဒါရိုက်တာ ဆိုကိုးကွ၊ ဒီစာအုပ်က သူ့တစ်သက်တာ တွေ့ရှိချက်တွေကို အန်ချထားတာ ဆိုတော့လည်း အချက်အလက်တွေက ခိုင်မာနေတာပေါ့ကွာ”

“ဒါနဲ့ ဆင်းရဲမှုထောင်ချောက်လေးပါးဆိုတာ ဘာတွေလဲကွ”
“ဟာ… မင်းပဲ ပြောပြီး မမှတ်မိတော့ဘူးလား”

“အေးကွာ၊ မင်း အပြစ်တင်ရင်လည်း ခံရမှာပဲ၊ ငါလည်း ခေါင်းထဲထည့်စရာတွေ များလို့လား၊ အသက်ပဲ ကြီးလာလို့လား မသိပါဘူးကွာ၊ မှတ်ထားသမျှတွေလည်း ခဏခဏ မေ့မေ့တတ်နေတယ်၊ ခုလည်း အငယ်ဆုံး သမီးရဲ့ သားလေး၊ ငါ့မြေးပေါ့ကွာ၊ အဲဒီကောင် နိုင်ငံခြား သွားမလို့ဆိုလို့ ငါ့မှာလည်း ဒီအရွယ်ကြီးထိတောင် လိုက်လုပ်ပေးနေရတာနဲ့ အေးအေးဆေးဆေးကို မရှိပါဘူး”

“အေးပေါ့လကွာ၊ ဘယ်တတ်နိုင်မလဲ၊ သံယောဇဉ်ကိုးကွ”

*******************

သူတို့စကားသံရပ်သွားသည်နှင့် အင်း… အဖိုးကြီးတွေဆိုတော့လည်း ပြောရင်းဆိုရင်း တရားဘာဝနာဖက် လှည့်လာတော့မယ် ထင်ရဲ့လို့ တွေးလိုက်မိသည်။ သို့သော်…….

“ဒီလိုကွ၊ နိုင်ငံတစ်နိုင်ငံရဲ့ ဆင်းရဲမှုထောင်ချောက်လေးပါးဆိုတာ…
၁။ ကုန်းတွင်းပိတ်နိုင်ငံဖြစ်ခြင်း (being landlocked)
၂။ သယံဇာတပေါများခြင်း (abundant natural resources)
၃။ အုပ်ချုပ်မှု ညံ့ဖျင်းခြင်း (bad governance)
၄။ ပြည်တွင်းစစ် (civil wars)တဲ့။

အဲဒီ အချက်လေးချက်က တစ်ခုနဲ့တစ်ခု ဆက်နွယ်နေတာကွ၊ ဒါပေမယ့် ခြွင်းချက်ကတော့ ရှိတာပေါ့ကွာ၊ ဥပမာ ဆွတ်ဇာလန်ဆိုရင် ကုန်းတွင်းပိတ်ဖြစ်ပေမယ့် သူ့မှာ ဂျာမနီနဲ့ အီတလီဈေးကွက် ရှိနေတော့ ခံသာတယ်၊ ဒါပေမယ့် ယုဂန္ဓာလိုနိုင်ငံမျိုးကျတော့ အမြဲစစ်ဖြစ်နေတဲ့ ဆူဒန်၊ နောက် ဆိုမာလီယာလိုနိုင်ငံမျိုးတွေနဲ့ အိမ်နီးချင်းတွေ ဖြစ်နေပြီး ကုန်းတွင်းပိတ်လည်း ဖြစ်သေးဆိုတော့ ဘာပြောကောင်းမလဲကွာ”

“အင်း နံပါတ် ၂အချက်ကတော့ မင်းတို့ငါတို့ကို အသိဥာဏ်တစ်စ ထွန်းညှိပေးလိုက်သလိုပဲနော်”

“ဟုတ်တယ်ကွ၊ ငါတို့က ပေါများလွန်းတဲ့ သယံဇာတတွေဟာ ငါတို့အတွက် သဘာဝပေး လက်ဆောင်လို့ တစ်သက်လုံး ထင်မြင်လာခဲ့တာကိုး၊ အဲဒီ သယံဇာတတွေကို ကြည့်ပြီး ငါတို့က ကိုယ့်ကိုယ်ကို ကျေနပ်နေခဲ့ ကြတာလေ၊ တို့လူမျိုးတွေကိုက နောက်ဖေးမီးဖိုချောင်မှာ ဆန် ဆီ ဆား ပြည့်စုံနေရင် အားလုံး အဆင်ပြေပြီ ဆိုပြီး အေးအေးလူလူ နေတတ်ကြတဲ့ အမျိုးလေကွာ”

“အင်း တွေးကြည့်ရင် ခုခေတ် လူငယ်တွေလည်း သနားစရာပါပဲ၊ သူတို့ခမျှာလည်း ငါတို့ ငယ်တုန်းကလို အေးအေးလူလူ ပျော်ပျော်ရွှင်ရွှင် နေလို့ကို မရတော့ဘူးလေ”
“အောင်မာ၊ မင်းက လူငယ်တွေကိုသာ ပြောနေ၊ မင်းတို့ငါတို့ရော အရင်တုန်းကလူကြီးတွေလို နေနိုင်လို့လား”
“အေး ဟုတ်သားပဲကွ၊ ဟဲ ဟဲ”
“ဒါနဲ့ ခုနက စကားပြန်ဆက်ပါဦး၊ အရင်က လူကြီးတွေ အေးအေးလူလူနေတော့ ဘာဖြစ်လဲ”

“အင်း ပြောရရင်တော့ ရှည်တယ်ကွ၊ အေးအေးလူလူ နေတော့ သူတို့အတွက် ကောင်းတာပေါ့၊ ဘဝကို ရောင့်ရဲနိုင်တာပေါ့၊ ဘဝကို ရောင့်ရဲနိုင်တော့ ကျေနပ်မှု ရတာပေါ့ကွာ၊ ဒါပေမယ့် နောက်မျိုးဆက်တွေ အတွက်တော့ မကောင်းဘူးပေါ့၊ အဲဒီလို ရှိသမျှလေးနဲ့ ကျေနပ်ရောင့်ရဲနေ၊ ကိုယ့်ဘဝကိုယ် ကျေနပ်နေရင်းနဲ့ ပတ်ဝန်းကျင်ကိုလည်း သိပ်မလေ့လာမိဘူး ဆိုပါတော့ကွာ၊ မလေ့လာဆို အဲဒီတုန်းက အခြေအနေတွေက လေ့လာစရာလည်း မလိုဘူးလို့ ထင်ချင်စရာကိုး၊ သူလည်း သူ့ဘာသာသူနေ၊ ကိုယ်လည်း ကိုယ့်ဘာသာ ကိုယ်နေ၊ ကိုလံဘတ်က အာဖရိကကို တွေ့တာတို့၊ ၁၁/၉တို့၊ ၉/၁၁တို့ ဆိုတာတွေက ကိုယ်နဲ့ဆိုင်တာမှ မဟုတ်တာ၊ ခပ်ရိုင်းရိုင်း ပြောရရင်တော့ကွာ၊ ရှေးက လူကြီးတွေ အေးအေးလူလူ နေခဲ့ကြလို့ ခုမျိုးဆက်တွေ ဒုက္ခရောက်နေကြရတာပဲကွ”

“ဘယ်လို ဘယ်လို”

“အော် မင်းကလဲ၊ ဒီလိုလေကွာ၊ ခုလို တို့လူမျိုးတွေ မျက်စိပွင့်နားပွင့်ရာသီလေး ရောက်လာတော့ ငါတို့ရဲ့ လူငယ်တွေဟာ သူများတွေနဲ့ ယှဉ်ရင် တို့က ဘယ်လောက်တောင် နောက်ကျကျန်နေခဲ့လည်းဆိုတာ မြင်လာကြားလာ ကြရတယ်၊ အဲဒီလို မြင်လာတော့ ကိုယ့်ဖြစ်တည်မှုကို မကျေမနပ်ဖြစ်လာတာပေါ့၊ ခုမှ ကြိုးစားဖို့ ဆိုတာကျ တော့လည်း ရေခံမြေခံမကောင်းရင် မလွယ်ဘူးလေ၊ ဒါနဲ့ ဘာလုပ်ကြလဲ ဆိုတော့ သူများနိုင်ငံကို မရရတဲ့နည်းသုံးပြီး သွားရောက် ကျွန်ခံနေကြရတာပေါ့ကွာ၊ တစ်ချို့ ရွာတွေမှာဆိုရင် အလှူလုပ်ဖို့ ကာလသား ကာလသမီးဆိုတာတောင် မရှိတော့ဘူးတဲ့ကွာ”

“ဒါတွေဟာ သယံဇာတပေါကြွယ်ဝမှုရဲ့ သွယ်ဝှိုက်အကျိုးဆက်တွေလို့ပဲ ဆိုရမှာပေါ့၊ ကျမ်းဆရာကတော့ သယံဇာတပေါကြွယ်မှုဆိုတာ စီးပွားရေးဖွဲ့ဖြိုးဖို့အတွက် သဘာဝပေးလက်ဆောင်လို့ ထင်စရာပေမယ့် လက်တွေ့မှာ ဒီလို ဖြစ်မလာဘူး၊ နိုင်ငံရေးအီလစ်များကြား အကျင့်ပျက်မှုနှင့် အုပ်စုတိုက်ပွဲတွေ အတွက်ပဲ အကြောင်းခံဖြစ် နေတယ်လို့ ဆိုတယ်၊ အဲဒီလို ဖြစ်နေတာက အုပ်ချုပ်မှုညံ့ဖျင်းမှုဆိုတဲ့ တတိယအကြောင်းကြောင့်ပေါ့၊ ဒီလိုနဲ့ တိုင်းပြည်ကို အဆိုးဝါးဆုံးကို တွန်းပို့ပေးတဲ့ ပြည်တွင်းစစ်ဆိုတာ ဖြစ်လာတယ်လို့ ဆိုတယ်၊ အဲဒါကို ပညာရှင်တွေက သယံဇာတကျိန်စာ (resource curse) လို့ ခေါ်တယ်တဲ့”

“ဟေ့ကောင်၊ မင်းစကားတွေက ပြောရင်းပြောရင်းနဲ့ နိုင်ငံရေးဘက်ရောက်လာနေပြီနော်၊ တော်ကြာ နိုင်ငံရေး အကြောင်းပြောတယ်ဆိုပြီး လာကုတ်နေမှ ဟုတ်ပေ့ဖြစ်နေဦးမယ်”

“ဟ ငါပြောနေတာက ငါတို့ လူငယ်တွေ စဉ်းစားတတ်၊ တွေးမြင်တတ်အောင်လောက် ပြောနေတာပါ၊ တို့မြန်မာတွေကလည်း နိုင်ငံရေးဆိုတာ အစိုးရကို ဆန့်ကျင်တာလို့ချည်း ထင်နေကြတယ်။ နောက်ကျမှ မင်းနဲ့ငါ ဒီအကြောင်း ဆွေးနွေးရဦးမယ်။ ဒါနဲ့ ကျမ်းရှင်က ဆက်ပြောသေးတယ်ကွ၊ ခက်နေတာက တစ်ချို့နိုင်ငံတွေက ဒီလို ထောင်ချောက်မိနေတာကိုတောင် သူတို့ကိုယ်သူတို့ အကောင်းထင်နေကြသေးတယ်တဲ့၊ ကမ္ဘာ့စီးပွားရေးအကျပ်တွေ ဖြစ်တုန်းက သူတို့က မထိခိုက်သလို ဖြစ်နေတာဟာ ဂလိုဘယ်နှင့် ကင်းကင်းကွာကွာ နေနိုင်လို့ လို့ထင်နေကြတယ်၊ တကယ်က မထိခိုက်တာ မဟုတ်ဘူး၊ အစကတည်းက အခြေအနေဆိုးလို့ ထိခိုက်မှန်း မသိတာပါတဲ့”

“အေးကွာ… တို့များလည်း ချမ်းသာဖို့ဆိုတာ အတော်မလွယ်ဘူးပဲ၊ ဟိုးအရင်ကတည်းက ကိုယ့်မြေကိုယ့်ရေ ဘယ်လောက်သာယာတယ်၊ သယံဇာတ ဘယ်လောက်ပေါတယ်၊ ဘာသာ သာသနာ ဘယ်လောက်ထွန်းကားတယ်နဲ့ ကိုယ့်ကိုယ်ကိုချည်း အမွှမ်းတင်လာခဲ့တာ၊ ခုထိလည်း ဒီအတိုင်းပဲဆိုတော့…….”

*******************

ထိုလူကြီးနှစ်ယောက် ပြောဆိုနေသော စကားတို့က ဘယ်အထိရောက်ပြီး ဘယ်မှာ ပြီးဆုံးမည်မသိ၊ ကျွန်တော်လည်း နားထောင်နေရ သည်ကို ပျင်းရိလာသည်နှင့် red ruby သုံးလိပ်နှင့် လဘက်ရည်တစ်ခွက်၊ ပေါင်း၃၀၀၊ မှတ်လိုက်ဗျို့ဟု ဆိုင်ရှင်အား လှမ်းအော်ရင်း ထထွက်လာခဲ့သည်။

သည်ရက်ပိုင်း မိုးက သုံးရက်ဆက်တိုက် ရွာထားသည်မို့ လမ်းမပေါ်က ရေအိုင်တစ်ချို့ကို ကျော်ခွ၊ ကွေ့ပတ်ရင်း “ငါလည်း ကျိန်စာမိနေတဲ့ သားကောင် တစ်ကောင်များလား….”ဟု။

ရည်ညွှန်း … the waves,November,2009

  • ချော(အစိမ်းရောင်လွင်ပြင်)

    စဉ်းစားစရာဘဲ
    မှန်နေတဲ့အချက်အလက်တွေဘဲ ဖြစ်တယ်
    ထွက်တဲ့သယံဇာတက ပြည်သူအတွက် အကျိုးမရှိရင်လဲ နိုင်ငံတိုးတက်မှုက နှောင့်နှေးနေမှာပါဘဲ…

  • စာတွေက မြင့်လွန်းတယ်ဗျာ..
    တစ်ပိုဒ်ချင်းတောင် မနည်းဘာသာပြန်နေရတယ်..
    အေးပေါ့လေ..တော်သူတွေဆိုတော့လဲ ကျော်ပေမပေါ့…။
    သူ့အိုးနဲ့သူ့ဆန်တန်ပါတယ်..

  • စာတွေက အလေးကြီး………………

  • သယံဇာတပေါတာထက် သုံးတတ်တဲ့သူရှိတာမရှိတာက နိုင်ငံချမ်းသာတာနဲ့ဆိုင်မယ်ထင်ပါတယ်။ ဘရူနိုင်းဆို ဘယ်လိုလုပ်မလဲ။ ဘာမှမလုပ်ဘဲ သယံဇာတနဲ့တင် သူဌေးတွေပြည့်နေတာ

    • ညီမင်းခ

      အင်း ပြောစရာတွေကတော့ အများကြီးပေါ့ဗျာ၊ တစ်ချို့ကို တမင်ပဲ ချန်ထားပစ်ခဲ့တာပါ၊ ကျွန်တော်ဆိုလိုတာက ကြောင့်ကြမဲ့ နေနိုင်ခဲ့ကြလို့ ဆင်းရဲမှန်းမသိ ဆင်းရဲနေတာကိုပါ၊ ဘယ်တုန်းကမှလည်း တအားကြီး မဆင်းရဲခဲ့တော့လေ၊ အာရှက ချမ်းသာလာတဲ့ နိုင်ငံတော်တော်များများဟာ မတရားဆင်းရဲခံရပြီးမှ အဲဒီဆင်းရဲတာကို မခံနိုင်တော့လို့ ရုန်းကန်ရင်း ချမ်းသာလာခဲ့ကြတာပါ၊ ဘရူနိုင်းလို နိုင်ငံမျိုးတော့ ရှိတော့ရှိတယ် ရှားတယ်ပေါ့ဗျာ။

  • ရောက်ခဲ့ပါတယ် ကိုညီမင်းခရေ။ မှန်လွန်းသော အကြောင်းအရာ
    တွေကို သူတို့တွေ ဆွေးနွေးသွားခဲ့ကြတာပါ။
    ရောင့်ရဲတတ်လွန်းတာကလည်း တိုးတက်ရာလမ်းကြောင်းကို
    နှောင့်နှေးစေခြင်းပါပဲ။ အများကြီးပါဘဲလေ။
    ဒီ Post လေးဖတ်ပြီး တွေးစရာတွေနဲ့ တွေးနေမိတယ်။
    …….အရေးအသားတွေက အရမ်းကိုလေးနက်လွန်းပါတယ်။
    ခင်မင်လေးစားလျှက်….ခင်မာလာအောင်…:)