ချုပ်ရိုးပြတ် မြင်ကွင်း

ညက
လူပြိန်းကြိုက် သီချင်းတွေနဲ့
လက်ဘက်ရည်ဆိုင်မှာ ဆူညံတယ်
ဂျင်းဘောင်းဘီဝတ်ကောင်မလေးတစ်ယောက်ရဲ့
စိတ်ဝင်စားဖွယ်မြူဆွယ်မှုအလှမှာ
ပါးစပ်သေနတ်တွေ
စိတ်ထင်ရာပစ်ဖောက်ကြ
ဒီကြားထဲ C Am F G နဲ့
အဲရစ်ကလက်ပတန်လို ကတ်ကိုဘိန်းလိုလို
ငနဲတွေကလည်း လက်စွမ်းပြလိုပြ
ညမှ ပွင့်နိုင်အားတဲ့ ရွက်ကြမ်းရေကြိုအလှတွေလည်း
ဟိုဘက် ဒီဘက် အကြောင်းမရှိ အကြောင်းရှာ
ငါးမျှားထက်လို ထွက်ကြ
တစ်ချို့ငါးမျှားချိတ်တွေက ငါးတွေ ပြန်ဖြစ်သွား
နေ့စားအလုပ်သမားတစ်ချို့ကတော့
အရက်ဖြူဆိုင်ထဲမှာ
အရက်ခွက်ထဲက လမင်းကို
သဲသဲမဲသဲ ဆယ်ယူနေကြတယ်
ဒီလိုပါ
မီးက ပျက်ချင်သလို ပျက်နေလေတော့
ညကလည်း ကိုယ့်အလင်းနဲ့ ကိုယ်ဖြစ်သလ်ိုလင်းနေကြတဲ့အကြောင်း
ငါ့မှာသာ
ကျကွဲနေတဲ့ စိတ်ဓာတ်ကို
အမှောင်နက်နက်ထဲ
တစ်စ ချင်း ပြန်ကောက်ဆက်နေရတယ်။