လေတွင်ရေးသော ဝါကျများ

(၁)

အခြေအနေအရ၊ မြင်နေရသော ကောင်းကင်တွင် မျောလွင့်နေသော တိမ်စိုင်တိမ်သား တစ်ချို့မှလွဲ၍၊ မိုး၏ အရိပ်အယောင်ကို မမြင်ရတော့၊ ကောင်းကင်မြင်ကွင်းက ကြည်လင်စွာ လှပ၍နေသည်။  နှင်းမှုန် ပါးပါးလေးများက သည်ဆောင်းဦးရဲ့ ခြေသံလေများလား။ သစ်ရွက်တစ်ချို့ ကြွေသက် လှုပ်ခပ်အောင် တိုက်ခတ်နိုင်စွမ်းသော လေပြေငယ်၊ ငါ့ရင်ကို ရေကြည် တစ်ပေါက်လောက် ဆောင်ကြဉ်းခဲ့စမ်းပါကွယ်။ ထိုင်းမိုင်းမူးဝေနေသော ငါ့နှလုံးသားငယ်ကို လင်း လက်အောင် ပြုစုပေးလှည့်ပါ့။

(၂)

မသေချာဘူးနှင့် သေချာသည်များကို တစ်ထုပ်စီထုပ်၍ အချိန်ကာလချိန်ခွင်ဖြင့် ထည့်ချိန်ကြည့်မိသည်။ ကျွန်တော်၏ သေချာခြင်း အထုပ်ထဲတွင် ချစ်သူ့နာမည် သုံးလုံးတည်းသာ ရေးထိုးထားသော နှလုံးသားငယ် တစ်ခုသာ ပါဝင်ကြောင်းကို မည်သူ့ကိုမှ ပြောပြဖို့ မလိုပေ။ မည်သူ့ကိုမှ ပြောမပြသောကြောင့် သူမလည်း သိမည်မဟုတ်ပေ။ ချစ်သူက ဒိုးနပ်မုန့်စားနေချိန်၊ ကျွန်တော်က လမ်းမပေါ် ယောင်ချာချာ လျှောက်နေမည်။ ချစ်သူက ခေတ်ပေါ် hip hop သီချင်းများဖြင့် ပျော်မြူးနေချိန်တွင်၊ ကျွန်တော်က ဘာမှမရေးရသေးသော စာရွက်အလွတ် ပေါ်တွင် မနက်ဖြန် အတွက် ဝါကျတစ်ကြောင်းကို ရှာဖွေနေမည်။ ချစ်သူက ကျွန်တော်မဟုတ်သော တစ်ခြား ကောင်လေးများနှင့် ပြောဆို ရယ်မောနေသော အခါတွင်၊ ကျွန်တော်က ငြိမ်သက်စွာ တမ်းတသတိရနေလိမ့်မည်။  ချစ်သူက တန်ဖိုးများကို သေချာသော ကိန်းဂဏန်း များဖြင့် စစ်ထုတ်နေသော အချိန်တွင်၊ ကျွန်တော်က ကိုယ့်နှလုံးသားလေးကိုသာ အားနာစွာ နှစ်သိမ့်နေလိမ့်မည်။ ဤသို့ဖြင့်  ချစ်သူသည် ချစ်သူသာဖြစ်၍၊ ကျွန်တော်သည် ကျွန်တော်သာ ဖြစ်နေပေလိမ့်မည်။ “နတ်ရေးတဲ့ ရွှေဖူးစာ” ဘာဖြစ်တယ် ဆိုလား။ အောင်စေ၊ ပိုင်စေ၊ နိုင်စေ၊ ပွဲဘောင်၊ ဥဒါန်းငယ်ဆောင် ဆိုလား၊ ဤသို့သော သီချင်းမျိုးကို မဆိုတတ်ခဲ့ပါ။

(၃)

လေတစ်ချက် ဝှေ့လိုက်တိုင်း အိမ်ရှေ့စိန်ပန်းပင်ကြီးဆီမှ သစ်ရွက် သေးသေးလေးများလည်း ကြွေကျနေ ရသည်။ သူတို့ အလိုတူအလိုပါ ဖြစ်ပါရဲ့လား။ မေးကြည့်မည် စိတ်ကူးသော်လည်း၊ ပြန်ဖြေမည် မထင်၍ မမေးဖြစ် ခဲ့။ ခေါင်းထဲသို့ မေးခွန်းတစ်ချို့ အလိုမတူစွာ ဝင်ရောက်လာပြန်သည်။ “မင်း ဘယ်လိုလူစားလဲ၊ မင်းဘာကြောင့် စာရေး ချင်နေလဲ၊ မင်း ဘာအတွက် စာရေးနေလဲ၊ မင်းရေးတဲ့စာ ဘာဆိုတာ မင်းသိရဲ့လား” …စသည်ဖြင့် လဲနှင့်လားတို့၏ လက်သီးချက်များဖြင့် ကျွန်တော် မူးမေ့လဲကျသွားသည်။

(၄)

နားထဲသို့ “ဆေးလိပ် မသောက်ပါနဲ့ မောင်ရယ်” ဟူသော စကားသံတစ်ချို့ စီးဝင်လာသည်။ ကျွန်တော် မည်သို့ ပြန်ပြောရမည်လဲ၊ စကားလုံးရှာနေစဉ်၊ ချစ်သူက ပြန်လည် ပျောက်ကွယ်သွားသည်၊ အနားမှာ ဂစ်တာ တစ်လက်သာရှိလျင် လေးဖြူ၏ သီချင်းတစ်ပုဒ်ကို တီးခတ် သီဆိုမိမှာ သေချာသည်။ “အချစ်ရေ… ကိုယ့်အနား… မင်းမရှိတိုင်း… အသက်မဲ့သွား… ခိုလုံနိုင်စရာ မင်းမရှိတော့…. အချစ်ရေ… အချိန်တွေတိုင်းပဲ… ကျေကွဲ….” ခုတော့ ခပ်လှမ်းလှမ်းနံရံတွင် ချိတ်ဆွဲထားသော ဂစ်တာကိုသော်မှ ထယူဖို့ရာ စိတ်အင်အားက မရှိ၊ ကိုယ့်ရဲ့ ဟာမိုနီလေးရယ် …၊ ဘယ်ဆီဘယ်ဝယ် လွမ်းလိုက်လိုက်ရတာ။

(၅)

အဆင်ပြေလိုပြေငြား စာအုပ်တစ်အုပ် ကောက်လှန်လိုက်သည်။ နောက်တစ်အုပ်၊ နောက်တစ်အုပ်၊ စာရေးဆရာ နေမျိုး၏ “ဓာတ်ပုံ”ဟူသော ဝတ္ထုတိုထဲက စာသားကို သတိရမိသည်။ “ခင်ဗျား ကြည့်စမ်းဗျာ၊ ဒီဓာတ်ပုံကို၊ ဘယ်လောက်လှလိုက်လဲလို့။ ကျွန်တော် ဘဝတစ်လျှောက်လုံး ဖတ်လာခဲ့တဲ့ စာအုပ်တွေကို ပြီးခဲ့တဲ့ ဆောင်းတုန်းက မီးရှို့ပစ်လိုက်တယ်၊ ဒီဓာတ်ပုံက အဲဒီစာအုပ်တွေကို မီးရှို့လိုက်နိုင်တုန်းက ထွက်လာတဲ့ မီးခိုးတွေကို ရိုက်ထားတဲ့ပုံပေါ့၊ မာယာကော့ဗ်စကီးရဲ့ “ဘောင်းဘီဝတ်မိုးတိမ်” စာအုပ်ကို လောင်ကျွမ်းတုန်းက မီးခိုးဆိုရင် ခင်ဗျားကို မြင်ဖူးစေချင်လ်ိုက်တာ၊ လှမှလှပဲဗျာ”တဲ့။ ကျွန်တော့်တွင် ဤမျှလောက် ကြီးကျယ်သော ခံစားမှုမျိုးကို လိုက်၍ မမီနိုင်သေးပါ။ စာအုပ်တစ်ချို့ကို ချစ်ရပေဦးမည်။

(၆)

ဘာကိုလိုချင်မှန်းမသိပဲ ရှာနေသောကြောင့် လိုချင်သောစာအုပ်ကိုလည်း ရှာလို့မရခဲ့။ ကိုယ့်ကိုယ်ကို ဘယ်သောအခါမှ မသိတတ်သော သတ္တဝါကို လူဟုခေါ်သည်ဟု အဓိပ္ပါယ်ဖွင့်မည်ဆိုပါက ကျွန်တော်သည်လည်း ခင်ဗျားတို့လိုလူ တစ်ယောက် ဖြစ်ကြောင်း သေချာပါသည်။

  • ခုတလော ဒါမျိုစာလေးတွေ အတွေ့ရများနေတယ်.. ရေးတတ်တဲ့သူတွေကို တကယ်ချီးကျူးပါတယ်…

  • တစ်ကစပြီးရင်လည်း ဆီဗုံးလည်းဘာလေး ထောင်ဦးလေ…

  • နံပါတ် (၆) မှာ အဓိပ္ပာယ်တွေ အိတ်သွန်ဖာမှောက် ထွက်ကျနေတယ်။ လူမှာ အဓိပ္ပာယ် သတ်မှတ်ချက် မရှိဘူးဆိုရင်… လူဟာ ဘယ်တော့မှ သူ့မှာ အဓိပ္ပာယ်သတ်မှတ်ချက် မရှိတဲ့ အကြောင်းကို ရှာတွေ့မှာမဟုတ်ဘူး ဆိုတဲ့ စကားတစ်ခုကို သတိရမိတယ်။ သတိရမိတယ်ဆိုတာက သတိရတာပဲ ရှိတယ်။ မတော်ရာ ကွန်မန့်တွေပေးပြီး မူရင်းစာရေးသူထက်ပဲ ဉာဏ်ပညာကြီးနေသယောင်ယောင် အပေါက်တွေ ချိုးချင်တာမျိုး မဟုတ်ဘူး။ အနားမှာ ဂစ်တာရှိရင်.. ကိုလေးဖြူရဲ့…. “သိချင်တယ်လေ၊ ကြားချင်တယ်လေ၊ တွေ့ချင်တယ်လေ…. ငါဘယ်သူတုန်း…♪♪ ဆိုပြီး ခင်ဗျားနဲ့ ကျွန်တော် အတူဆိုချင် ဆိုမိမှာပေါ့..။ ကျွန်တော်လည်း ခင်ဗျားလို လူတစ်ယောက်ပါပဲ.. အဲ…မာရီလင်မွန်ရိုးနဲ့ ဟစ်တလာတို့လည်း ကျွန်တော်တို့လိုပဲနေမှာ…မဟုတ်ဘူးလား…။ ဒါနဲ့ ယန်းပေါဆတ်ကြီးတွေ့ရင် လွှတ်လိုက်ပါဦး… တစ်ခွက်တစ်ဖလားလောက် အတူသောက်ချင်ပါတယ်လို့…။