လွတ်ကျသွားသော နေ့စွဲများအကြောင်း

ဒီပို့စ်ကို ဖတ်ခြင်းဖြင့် တစ်ခုခုကို သင်မျှော်လင့်ခဲ့လျင် သင်၏မျှော်လင့်ချက်သည် မှားယွင်းမှုတစ်ခုသာ ဖြစ်ကြောင်း ကြိုတင်၍ အသိပေးပါသည်။

ကျွန်တော်က ဆရာဇော်ဇော်အောင် ပြောသည့် အက်ဆေးဝါဒဖြင့် စာတစ်ပုဒ် စမ်းသပ်ရေး ကြည့်ရန် ကြိုးစား ကြည့်နေသည်ဟု ပြောပါမည်။

အစ= နေသားတကျဖြစ်နေသော အဆင်မပြေမှုတစ်ချို့ကို ခဏမေ့ထား၍ တဒင်္ဂပျော်ရွှင်မှုကို ရှာဖွေ တတ်သည်မှာ လူသား၏ သဘာဝတစ်ခုပင် ဖြစ်သည်ဟု ကျွန်တော်ပြောသောအခါ ကောင်မလေးများအတွက် အပျော်ဖတ်ဝတ္ထု တစ်ပုဒ်မျှလောက်ပင် ဆွဲဆောင်မှုရှိမည်မဟုတ်ပါ။ (လောင်းလိုက လောင်းနိုင်ပါသည်)

အလယ်= ထိုရက်များအတွင်း သင်သည် မိုက်ကယ်ဂျက်ဆင် ကွယ်လွန်သည့်အကြောင်း အရေးကြီးဟန်ဆောင် ၍ ပြောချင်ပြောနေမည်။ မာရီယာကာရေး၊ လင်ဆေးလိုဟန်၊ ဂျနီဖာလိုပက်တို့လည်း ပါချင်ပါလိမ့်မည်။ သေချာသည်ကတော့ သင်ဟာ လူငယ်တစ်ယောက် ဖြစ်ခဲ့လျင် လောလောဆယ် လူကြိုက်များနေသော မင်းသမီးလေး မိုးယုစံ အကြောင်းကိုလည်း တစ်ခါတစ်ရံ တွေးမိကောင်း တွေးမိပါလိမ့်မည်။ လူသည် ပြဿနာနှင့် မကင်းကောင်းဟူ၍ မည်သည့်စာအုပ်တွင်မှ မဖတ်ဖူးပါ၊ သို့သော် အလားတူအဓိပ္ပါယ်ရှိသော စာပိုဒ်မျိုးကိုကား ဖတ်ဖူးသလား မမှတ်မိတော့ပါ။ ကျွန်တော့်အတွေးထဲသို့ ဤစာရေးနေစဉ်အတွင်း ဝင်ရောက်လာသော အတွေး တစ်ခုကို ကိုယ့်ဘာသာ ထောက်ခံမဲပေးလိုက်သည်။ ဘဝတွင် မည်သည့်အရာများက အခရာကျသည်ဟု ဆရာကြီး လေသံဖြင့် အော်ပြောနေရုံမျှနှင့် ကျွန်တော့်အသံကို ခင်ဗျား ကြားလိမ့်မည် မဟုတ်ပါ။ သင်၏ဦးခေါင်းထဲတွင် သင့်ကိုယ်ပိုင် သတ်မှတ်ချက်တစ်ခုကို ပတ်ဝန်းကျင်၏ အကူအညီဖြင့် ပုံသေရိုက်နှိပ်ထားပြီးသား ဖြစ်သည်။ သင်သတ်မှတ်ထားသောစံနှင့် သင်ပြုမူနေသောစံ လွဲချော်နေသည့်တိုင် သင်သည် လူသားဆန်စွာ သင့်ကိုယ်သင် ဖြေသိမ့်နိုင်ရန် အကြောင်းပြချက်တစ်ခုကို အဆင့်သင့် ရှာဖွေထား ပြီးသား ဖြစ်ကောင်း ဖြစ်နေလိမ့်မည်။ သင့်မိတ်ဆွေများနှင့် စကားပြောသည့်အခါ သင်ကြားဖူးနားဝရှိသော အရာများကိုလည်း သင်တကယ်ကြုံတွေ့ခဲ့သလို ခပ်တည်တည်ဖြင့် ဖြီးဖျန်းနိုင်ပါသည်။ ထိုတွင်မက စာအုပ်တစ်ချို့ထဲမှ ရွတ်ဆို၍ကောင်းသော စာပိုဒ်တစ်ချို့ကိုလည်း အလွတ်ကျက်ကာ သင့်ကို အသိဉာဏ်ပြည့်ဝသူအဖြစ် အများက သိရှိစေရန် ရွတ်ပြလိုက ရွတ်ပြနိုင်ပါသေးသည်။ သင်၏စိတ်တွင် လုပ်သင့်သည်နှင့် လုပ်ချင်သည်များက သင့်ရည်ရွယ်ရာကို မှုန်ဝါးအောင် အမြဲတစေ လိုက်လံတွယ်ကပ်နေ ပေလိမ့်မည်။ ဆိုလိုသည်မှာ သင်သည် သင့်လိုအင်ဆန္ဒများ၏ သားကောင်ပင်ဖြစ်သည်။ သင်၏ အတွေးအခေါ်သည် သင်၏မှန်ကန်မှု ဖြစ်သည်၊ မည်သူက မည်သို့ပင်ဆိုစေကာ သင်သည် သင်၏ဗီဇကို လွယ်လွယ်နှင့် ကျော်လွားနိုင်မည် မဟုတ်ပေ။ အထူးသဖြင့် ဆန့်ကျင်ဘက် ခံစားမှုများနှင့် ကြုံတွေ့ရသည့်အခါ သင်၏ ပင်ကိုယ်ဗီဇသည် အလွယ်တကူ ပေါ်လာပေလိမ့်မည်။

အဆုံး= လူသည် မျှော်လင့်ချက်ဖြင့် အသက်ရှင်သည်ဆိုသော စကားအတိုင်း သင်သည်လည်း တစ်နေ့နေ့ တစ်ချိန်ချိန်ကို ဘာမှန်းမသိပဲ မျှော်လင့်နေပါလိမ့်မည်။ အခြေအနေကို လိုက်၍ သင်၏ မျှော်လင့်ချက်သည် အမျိုး မျိုး ပြောင်းလဲနေမည် ဖြစ်သည်။ ပျက်ပြယ်သွားသော မျှော်လင့်ခြင်းများ၏ လစ်လပ်သွားသောနေရာတွင် အသစ် အသစ်သော မျှော်လင့်ချက်များက သင်မဖိတ်ခေါ်သော်လည်း အလိုအလျောက် ဝင်ရောက်လာပါလိမ့်မည်။

ကျွန်တော်ပြောချင်သော စကားများသည် အထက်ဖေါ်ပြပါ စကားများ မဟုတ်ကြောင်းကို မည်သည့်အရာနှင့် သက်သေပြဖို့ လိုအပ်ပါသလဲ၊ လောလောဆယ် အတောင့်တဆုံးသောအရာမှာ “အေးစုမွန်၏အနမ်း” ဖြစ်ကြောင်း ကိုတော့ ဘာနှင့်မျှ သက်သေပြ၍ ရမည်မထင်ပေ။ ဤသို့ဖြင့် နေသည် အရှေ့ဟုအမည်ပေးထားသော အရပ်မှ အနောက်ဟု အမည်ရသော အရပ်သို့ သွားခြင်းအလုပ်ကို မည်သူမျှမခိုင်းသော်လည်း သူ့ဘာသာ မပျင်းမရိ လုပ်နေမည် ဖြစ်သည်။ ထုံးစံအတိုင်း ရွက်ဟောင်းများ၏ နေရာတွင် ရွက်သစ်တစ်ချို့က အလိုအလျောက် ဝင်ရောက် ဖြည့်ဆည်းပေးပါ လိမ့်မည်။ အချိန်ကာလ တစ်ချို့ကိုတော့ သည်းခံစောင့်ဆိုင်းတတ်ဖို့ လိုမည်။ ပြောစရာများ ပြောချင်သည်များ အများအပြား ကျန်နေသေးသော်လည်း ဆက်ရေးရမှာ ပျင်းရိလာသောကြောင့်လည်းကောင်း၊ ကျွန်တော်လို ငမွားတစ်ကောင်၏ စာကို မည်သူကမျှ အရေးတယူ ဖတ်မည်မဟုတ်သောကြောင့်လည်းကောင်း၊ ဤမျှဖြင့် ရပ်နားလိုက်ရပါသည်။ ခေါင်းစဉ်နှင့် စာကိုယ်သည် မည်သို့မျှ မကိုက်ညီပါ၊ ထိုသို့ဖြစ်နေခြင်းသည်ပင် ကျွန်တော်၏ လွဲမှားသော ဘဝအဓိပ္ပါယ် ဖြစ်ပါသည်။

  • ပို့စ်ရဲ့ ပထမဆုံးဝါကျကိုဖတ်လိုက်ရင်း ဆန္ဒနဲ့ကိုက်ညီတဲ့ဟာ တစ်ခုတော့ တွေ့ပြီရယ်လို့ အဆုံးထိ ဖတ်မိခဲ့ပါတယ်။ တစ်ချို့သောသူများဟာ သူတစ်ပါးရဲ့အတွေးအခေါ်အကြံအစည်ကို ပြောင်းလဲပစ်ရန် နားချဖို့ ဘာကြောင့် ကြိုးစားကြပါသလဲ။ ငါတော့ လမ်းပြပေးမှဆိုတဲ့အတွေးနဲ့ ရေးခဲ့ကြပါသလား။ ရေးသားသောသူများ ရေးသားပါ။ ကျွန်တော်လည်း ရေးချင်ရေးမိပါမည်။ ဒါလည်းကိစ္စမရှိပါ။ ရေးမိသည့်စာသားများမှ အကျိုးတစ်စုံတစ်ရာ ပေးစွမ်းနိုင်ရန်တော့ ကျွန်တော် (တမင်သက်သက်) ကြိုးစားလိမ့်မည်မဟုတ်ပါ။ “ဆရာဇော်ဇော်အောင်ပြောသည့် အက်ဆေးဝါဒ” ဆိုသည်ကို ကျွန်တော် မသိခဲ့ပါ။ ထို့ကြောင့် စလယ်ဆုံး သုံးပါးပါရှိသော အက်ဆေးများလားလို့ လျှောက်တွေးကြည့်ပါတယ်။ ကျွန်တော်ထင်တာ မဟုတ်ဖို့ များတယ်လို့ ကျွန်တော်ထင်ပါတယ်။ တစ်စုံတစ်ခုရရှိလိမ့်မည်ဟု မျှော်လင့်ထားချက်ဟာ မှားယွင်းမှု တစ်ခုသာ ဖြစ်လိမ့်မည်ဟု မျှော်လင့်ထားတဲ့အတိုင်း ပို့စ်အပြီးမှာ ကျွန်တော် အမှန်တရားကို ဆိုက်ရောက်ဆိုက်ရောက်ခဲ့ပါတယ်။ သို့သော် ထိုအမှန်တရားဟာ သူသူငါငါ ပညာရှိများ ပြောဆိုသုံးနှုန်းတဲ့ အမှန်တရားနှင့် သက်ဆိုင်လိမ့်မည် မဟုတ်ပါ။ ပို့ကိုဖတ်နေရင်း နှစ်သက်သဘောကျတဲ့ ခံစားမှုကိုတော့ မထင်မှတ်ဘဲ ရရှိခဲ့ပါတယ်။ ဗီဇစိတ်ကို ကျော်လွှားနိုင်ရန်ကော ကြိုးစားသင့်ပါသလား ဘာညာအတွေးများ ဝင်လာမိသော်လည်း ကျွန်တော် ထိုအကြောင်းကို ပေါက်ပေါက်ရောက်ရောက် ဆွေးနွေးနိုင်လိမ့်မည်မဟုတ်ပါ။ ကျန်ရှိနေသေးသော ပြောစရာစကား အများအပြားကို သိချင်စိတ်နဲ့ ကျွန်တော် ဒီနေရာကို ရောက်လာပါဦးမယ်။ နောက်ဆုံးတစ်ခုက ကျွန်တော် “ငမွှား” ဆိုတဲ့စကားလုံးကို နားမလည်ခဲ့ပါ။ ◄ တေဇာ ►

  • laytakhon

    မိုက်တယ်ဗျာ………။ ဂွတ်တယ်…….။

  • ဖတ်လို့တော်တော်ကောင်းတယ်
    ကျိုးစားက စာလုံးပေါင်းမမှန်တာလေးတစ်ခုပဲ