အငွေ့သက်သက်အိပ်မက်များ

နေပူကျဲကျဲ
အဖြေမဲ့ ခြေသလုံးကြွက်သားတွေ
နေမင်းကတောင် ပြန်အရှုံးပေးရမယ့်အထိ
သူအ မက်တဲ့ အိပ်မက်နဲ့
ထိုးထိုးထောင်ထောင် ကြွယ်ဝနေပုံ၊

တစ်ခါတစ်ခါ နွံအိုင်ထဲက ဘဝတွေအကြောင်း
တစ်ခါတစ်ခါ ဝတ္ထုစာအုပ်ထဲက အချစ်အကြောင်း
တစ်ခါတစ်ခါ ပေါ့ပျက်ပျက် မိန်းမများအကြောင်း
တစ်ခါတစ်ခါ ဝိုင်မဖြစ်သေးတဲ့ စပျစ်သီးများအကြောင်း
တစ်ခါတစ်ခါ စိတ်ကို အိုးမည်းသုတ်တဲ့ အကုသိုလ်တွေအကြောင်း
ခေါင်းစဉ်က ဟာသလိုလို သံဝေဂလိုလို၊

အိပ်မက်ကနိုးတော့လည်း
ကြောင်တောင်ကန်း ဘဝအတိုင်းပါပဲ
နေကလည်း ပူမြဲပူလျက်
ညကလည်း မှောင်မြဲမှောင်လျက်
ကြွက်သားတွေကလည်း လျှောက်မြဲလျှောက်လျက်
အငွေ့သက်သက် အိပ်မက်တွေကလည်း
မိုးခေါင်မြဲခေါင်လျှက်။