ဘုရားသခင်မရှိသည့်နယ်မြေ [အပိုင်း(၃)]

စတော့ကာဒ်နှင့် ဇနီးသည်တို့ကား တိုက်ပွဲအတွက် စခန်းကို စတင်ပြင်ဆင်ကြတော့၏။ သူတို့ အလုပ်လုပ်နေကြတုန်းမှာ အင်ဒီယန်းရွာထဲမှ စစ်ပွဲဗုံသံများ ကြားရတော့သည်။ အိုဝင်သည် ဘုရားစာ ရွတ်ရင်းရွတ်ရင်း သူ၏ ဘာသာရေးနှင့် ပတ်သက်သော စိတ်အားထက်သန်မှုများ တစ်စတစ်စ လျော့ပါးလာခဲ့သည်။ ကြောက်ရွံ့မှုသည် သူ့နှလုံးသား ထဲက မျှော်လင့်အားထားရာ နေရာကိုဝင်ယူလာသည်။ နောက်ဆုံးတွင် ဘဝကိုချစ်သောစိတ်က ဘုရားသခင်ကို ချစ်သောစိတ်ကို သိမ်းပိုက်လိုက်တော့သည်။ ဘဝကို ချစ်သောစိတ်။ သူ ထိုသို့ခံစားလာရသည်ကို သူ့ကိုယ်သူ မရပ်တန့်နိုင်တော့။ စတော့ကာဒ်သည်လည်း သူ့ဘဝသူချစ်သည်ဟု သူသိပါသည်။ သို့သော် စတော့ကာဒ်ကား အရှက်ရခြင်းထက် သေဆုံးရခြင်းကို ရွေးချယ်ပေလိမ့်မည်။

မည်းနက်သော ခြေထောက်အများအပြား စတော့ကာဒ်၏ စခန်းဆီသို့ ပြေးလာခဲ့ကြသည်။ မြားတွေသည် လေကို ထွင်းဖောက်ကာ တရွှီရွှီမြည်နေကြ၏၊ လှံတံတစ်ချောင်းက စတော့ကာဒ်ဇနီးသည်၏ ကိုယ်ထဲဖောက်ဝင်သွားသည်။ စတော့ကာဒ်၏ ကျည်ဆန်များကလည်း ပြန်လည်တိုက်ခိုင်နေပါသည်။ အင်ဒီယန်းစစ်သားလှိုင်းလုံးများ တစ်လှိုင်းပြီး တစ်လှိုင်းသူ့ခံတပ်များကို ကျော်တက်လာခဲ့ကြသည်။ အိုဝင် သူ့တဲတွင်းပြေးဝင်လာ၏။

သူ့လူနှစ်ယောက်ကား လျှင်မြန်စွာသေဆုံးသွားခဲ့ပြီ။ စတော့ကာဒ် တစ်ယောက်သာ ရပ်လျှက်ကျန်ရှိတော့သည်။ သူကား နံဘေးမှ အင်ဒီးယန်းများကို တိုက်ခိုက်နေတုန်းပင်။ သူ၏ လက်တစ်ဖက်က ပုဆိန်ကိုင်ထားပြီး တခြားလက်တစ်ဖက်မှာ သေနတ်ကိုင်ထားသည်။ သူ့နောက်မှ မည်းမှောင်သော လက်တစ်ဖက်သည် သူ့ဇနီး၏ ခန္ဓာကိုယ်အောက်မှ ခလေးငယ်ကို ဆွဲထုတ်သွားသည်။ နောက် ထိုအင်ဒီးယန်းသည် ခလေးငယ်ကို ကြာပွတ်ဖြင့် ဖြတ်ရိုက်လိုက်သည်။ သစ်တုံးဖြင့် ဝင်ဆောင့်၍ ကလေးငယ်၏ ခေါင်း ကွဲကြေသွားတော့၏၊ စတော့ကာဒ်လည်း ပြန်လှည့်ကာ ထိုလူ၏ ဦးခေါင်းကို ပုဆိန်ဖြင့် ဖြတ်ချလိုက်သည်။

ရိုင်းစိုင်းသော မျက်နှာများဖြင့် အင်ဒီးယန်းစက်ဝိုင်းသည် စတော့ကာဒ်ဆီ နီးကပ်လာသည်။ သူတို့နှစ်ကြိမ်တိုင် စတော့ကာဒ်ဆီ အလုအယက် တက်ကြသည်။ သူ့ခြေထောက် အောက်တွင် အင်ဒီယန်းများ လဲပုံနေ၏၊ မြေပြင်သည်သွေးများဖြင့် ရွှဲနေတော့သည်။ ဘက်ပတစ်က သူ့လူများကို ပြန်ခေါ်လိုက်ပြီး အော်ပြောလိုက်၏၊
“စတော့ကာဒ် မင်းဟာ ရဲရင့်တဲ့သူတစ်ယောက်ပဲ၊ မင်းရဲ့ ဘုရားသခင်ကို စွန့်လွတ်လိုက်ပါ၊ ဒါဆို ငါမင်းကို အသက်ရှင်ခွင့်ပေးမယ်”