ဘုရားသခင်မရှိသည့်နယ်မြေ [အပိုင်း(၂)]

တစ်ည သူအပြင်သွားနေတုန်း လူဖြူတစ်ယောက်က သူ့အိမ်ကို ချိုးဖောက်ဝင်ပြီး သူ့သမီးကို သတ်သွားခဲ့သည်။ သူတရားစွဲဆိုသောအခါ လူဖြူများ၏ ဘုရားသခင်က အပြစ်အားလုံးကို ခွင့်လွတ်ကြောင်း သူ့ကို ပြောကြသည်။ ထို့ကြောင့် သူသည် သူ့သမီးကို သတ်သော လူသတ်သမားကို သူ့လက်ဖြင့် ပြန်သတ်ခဲ့ပြီးနောက် သူ့အမေ၏ အမျိုးအနွယ်များရှိရာသို့ ထာဝရ ပြန်လာခဲ့တော့သည်။

“ငါကတော့ ငါ့ရွာကိုရောက်လာတဲ့ လူဖြူတွေဟာ ဒီမှာနေမယ်ဆိုရင် သူ့ဘုရားသခင်ကို စွန့်လွတ်ခိုင်းဖို့ သစ္စာဆိုထားတယ်။ ဒါပေမယ့် မင်းက ပထမဆုံးဖြစ်လို့ ငါဒီလို မလုပ်ပါဘူး၊ မင်းမြန်မြန်ထွက်သွားပါတော့” ဟု ဘက်ပတစ်က လူဖြူခေါင်းဆောင် ဟေးစတော့ကာဒ်ကို ပြောခဲ့သည်။ “ငါဒီမှာ နေရင်ရော…” စတော့ကာဒ်က သူ့ဆေးတံကို ဆေးဖြည့်ရင်း တည်ငြိမ်စွာ ပြန်မေးလိုက်၏။ “ဒါဆိုရင်တော့ မကြာခင် မင်းဘုရားသခင်နဲ့တွေ့ရမယ်၊ မင်းရဲ့ဆိုးရွားတဲ့ ဘုရားသခင် လူဖြူတွေရဲ့ ဘုရားသခင်ပေါ့ကွာ” အင်ဒီယန်းခေါင်းဆောင်က ပြောဆိုကာ စတော့ကာဒ်၏ စစ်စခန်းမှ သူ့ရွာသို့ ပြန်ထွက်ခွာသွားခဲ့သည်။

နောက်တစ်နေ့မနက် စတော့ကာဒ်သည် မြစ်ကမ်းဘေး တစ်လျှောက် လှော်ခတ်လာနေသော ကနူးလှေထဲမှ လူသုံးယောက်ကို ဒေါသမျက်လုံးဖြင့် ကြည့်နေသည်။ နှစ်ယောက်သည် အင်ဒီးယန်း လူမျိုးများဖြစ်၍ တတိယလူကား ဦးခေါင်းတစ်ဝိုက်တွင် တောက်ပသော အနီရောင် အဝတ်အစားများ ဝတ်ဆင်ထားသည့် လူဖြူတစ်ယောက် ဖြစ်သည်။ စတော့ကာဒ်သည် သေနတ်ကို လှမ်းယူပြီးမှ စိတ်ပြောင်းလိုက်သည်။ လှေကပ်လျှင် ကပ်ခြင်း ထိုလူဖြူသည် ကမ်းပေါ်ကို ခုန်တက်ကာ စတော့ကာဒ်ထံ အမြန်လှမ်းလာခဲ့သည်။

“တို့တွေ တွေ့ကြပြန်ပြီနော် ဟေးစတော့ကာဒ်၊ ငြိမ်းငြိမ်းချမ်းချမ်းရှိပါစ၊ ခင်ဗျားဟာ အပြစ်ရှိသူတစ်ယောက် ဖြစ်နေပြီဆိုတာ ကျွန်တော်သိပါတယ်၊ ဒါပေမယ့် စတာ့ဂ်ျအိုဝင်လို့ခေါ်တဲ့ ဘုရားသခင်ရဲ့တမန်တော်ဖြစ်တဲ့ ကျွန်တော်က ခင်ဗျားကို ဘုရားကျောင်းထဲ ပြန်ခေါ်သွားမှာပါ” “ဒီမှာ ကျွန်တော်ပြောမယ် နားထောင်” စတော့ကာဒ်က သတိပေးသည်။
“ခင်ဗျား ဒီမှာနေရင်တော့ ခင်ဗျားကိုယ်တိုင်နဲ့ ခင်ဗျားလူတွေဆီကို ပြဿနာခေါ်လာတာပဲ၊ ခင်ဗျားတို့အားလုံး အသတ်ခံရလိမ့်မယ်၊ ကျွန့်တော့်ဇနီး၊ ကျွန်တော့်ကလေးနဲ့ ကျွန်တော့်ပါ အသတ်ခံရဖို့ဖြစ်နေပြီ”

အိုဝင်က ကောင်းကင်ကို မော့ကြည့်ရင်း ပြန်ပြောသည်။ “နှလုံးသားထဲမှာ ဘုရားသခင်ရှိနေတဲ့သူနဲ့ လက်ထဲမှာ သမ္မာကျမ်းစာ ကိုင်ထားတဲ့လူကို ဘုရားသခင်က ကာကွယ်ပေးပါတယ်”

မနက်ခင်း ကုန်သွားသောအခါ စတော့ကာဒ်၏ စစ်စခန်းသို့ ဘက်ပတစ် ပြန်ရောက်လာသည်။ “မင်း မသေချင်သေးရင် ခရိယာန်ဘုန်းကြီးကိုထားခဲ့ပါ၊ ငါမင်းကို ငြိမ်းချမ်းစွာ ထွက်သွားခွင့်ပြုမယ်” ဘက်ပတစ်က အတင်းအကြပ်ပြောဆိုသည်။ အိုဝင်သည် သမ္မာကျမ်းစာကို ရုတ်တရက်ဆွဲယူလိုက်ကာ “ကျွန်တော် မကြောက်ဘူး။ ဘုရားသခင်က ကျွန်တော့်ကို သူ့ညာလက်နဲ့ ကာကွယ်စောင့်ရှောက်မှာပါ၊ ကျွန်တော် ဘက်ပတစ်နဲ့ သူ့ရွာကို လိုက်သွားဖို့ အဆင်သင့်ပဲ၊ ဘုရားသခင်အတွက် သူ့ဝိညာဉ်ကို ကျွန်တော်ကယ်တင်မယ်” ဟုပြောသည်။

ဟေးစတော့ကာဒ်က အိုဝင်၏ မျက်လုံးကို စိုက်ကြည့်လိုက်ပြီး “ဒါပေမယ့် ဒီမှာနေတဲ့ လူတွေအတွက်တော့ ဘုရားသခင်နဲ့ ပတ်သက်တဲ့ ထူးဆန်းတဲ့ စကားလုံး ရှိမှာ မဟုတ်ဘူး” ဟုပြောလိုက်သည်။ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ဘက်ပတစ် သူ့ရွာသို့ ပြန်သွားလေသည်။ အိုဝင်သည် သူ့လူနှစ်ယောက်ကို ခေါ်ကာ သုံးယောက်သားထိုင်ကာ ဘုရားစာ ရွတ်ကြတော့သည်။