ဘုရားသခင်မရှိသည့်နယ်မြေ [အပိုင်း(၁)]

ဝံပုလွေများသည် ကာရီဘူးသမင်အုပ်ကို တိတ်ဆိတ်ငြိမ်သက်စွာ ဝိုင်းရံထားကြသည်။ အညိုရောင် ဝမ်းပျဉ်းသားများက မြေပြင်နဲ့ ထိကပ်နေသည်။ ဝံပုလွေအုပ်သည် ကိုယ်ဝန်ရှိသော သမင်မတစ်ကောင်ကို ဝိုင်းဆွဲထုတ်လာကာ လည်ချောင်းကို ဖောက်ပစ်လိုက်သည်။ ကျန်သည့်သမင်များမှာ ခြေဦးတည့်ရာ ကစဉ့်ကလျား ထွက်ပြေးသွားကြ၏။ ဝံပုလွေများကား သမင်ကို စတင်စားသောက်ကြတော့သည်။

နောက်ထပ်လူမသိသော စိတ်မချမ်းမြေ့စရာ အဖြစ်အပျက်တစ်ခု အလက်စကားနယ်စပ်တွင် ဖြစ်ပွားခဲ့ပါသေးသည်။ ထိုနယ်စပ်၏ အလွန်ရှေးကျသော သစ်တောများထဲတွင် အင်အားကြီးသူများက အင်အားနည်းသူများကို နှစ်ထောင်ပေါင်းများစွာ သတ်ဖြတ်အနိုင်ကျင့် နေခဲ့ကြသည်။

သက်တံ၏ အစွန်းအဖျားဖြစ်သည့် သည်နယ်မြေတွင် အင်ဒီးယန်း လူအုပ်ကလေးများလည်း နေထိုင်ကြသည်။ သူတို့၏ ကျောက်ခေတ် ဘဝများကတော့ အဆုံးသတ်သွားပါပြီ။ ဆံပင်ဖြူဖျော့ဖျော့ မျက်လုံးအပြာရောင်ဖြင့် လူထူးဆန်းတစ်ချို့သည် မြောက်ပိုင်းနယ်မြေများကို ရှာဖွေတွေ့ရှိသွားကြသည်။ ခေါင်းဆောင်လုပ်သူများက အင်ဒီးယန်းများကို တိုက်ခိုက်ရန် သူတို့စစ်သားများကို အမိန့်ပေးခဲ့ကြသည်။ ကျောက်မြှားများနှင့် စတီးကျည်ဆန်တို့ ထိတွေ့ကြသည်။ အင်ဒီယန်းများကား လူထူးဆန်းများကို မတားဆီးနိုင်ခဲ့ကြပါ။ လူဖြူတို့သည် ရေခဲမြစ်များကို ပေါ့ပါးသော ကနူးလေများဖြင့် ဖြတ်ကျော် အောင်မြင်ခဲ့ကြသည်။ နက်မှောင်သော သစ်တောများကို ဖြတ်ကျော်ကာ ကျောက်တောင်များပေါ် တက်ကြသည်။

လူဖြူခေါင်းဆောင် တစ်ယောက်သည် မြစ်အနီးရှိ ယာယီတဲ တစ်လုံးရှေ့တွင် ထိုင်နေ၏ သူ့မီးပုံရှေ့တွင် မီးခိုးများနှင့် မီးညွန့်များ ထွက်နေသည်။ သူကား လက်ရှိသူစခန်း၏ မနီးမဝေးတွင်ရှိသော အင်ဒီးယန်းရွာကို ငေးကြည့်ခြင်းဖြစ်သည်။ ထိုတွင် သူ့တဲအတွင်းမှ နေမကောင်းသော ကလေးငယ်၏ ငိုသံထွက်ပေါ်လာပြီးနောက် ကလေးအမေ၏ နူးညံ့သိမ်မွေ့သော ကလေးချော့သံကို ကြားလိုက်ရသည်။ သို့သော် သည်လူသည် အရေးစိုက်နိုင်ခြင်းမရှိပါ။ သူသည် သူ့အား ဤနယ်မြေမှ ထွက်ခွါခိုင်းခဲ့သော အင်ဒီးယန်းရွာသူကြီး “ဘက်ပတစ်စ် သည်ရက်ဒ်” ၏ အကြောင်းကို စဉ်းစားနေခြင်းဖြစ်သည်။

ဘက်ပတစ်စ်က သူ့ကိုပြောခဲ့သည် “ငါ မင်းတို့ကို ဒီမှာ မရှိစေချင်ဘူး၊ မင်းကို ဒီမှာ နေခွင့်ပြုခဲ့ရင် မင်းက ချာခ်ျ့ကျောင်းတွေ ဆောက်ပြီး မင်းရဲ့ခရိယာန် ဘုန်းကြီးတွေနဲ့ မင်းရဲ့ ဘုရားသခင်ဆိုတဲ့ ပုဂ္ဂိုလ်က်ိုခေါ်လာမှာ”

အက်ပတစ်စ်သည် လူဖြူများ၏ ဘုရားသခင်ကို မုန်းတီးသူဖြစ်၏။ သူ့အဖေသည် အင်္ဂလိပ်လူကြီးလူကောင်း တစ်ယောက်ဖြစ်ပြီး သူ့အမေကား အင်ဒီးယန်းခေါင်းဆောင် တစ်ယောက်၏သမီး ဖြစ်သည်။ သူသည် လူဖြူများကြား၌ပင် ကြီးပျင်းခဲ့ရသည်။ သူငယ်စဉ်က ပြင်သစ်တစ်ယောက်၏ သမီးနှင့် ချစ်ကြိုက်ခဲ့ကြသည်။ သူမ၏ အဖေက သူတို့ လက်ထပ်ဖို့ကို သဘောမတူခဲ့ပါ။ ခရိယာန်ဘုန်းကြီးက သူတို့ကို လက်ထပ်ပေးဖို့ ငြင်းဆိုလိုက်သောအခါ သူသည် မိန်းကလေးကို တောထဲသို့ ခေါ်လာကာ သူ့မိခင်၏ မျိုးနွယ်များကြား၌ သွားနေခဲ့သည်။ တစ်နှစ်အကြာတွင် သူ့ဇနီးသည် ပထမဆုံးကလေးကို မွေးဖွားရင်း သေဆုံးသွားခဲ့သည်။ သူသည် ထိုကလေးကို လူဖြူများနှင့် အတူ နေထိုင်ရန် ပြန်ခေါ်လာခဲ့သည်။ လူဖြူများနှင့် ငြိမ်းချမ်းစွာ နေလာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာလာခဲ့သည်။ သူ့သမီးလေးလည်း အရွယ်ရောက်ပြီး အရပ်ရှည်ရှည်လေးဖြင့် ချစ်စရာကောင်းပါသည်။