ငါးထောင်တန် ပို့စ်

ဘလော့ဂ်ရေးတာ ကြာလာတာနဲ့အမျှ တန်ဖိုးမရှိတဲ့ စာမျိုးတွေ မရေးချင်တော့ဘူး လို့ ကိုစေတန်က သူ့ဘလော့ဂ်မှာ ရေးထားတာ ဖတ်ဖူးသလားပဲ၊ ကျွန်တော့် အဖြစ်ကတော့ ကြာလေ ဘာရေးရမှန်း မသိလေလေနဲ့၊ ကြာလေ တန်ဖိုးမဲ့တာတွေပဲ ရေးနေမိသလား မသိပါဘူး။ သည်လိုနဲ့ ကိုယ်ရေးတဲ့ စာလေး တန်းဖိုးလေး ဘာလေး နည်းနည်း ဖြစ်ဖြစ် တက်လိုတက်ငြား ဒီလိုလေးပဲ နာမည်ပေးလိုက်ရတာပါ။

နောက်တာပါဗျာ၊ တကယ်တော့ ကျွန်တော်က အမှန်တကယ် ဘာကိုမှ ကောင်းကောင်း မတတ်တဲ့ သူဆိုတော့ ဘာအကြောင်းကိုမှ တကယ် ထဲထဲဝင်ဝင် မပြောနိုင် မဆွေးနွေးနိုင်ဘူးလေ၊ ဒီတော့ သူများတွေလို တန်ဖိုးရှိတဲ့ စာမျိုးတွေ မရေးနိုင်တော့လည်း ဒီလိုပဲ တောင်ရောက် မြောက်ရောက် စိတ်ကူးပေါက်ရာ ဆိုပါတော့။ ဟိုး အရင်က ဘလော့ဂ်ကို ဘယ်လောက်ထိ ရည်မှန်းထားလဲ ဆိုပြီး ပို့စ်တစ်ပုဒ် ရေးဖူးပါရဲ့၊ မှတ်ချက် အနည်းအကျဉ်းလည်း ရခဲ့ဖူးပါရဲ့၊ သူများတွေကို မေးသလို ရေးထားပေမယ့် ကျွန်တော့်ကိုယ် ကျွန်တော်လည်း အဲဒီကတည်းက ပြန်မေးမိတာပါပဲ၊ ကျွန်တော့် အဖြေကတော့ အဲဒီတုန်းကလည်း ဝေဝါးလို့ ခုလည်း ဝေဝါးဆဲပါပဲ။ ဝေဝါးတာ မကောင်းဘူး ဆိုတာလည်း ကိုယ့်ကိုယ်ကို သိနေတာပဲ၊ ဒါပေမယ့် လူဆိုတာ ကိုယ့်အတ္တ ကိုယ်ကာကွယ်ဖို့တော့ ဆင်ခြေဆိုတာ အမြဲပဲ ကြိုတင် ရှာဖွေထား တတ်ပြီးသား မဟုတ်လား။

ကျွန်တော့် အဖြစ်ကို အနည်းငယ် ဆက်ပြောရရင်တော့ ကျွန်တော်က နည်းပညာ သမားတွေကိုလည်း လေးစား၊ ရသသမားတွေကိုလည်း အားကျနေရတဲ့ သူပါ၊ နည်းပညာ သမားတွေကို တွေ့ရင် သူတို့ ပြောတာ ရေးတာတွေကို ဖတ်ပြီး၊ သူတို့လို သိချင်၊ သူတို့လို တတ်ချင်တယ်။ (အဲ နည်းပညာဆိုလို့ software sharing လုပ်တဲ့ လူတွေကို ပြောတာ မဟုတ်ဘူးနော်) နောက်တစ်ခါ ရသသမားတွေကို တွေ့ပြန်တော့လည်း တွေးတတ်လိုက်တာ၊ ရေးတတ်လိုက်တာနဲ့ သူတို့လို တွေးတတ် ရေးတတ်ချင်ပြန်ရော။ လူဆိုတာ တစ်စုံတစ်ခုမှာ ပိုမို အားစိုက်ပြီး ဖြစ်မြောက်အောင် လုပ်ရမယ်၊ လုပ်သင့်တယ် ဆိုတာလည်း လက်ခံထားတယ်၊ ခက်တာက ရသသမား သက်သက် လုပ်ရအောင်လည်း ကိုယ်က စာကောင်းကောင်း မရေးတတ်၊ ဖန်တီးနိုင်တဲ့ အတွေးအခေါ်က မရှိ၊ စာဖတ်အားက နည်း။ နည်းပညာ သမားလုပ်ရအောင်လည်း ကိုယ်ဘာတတ်လဲ ဆိုတာ ကိုယ့်ဘာသာတောင် မသိ။ ကဲ မခက်ဘူးလားဗျာ။

ကျွန်တော်က စာပေပိုင်းမှာတော့ စာမျိုးစုံကို စိတ်ဝင်စားပြီး၊ နည်းပညာပိုင်းမှာ ဆိုရင်တော့ coding ပိုင်းကို စိတ်ဝင်စားပါတယ်၊ မှတ်မှတ်ရရ ဟိုးအရင် multiply စသုံးတုန်းက <marquee> ဆိုတဲ့ HTML tag လေးကြောင့် စာလုံးလေးတွေ ပြေးလွှားနေတာ ကြည့်ပြီး အံ့ဩဝမ်းသာ နေခဲ့ဖူးတယ်၊ သူငယ်ချင်းက ဘာပြောလဲဆိုတော့ မင်းကွာ ကွန်ပျူတာ တစ်ခုလုံး အလုပ်လုပ်နေတာတော့ မအံ့ဩပဲနဲ့ တဲ့။ တကယ်တော့ ဒီကွန်ပျူတာ စနစ်ကြီးနဲ့ ပတ်သက်တဲ့ နေရာ အစိတ်အပိုင်းလေး တစ်ခုမှာ ကျွန်တော်ကိုယ်တိုင် လက်နဲ့ ရေးပြီး စေခိုင်းလိုက်နိုင်လို့ ထွက်ပေါ်လာတဲ့ ရလာဘ်လေးကို ကြည့်ပြီး၊ ကြည့်နူးခြင်းနဲ့ အံ့ဩမိခြင်း ဖြစ်ပါလိမ့်မယ်။ ဒါဟာ coding ကို စတင် စိတ်ဝင်စားမိခြင်းရဲ့ အကြောင်းခြင်းရာပါပဲ။ ဒါပေမယ့် စိတ်ဝင်စားတာက ဝင်စားတာ တစ်ပိုင်း ဘဝအခြေအနေက အခြေအနေ တစ်ပိုင်းပဲလေ၊ သင်တန်းမတက်နိုင်ဘူး၊ self-study လုပ်ဖို့လည်း ကိုယ်ပိုင် ကွန်ပျူတာလေး တစ်လုံးတောင် မရှိဘူး။ ဒီလိုနဲ့ အရာရာဟာ နောက်ကျခဲ့တယ် ဆိုပါတော့။ ကံကောင်းလို့ ကွန်ပျူတာလေး ကိုင်နိုင်တော့မှပဲ ကိုယ့်ဘာသာ လေ့လာ ဖြစ်တယ်။ ခုတော့ HTML နည်းနည်း၊ CSS နည်းနည်း၊ PHP နည်းနည်း သိတယ် ပြောရမှာပေါ့၊ self-study လုပ်ရတာလည်း တကယ် မလွယ်ဘူး၊ တခြားသူတွေထက် ပိုအားစိုက်ရသလောက် ခရီးရောက်မှုက ပိုမိုနည်းပါးတယ်။ တစ်ခါတစ်ခါ ကိုယ့် project လေးနဲ့ ကိုယ် လုပ်နေပါတယ် ဆိုမှ ဘာမဆိုင် ညာမဆိုင် ကိစ္စတွေက ပေါ်ပေါ်လာ၊ ဒီလိုနဲ့ပဲ ခုထိ ဘာမှ ဖြစ်မလာ ဖြစ်နေတယ်လေ။ တစ်ခါတစ်ခါလည်း ဘာကိုမှ သိပ်ပြီး စိတ်မဝင်စားတဲ့ သူ ဖြစ်ရင် ကောင်းမှာပဲလို့ တစ်ယောက်ထဲ တွေးမိတာပေါ့ဗျာ။ ဆိုင်တယ် မဆိုင်ဘူး၊ ဖြစ်နိုင်တယ် မဖြစ်နိုင်ဘူး ဆိုတာ မတွေးတောပဲ အကုန်လုံးကို လိုက်လုပ်ချင်နေသူ တစ်ယောက်ရဲ့ ဘဝဟာလည်း ဘဝပါပဲဗျာ။ ပိုပင်ပန်းတာ သိပေမယ့် မလုပ်ပဲ မနေနိုင်တာ ဝဋ်ကျွေးတစ်ခု ဖြစ်ချင်လည်း ဖြစ်မှာပေါ့။

ခုမှပဲ ခေါင်းစဉ် အကြောင်းလေး ပြောရမယ်၊ ငါးထောင်တန်ပို့စ်ဆိုတာ တကယ်တော့ ဘာမှ မဟုတ်ပါဘူး၊ ဒီလို ကျွန်တော်က အင်တာနက်ကို ဖုန်းနဲ့ချည်းပဲ သုံးနေတာ တော်တော်လေး ကြာနေပြီ၊ လိုင်းက ဘယ်တုန်းကမှ ကောင်းကောင်း မကောင်းဖူးတော့ ဆိုးတယ်လို့လည်း ပြောမထွက်တော့ပါဘူး။ အရင် ဆိုင်တွေမှာ သုံးတုန်းကလည်း ပုံလေးတစ်ပုံ တင်ဖို့အရေး နှစ်နာရီလောက်ထိ ကြာတာပါပဲ။ ခုလည်း သူများတွေ ပြောသလို အဝိုင်းလေး လည်နေတာနဲ့ပဲ ဖုန်းဘေလ်က တဖြုတ်ဖြုတ်နဲ့ ကုန်နေတာပါပဲ၊ ကျွန်တော်က စာအရေးကျဲတဲ့ ကောင်ဆိုတော့ ကိုယ့်ဘာသာကိုယ် ဟုတ်သော်ရှိ မဟုတ်သော်ရှိ စာလေး ဘာလေး ရေးဖြစ်အောင်လို့ ဖုန်းဘေလ် ငါးထောင်ကုန်တိုင်း ပို့စ်တစ်ပုဒ် တင်ဖြစ်အောင် တင်မယ်လို့ ဆုံးဖြတ်ကြည့်တာပါ၊ အဲဒီ အတွေးလေးနဲ့ပဲ ခေါင်းစဉ်ကို ဒီလိုပေးလိုက်တာပါ၊ ကျွန်တော့် ထုံးစံအတိုင်း ဆုံးဖြတ်ချက်တွေ တကယ် ဖြစ်မလာဖို့တော့ များပါတယ်။

တကယ်တော့လည်း ရေးသူဘက်က အချိန်ကုန် ငွေကုန်ခံပြီး ရေးထားတဲ့ စာတစ်ပုဒ်ဟာ ဖတ်သူအတွက်လည်း အချိန်ကုန် ငွေကုန်ရုံပဲ ဆိုရင် ဒီလို စာမျိုးဟာ မရှိလေ ကောင်းလေပဲ ဆိုတာ ကျွန်တော် လက်ခံပါတယ်၊ ဒါပေမယ့် တစ်ဖက်က ပြန်စဉ်းစား ကြည့်တော့လည်း blog ဆိုတာ သီးခြား လွတ်လပ် နယ်မြေလေး ဖြစ်သင့်တယ် ထင်တာပဲလေ၊ ဘာပေတံ ညာပေတံတွေနဲ့ အချိန်တိုင်း တိုင်းတာနေရတာ ပင်ပန်းလွန်းလှပါတယ်၊ တခြားသူတွေကို မတိုက်ခိုက်ဘူး၊ မပုတ်ခတ်ဘူး၊ မစော်ကားဘူးဆိုရင်တော့ ရင်တွင်းစကားလေးတွေ လွတ်လပ်စွာ ပျံသန်းခွင့် ရှိပါစေတော့ပေါ့၊ ဘဝက မွန်းကြပ်လွန်းရတဲ့ အထဲ အရာရာကို တန်ဖိုးဆိုတာကြီးနဲ့တော့ မတိုင်းတာ သင့်ပါဘူးလေ။

ဒီလိုတွေးပြီး ဒီစာပိုဒ်တွေကို ရေးပါတယ်၊ ကဲ နောက်များတော့ ခင်ဗျားတို့ လိုအပ်တဲ့ တန်ဖိုးနဲ့ ကိုက်ညီတဲ့ စာမျိုးတွေ ရေးနိုင်မလား ဆိုတာတော့…….။

  • အကောင်အထည်ဖော်ဖို့ သတ်မှတ်ချက်ကလေး ထားလိုက်တာ ကောင်းတဲ့အလုပ်ပါပဲ … ဒါပေမယ့် မဖြစ်မနေ ဆိုတာကိုတော့ နည်းနည်းလျှော့ရမယ်လို့ မြင်ပါတယ် …