ကျွန်ခံခြင်း

မနေ့က
အပြာရောင် မိုးစက်တွေက သီချင်းတွေဆို
သစ်ပင်ကြီးငယ်မျိုးစုံ အစွမ်းကုန်ကခုန်မြူးတူး
ရွှေဖြစ်မလာတဲ့ PAC ဆိုင်တစ်ဆိုင်က
မှဲ့နက်ကလေးကလည်း
ငါ့ကို ပြုံးပြလိုပြုံးပြနဲ့
“ကွမ်းတံတွေးမထွေးရ”
“ဆေးလိပ်မသောက်ရ”
ငါ့ အတွေးတွေကို
မင်းပဲ ထပ်ထပ်သောက်နေပါလား
ငါဟာ
မြေပုံထဲမပါတဲ့
လမ်းမတွေကို တီထွင်ပြီး
မနက်ဖြန်
မင်းဆီရောက်ရအုံးမယ်
မနက်ဖြန်
သတင်းစာ ထွက်ထွက် မထွက်ထွက်
ငါတော့
မျှော်လင့်ခြင်း တုတ်ကောက်တစ်ချောင်းကလွဲလို့
ဘာမှ မဆောင်ဘဲ
မင်းအပြုံးတွေဆီ ကျွန်ခံဖို့သက်သက်
ငါ ဆက်ဆက်လာခဲ့ပါဦးမယ်။