စိတ်ကူးလွန်ခေတ်၊ လက်တွေ့ကြည့်ဝါဒနှင့် ပညာစီးကြောင်း

ယနေ့ခေတ်ကို နိုင်ငံရေး သိပ္ပံပညာရှင်များက post-ideology era (စိတ်ကူးလွန်ခေတ်) ဟု ခေါ်ဆိုကြသည် ဟုဆိုသည်။ ဆိုလိုသည်မှာ အိုင်ဒီယိုလိုဂျီကို နိုင်ငံရေးနှင့်တကွ နယ်ပယ် တော်တော်များများ၌ အသုံးမပြုကြတော့သည့် သဘောပင်။ စစ်အေးခေတ်သည် အိုင်ဒီယိုလိုဂျီခေတ် ဖြစ်သည်။ ယင်းခေတ်တွင် စူပါပါဝါ နှစ်နိုင်ငံဖြစ်သည့် ဆိုဗီယက်ယူနီယံနှင့် အမေရိကန်တို့ ဆိုရှယ်လစ်နှင့် အရင်းရှင် အိုင်ဒီယိုလိုဂျီချင်း အားပြိုင်ကြရာ ဆိုဗီယက်ယူနီယံ ပြိုကွဲသွားသောကြောင့် အရင်းရှင် အိုင်ဒီယိုလိုဂျီနှင့် ဆိုရှယ်လစ် အိုင်ဒီယိုလိုဂျီကိစ္စ နိဂုံးချုပ်သွားခဲ့သည် ဟုဆိုသည်၊ သို့သော်လည်း ၎င်းအယူအဆနှင့် ပတ်သက်၍ ပညာရှင်များ အငြင်းပွားနေ ကြဆဲပင်။ အမေရိကန်သမ္မတ ရွေးကောက်ပွဲ ဝင်စဉ်က ရီပတ်ပလီကင် သမ္မတလောင်း ဂျွန်မက်ကိန်းက အကြမ်းဖက်ဝါဒ ဆန့်ကျင်ရေးစစ်ပွဲ ဆိုသည်မှာ အိုင်ဒီယိုလိုဂျီစစ်ပွဲဟု သုံးနှုန်းခဲ့သည်။ အမေရိကန်သည် အစွန်းရောက် အစ္စလမ်ဝါဒီနှင့် တိုက်ခိုက်ရသောကြောင့် အမေရိကန်နှင့် အစွန်းရောက် အစ္စလမ်ဝါဒီတို့ အိုင်ဒီယိုလိုဂျီချင်း ပဋိပက္ခ ဖြစ်ကြရသည်၊ ဤကိစ္စကို ထောက်ပြ၍ တစ်ချို့ပညာရှင်တို့က အိုင်ဒီယိုလိုဂျီ ပဋိပက္ခသည် တခြားသော မျက်နှာဖုံးဖြင့် ထပ်မံပေါ်ပေါက်လာသည်ဟု ဆိုကြသည်။

ဘာပြောပြော အိုင်ဒီယိုလိုဂျီ (စိတ်ကူးသက်သက်)တို့ ယိုင်နဲ့ လာသည်ကတော့ ငြင်း၍မရသော အမှန်တရားဟု ဆိုရပေမည်၊ လူတို့သည် စဉ်းစားတွေးခေါ်မှုကို ပျင်းရိလာ၍လားတော့မသိ၊ အိုင်ဒီယိုလိုဂျီဆိုသည်ကို အသုံးမပြုကြတော့၊ ယင်းသို့ အသုံးမပြုတော့သောကြောင့် “လက်တွေ့ကြည့်ဝါဒ”က အလိုလို ခေတ်စားလာသည်၊ လက်တွေ့ပဓာနဝါဒ (pragmatism) ဟုခေါ်သည်။ လက်တွေ့ကြည့်ဝါဒ ဆိုသော်လည်း စင်စစ်အားဖြင့် လက်တွေ့ ကမ္ဘာ့ရေးရာ၊ လက်တွေ့နိုင်ငံရေးတို့မှ စတင်ပေါ်ပေါက်ခဲ့သည် မဟုတ်။ ဒဿနပညာရှင် ဝီလျှံဂျိမ်းဒီဝေးနှင့် မီနန်တို့က ဒဿနတစ်ပါး အနေဖြင့် ဖော်ထုတ်ခဲ့ကြသည်ဟု ဆိုသည်။ လက်တွေ့ အသုံးဝင်လျှင် မှန်သည်ဟု ဆိုသူက ဆိုသည်။ အသုံးဝင်တိုင်း မှန်ချင်မှမှန်သည်ဟုလည်း ဆိုသူက ဆိုကြပြန်သည်။ မှတ်သားစရာ ကောင်းသည်က အိုင်ဒီယာ တစ်ခုသည် ခက်ရင်း (fork)နှင့် တူသည်။ ခက်ရင်းနှင့် စွပ်ပြုတ်သောက်ကြည့်သည်။ အဆင်မပြေတော့ ခက်ရင်းကိုချပြီး ဇွန်းနဲ့ သောက်ပါသည်။ အိုင်ဒီယာတို့ဆိုသည်မှာ လောကကြီးနှင့် ဆက်ဆံဖြေရှင်းရာတွင် အသုံးပြုဖို့ ကိရိယာများသာ ဖြစ်သည်ဟု ဒီဝေးကပြောသည်။ လက်တွေ့ကြည့်ဝါဒသည် လောဂျစ်နည်းဖြင့် ပြောရလျှင် တံခါးအရှင် ဖွင့်ထားသော open form ဖြစ်သည်။ လက်တွေ့အကျိုးကို ကြည့်ပြီး ရွေးချယ်စရာ မှန်သမျှကို အကုန် တံခါးဖွင့်ထားသည်ဟု ဆိုလိုသည်။ ယခုအခါ အမေရိကန်၌ ယင်းလက်တွေ့ ကြည့်ဝါဒသည် (neo-positivism) နှင့် ဓမ္မရေးရာဝါဒ တို့ကို နေရာဖယ်ပေးလိုက်ရပြီဟု ဆိုသည်။ နီယိုပေါ့စ်တစ်ဝါဒက အချက်အလက်တို့ကို အစစ်အမှန် ဖော်ပြခြင်း (pure description of facts) အလုပ်ကိုသာ လုပ်ရမည်ဟု ဆိုသည်။

ထိုသို့ဖြင့် ဒဿနက ကိုယ်ဖန်ဆင်းသော ပဟေဠိတို့ဖြင့် အလုပ်ရှုပ်နေစဉ် သိပ္ပံပညာက ဒဿနကို ကိရိယာအဖြစ် အသုံးပြု၍ ကမ္ဘာကြီးကို ပုံသဏ္ဍာန် ပြောင်းပစ်နေသည်မှာ ကြာမြင့်လာခဲ့ပြီ ဖြစ်သည်။

ဉာဏ်ပညာအကြောင်း အနည်းငယ် ဆက်ပြောချင်သည်။ ကျွန်တော်တို့အနေဖြင့် ဤမျှ ပညာပညာနှင့် ဘာကြောင့် ပြောနေရသနည်းဟု မေးလာပါက ခေတ်တိုင်းတွင် ပညာသည်သာ မရှိမဖြစ် အရင်းအမြစ် ဖြစ်သောကြောင့် ဖြစ်ပါသည်။ BC-၄၀၀ ခန့်က ပလေတိုတို့ ခေတ်တွင် မိမိကိုယ်ကို သိအောင်လုပ်ခြင်း (self knowedge) ဖြင့် ကိုယ့်ကိုယ်ကို တိုးတက်အောင် လုပ်ရမည်ဟု ပြောခဲ့သည်။ ကျွန်တော် ဘာတွေသိ ဘယ်လိုသိဖြင့်သာ ပညာအဓိပ္ပါယ်ကို ပြောဆိုခဲ့ကြသည်။ ပလေတို ဆိုကရေးတီးတို့နှင့် ဆန့်ကျင်ဘက် ပိုက်သာဂိုရပ်စ် တို့ကတော့ လူတစ်ယောက်ကို လုပ်ပုံကိုင်ပုံ ထိရောက်အောင် ဘာကို ဘယ်လိုပြောရမည် ဘယ်လို ညွန်ပြရမည် ဆိုတာကို ပညာဟု ဖွင့်ပြပြန်သည်။ ခေတ်ပြိုင်ခေတ်မှာပင် အရှေ့က ကွန်ဖြူးရှပ်မှလည်း ပညာဆိုသည်မှာ ဘာကို ဘယ်လို ပြောရမည်ဟု သိရန်ကိုသာ ပညာဟု ဆိုပြန်သည်။ ထိုအချိန်က အရှေ့ရော အနောက်ပါ ပညာဆိုသည်မှာ လုပ်တတ် ကိုင်တတ်ခြင်းနှင့် မဆိုင် အသုံးချခြင်း (Utility) နှင့်မဆိုင်ဟု လက်ခံခဲ့ကြသည်။ အသုံးချခြင်း အသုံးဝင်ခြင်းသည် ပညာမဟုတ်။ ကျွမ်းကျင်မှုသာဟု ဆိုကြသည်။

သို့သော် ကွန်ဖြူးရှပ်တို့က စာကြီးပေကြီးမှလွှဲ၍ ကျန်သည့်ကိစ္စများကို မလေးစားကြသော်လည်း ဆိုကရေးတီးနှင့် ပိုက်သာဂိုရပ်တို့က တက္ကနိ (လက်မှုအတတ်)ကို လေးစားကြသည်ဟု ဆိုသည်။ ယခုတိုင် အနောက်၏ အနောက်သို့ ပြေးလိုက်နေရသည်မှာ ကွန်ဖြူးရှပ်နှင့် တာအို၊ ဇင်ဘုန်းတော်ကြီးများ၏ ဩဇာကြောင့် များလားဟု ထင်မိပါသည်။ တက္ကနိကို ပညာမဟုတ်ဟု ယူဆသည်မှာ အရင်က တက္ကနိကို ယေဘုယျပြု၍ မရသောကြောင့်ဟု ဆိုသည်။ တက္ကနိလိုလျှင် တတ်သူ၏ အောက်၌ အလုပ်သင် လုပ်ရသည်။ တက္ကနိကို စကားလုံးများဖြင့် ရှင်းပြလို့မရ။ သက်သေထင်ရှားပြရသည်။ သက္ကရာဇ်(၁၇၀၀)ထိ အင်္ဂလိပ်များက တက္ကနိကို လျှို့ဝှက်ထားခဲ့ကြသည်။ ၁၇၀၀ အလွန်တွင်မှ ပညာကို စက်ကိရိယာများနှင့် တွဲသုံးသော စက်မှုတော်လှန်ရေး ဖြစ်လာသည်။ ယင်းခေတ်၌ လူတန်းစားများ လူတန်းစားတိုက်ပွဲများ ပေါ်လာသည်။ ၁၈၈၀ ခုနှစ် ခန့်မှစတင်၍ ဒုတိယကမ္ဘာစစ် ပြီးသည်အထိ ပညာကို အလုပ်လုပ်ပုံ ကိုင်ပုံတို့နှင့် တွဲသုံးသောကြောင့် ထုတ်လုပ်မှုစွမ်းအား တော်လှန်ရေးဆိုသည်တို့ ပေါ်ပေါက်ခဲ့ပြန်သည်။ ယင်းတော်လှန်ရေး ကြောင့် ကျောမွဲများ ဝင်ငွေ ပိုရလာကြသည်။ ယင်းတော်လှန်ရေး ဖြစ်ထွန်းသည့် နိုင်ငံတို့၌ လူတန်းစားတိုက်ပွဲ ဆိုသည်တို့ မရှိတော့။ ကွန်မြူနစ်စံနစ် နိဂုံးချုပ်သွားသည်။ ဒုတိယကမ္ဘာစစ်ပြီးသည်မှ ယခုအထိကို စီမံခန့်ခွဲမှု တော်လှန်ရေးဟု သုံးသည်။

ပညာနှင့် ပတ်သက်၍ ပြောလျှင် ပီတာဒရပ်ကား အကြောင်း မပြော၍ မဖြစ်ပေ။ ဒရပ်ကားက ၁၉၆၂ ခုနှစ်တွင် ကောလိပ်သို့ မသွားတော့ဘဲ အလုပ်ဝင်လုပ်သည်။ သူ့အဖေကြီးက သူ့သား (ပီတာဒရပ်)အား ထင်ရှားသော ကုန်အရောင်းအဝယ် လုပ်ငန်းတွင် အပ်နှံပေးနိုင်ခဲ့သည်။ နောက်အနှစ် သုံးဆယ်ကြာ ပီတာဒရပ်၏ သားကိုယ်တိုင် ကောလိပ်မတက်ဘဲ အလုပ်ဝင်လုပ်မည် ကြံပြန်သည်။ ဒရပ်ကား၏ အဖေလက်ထက်က ဒရပ်ကားကို အလုပ်ရှာ ပေးနိုင်သော်လည်း သူ့လက်ထက်တွင် သူ့သားကို အလုပ်ရှာ မပေးနိုင်တော့။ ထိုခေတ်က ကောလိပ်ပညာရေးသည် အလုပ်ကောင်းရဖို့ မရှိမဖြစ် ဖြစ်နေသည်။ ဝင်ငွေကောင်းသော လုပ်ငန်းများက ဘွဲ့ရပြီးသူကိုမှ လက်ခံကြ တော့သည်။ ဤသည်မှာ ကျောင်းပညာရေးသည် ဝင်ငွေ (သို့မဟုတ်) စီးပွားရေး၏အရင်းအမြစ် ဖြစ်လာသည့်သဘော ပင်ဖြစ်သည်။ မြေယာ လုပ်အား ငွေစသော အရင်းအမြစ်များ လိုအပ်သည် မှန်သော်လည်း ပညာက ပထမတန်းစား ဖြစ်လာ၍ ၎င်းတို့မှာ ဒုတိယနေရာသို့ ရွှေ့လျောသွားကြသည်။ ပညာရှိလျှင် ထိုအရင်းအမြစ် များကိုလည်း ရှာဖွေ၍ ရနိုင်သည်ဟု ဆိုသည်။ ပညာဆိုသည်မှာ အသုံးချပညာ စီးပွားရေး လူမှုရေး ရလာဘ်များ ရနိုင်သော ပညာကိုသာ ဆိုလိုသည်။ ဒုတိယကမ္ဘာစစ်အပြီးမှ ယခုအထိကို စီမံခန့်ခွဲမှု တော်လှန်ရေးဟု ဆိုခဲ့သည်။ စီမံခန့်ခွဲမှု ပညာဆိုသည်မှာ ရှိပြီး ဖြစ်သော အသိပညာ ဗဟုသုတကို ပိုမိုထိရောက်အောင် လုပ်ခြင်းပင်ဖြစ်သည်။ သို့သော် စီမံခန့်ခွဲမှုသည် လွန်ခဲ့သော အနှစ် ၄၀၀၀ ကျော် အီဂျစ်ပိရမစ်များ တည်ဆောက်စဉ် ကတည်းက ရှိခဲ့ပါသည်။

ယနေ့ခေတ်တွင် လူတစ်ယောက် တစ်နေ့ ဘယ်နှစ်နာရီ အလုပ်လုပ်သလဲဟု မမေးကြတော့။ လုပ်အားခ ဘယ်လောက်ရလဲဟုသာ မေးကြတော့သည်။ ကျောင်းသား တစ်ယောက်ဆိုလျှင် တစ်နေ့ဘယ်နှစ်နာရီ စာကျက်သည်ဆိုသော အဖြေကို မလို။ စာမေးပွဲ အောင်သလား အမှတ်ဘယ်လောက်ရသလဲ ဆိုသည်တို့သာ အဓိကဖြစ်လာသည်။ လုပ်အားခများများရသည် စာမေးပွဲ အမှတ် ကောင်းကောင်းဖြင့် အောင်သည်ကိုသာ အလုပ်ဖြစ်သည်ဟု ဆိုသည်။ ဆိုလိုသည်က လုပ်ရပ် အက်ရှင် (Action) ကို မကြည့်တော့။ ရလာဒ် (result) ကိုသာ ကြည့်သည့်သဘော ဖြစ်သည်။ ကြိုးစားမှုကို အလုပ်ဟု မယူဆကြတော့။ ဥပမာဖြင့် လူတစ်ယောက်က ကျောက်တုံး တစ်တုံးကို ကြိုးစားပမ်းစား ရွှေ့သည်။ အချိန်သာ ကုန်သွားသည်။ ကျောက်တုံးက မရွေ့။ နောက်တစ်ယောက်က ရွှေ့ကြည့်သည်။ ဤအတိုင်း မရမှန်းသိသဖြင့် “ကုတ်”အားကို သုံးပြီး ရွှေ့လိုက်သည်။ အချိန်တို အတွင်းမှာ ကျောက်တုံးက ရွေ့သွားသည်။ တစ်နည်းအားဖြင့် အလုပ်ဖြစ်သွားသည်။ လိုအပ်သည်က ဒါပဲဖြစ်သည်။ ဤနေရာမှာ ကြိုးစားမှုနှင့် ဉာဏ်ပညာကို ခွဲခြား၍ သိနိုင်သည်။ ပထမလူက ဉာဏ်မသုံးဘဲ ပင်ပင်ပန်းပန်း ကြိုးစားခဲ့သည်။ မအောင်မြင်။ အလုပ်မဖြစ်။ ဒုတိယလူက ပထမလူလောက် မကြိုးစားသော်လည်း ဉာဏ်ကို သုံးတတ်သည်။ အောင်မြင်သည်။ အလုပ်ဖြစ်သည်။ ပညာဆိုသည်မှာ အထွေထွေသုတ မဟုတ်။ အထူးသိ အထူးကျွမ်းကျင်သော ပညာ၊ အသုံးဝင်သော ပညာကိုသာ ယူတော့သည်။ ရှေးက ပညာတတ်ဟူသည် အထွေထွေ သိသူများဖြစ်သည်။ ၎င်းပညာရှင် ပညာရှိ ပညာတတ်တို့က အကြောင်းအရာ များစွာကို ပြောနိုင်ဆိုနိုင်ကြသည်။ ယနေ့ နိုင်ငံတကာ တက္ကသိုလ်တို့တွင် ရှေးရိုးစဉ်လာ ပညာတတ်မျိုးကို ပညာတတ် ပညာရှင်ဟု သဘောမထားကြတော့။ အပေါ်ယံသိသူ (Dilettante) ဟုသာ သဘောထားကြတော့သည်။

ယနေ့ပညာဆိုသည်မှာ ထိထိရောက်ရောက် ပြုလုပ်နိုင်စွမ်း၌ အာရုံစိုက်သောပညာ ရလာဒ်ပေါ်၌ အာရုံစိုက်သောပညာ ဟူ၍ ဖြစ်သည်။ ရှေးက တက္ကနိဟု ဆိုကြသော လက်မှုအတတ်ကို ယခုအခါ knowledge သို့မဟုတ် discipline ဟု ပြောင်းလဲ အသုံးပြုလာကြသည်။

ရည်ညွှန်း           မောင်စူးစမ်း ၂၀၀၈၊ ၂၀၀၉အမြင်။
ကိုတာ “ကျွန်တော်သည် မျောက်က ဆင်းသက်၏”