နယူးရီးယားမှာ ကျွန်တော်ဘာပြောရမလဲ

ဘဝထဲက ထွက်ခွါသွားခဲ့တဲ့ တခြားနှစ်တွေလိုပဲပေါ့၊ လူတစ်ချို့ ကိုယ့်ဘဝထဲဝင်လာပြီး ပြန်ထွက်သွားကြတယ်၊ ဒီနှစ်မှာတော့ မှတ်မှတ်ရရ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ နည်းနည်းပိုများခဲ့တယ်၊ ကျန်တာတော့ နယူးရီးယားပဲ ဖြစ်ဖြစ် ဘာအထိမ်းအမှတ်နေ့ ညာအထိမ်းအမှတ်နေ့ ရယ်လို့ကိုယ့်အတွက်တော့ ထူးခြားတယ်ဆိုတာ မရှိပါဘူး၊ ဘယ်ရောက်ရောက် ဘာပဲလုပ်နေနေ ကိုယ့်စိတ်ထဲ ပျော်မှ နေ့တစ်နေ့ဟာ အသက်ဝင်တယ် မဟုတ်လား၊ အမှန်အတိုင်း ပြောရရင်တော့ ကိုယ်တိုင်က မပျော်နိုင်တာ၊ ပျော်ခွင့်မရှိတာ၊ ပျော်ချင်စိတ် မရှိတော့တာတွေနဲ့ပဲ နေ့ထူးနေ့မြတ်ဆိုတာတွေကိုလည်း သာမန်နေ့တွေလိုပဲ ကျော်ဖြတ်လာခဲ့တာ။ ကြာခဲ့ပေါ့။

ဒီနှစ်ထဲ အနည်းငယ်ထူးခြားတာဆိုလို့ တခြားသူတွေကို ကွန်ပျူတာ အခြေခံသင်တန်းဆိုတဲ့ ခေါင်းစဉ်နဲ့ သင်ပေးဖြစ်တယ်၊ သင်ယူသူတွေအနေနဲ့ ဘယ်လိုစိတ်ထားမျိုးရှိသည် ဖြစ်စေ၊ ကိုယ့်ဘက်က အကောင်းဆုံးဖြစ်အောင်တော့ ပြင်ဆင်ပြီး သင်ပေးလိုက်တာပဲ၊ ဒါကိုပဲ ကိုယ့်ကုသိုလ်လို့ ပြောရင်တော့ ရတာပေါ့၊ အခုက ဖုန်းခေတ်ဆိုတော့ ကိုယ်ရောက်တဲ့အရပ်က လက်ရှိမျိုးဆက်ကို ကွန်ပျူတာဆိုတာ ဘယ်လို၊ ဘယ်လို အလုပ်လုပ်တယ်၊ ဘယ်မှာလိုအပ်တယ် စသည် ပြောပြရတာတော့ ခက်ခဲပါတယ်၊ လူဆိုတာက မလိုအပ်ဘူး ထင်နေသ၍ သို့မဟုတ် တကယ်ကိုယ်တိုင် မလိုအပ်လာသေးသ၍ ဘယ်လိုဘယ်ချမ်းသာဆိုတာ သိပ်လက်မခံချင်ကြဘူး မဟုတ်လား၊ လူအများစုဟာ ပတ်ဝန်းကျင်လူအုပ်နောက်ကို အလွယ်တကူ လိုက်ဖို့ပဲ စိတ်ကူးရှိကြတယ်လို့ ပြောရင် မင်းကရော ဘာလဲဆိုတာ ပြန်လာမှာပဲ။ ကိုယ့်ပတ်ဝန်းကျင်ကတော့ ဘယ်ရောက်ရောက် အမြဲတမ်းအဲလိုပါပဲ၊ ပျော်သလိုနေတယ်၊ အများလုပ်တာ လိုက်လုပ်တယ်၊ တစ်နေ့ပြီးတစ်နေ့ ဘာမှမတွေးမစဉ်းစားပဲ ကုန်ဆုံးပါတယ်၊ ပျော်စရာရှိ ပျော်လိုက်တယ်၊ ငိုစရာရှိ ငိုလိုက်တယ်၊ အရာရာအားလုံးဟာ ခဏတာလေးတွေ အေးဆေးပဲပေါ့၊ တစ်ခါခါ ကိုယ် အရမ်းသဘောကျပါတယ်။

ဒါပေမယ့် ကိုယ်ကခက်တယ်၊ စာလေးတွေဘာလေးတွေ ငယ်ကတည်းက လျှောက်ဖတ်တတ်တော့ ခက်တယ်၊ ပြောရရင်တော့ ငယ်ကတည်းက ဂျင်းမိလာတာပေါ့၊ ဒီတော့ ဘယ်တော့မှ အေးအေးဆေးဆေး မနေချင်ဘူး၊ မနေတတ်ဘူး၊ စာတွေ လျှောက်ဖတ်ရင်း အင်တာနက်ဆိုတာ ဘာဖြစ်တယ် ညာဖြစ်တယ် ဘယ်လိုဘာညာ ကြားမိတာနဲ့ အဝေးကြီး နေပူပူ မိုးရွာရွာ ခြေလှမ်းတွေ တစ်နာရီနီးပါး လျှောက်ပြီး အင်တာနက်ဆိုတာ ဘာပါလိမ့်လို့ သွားသွားကြည့်တယ်၊ Gtalk ဆိုတာ သိလာတယ်၊ Gmail ဆိုတာ သိလာတယ်၊ Blogspot ဆိုတာ သိလာတယ်၊ yahoo ဆိုတာ သိလာတယ်၊ ဒါပေမယ့် ထုံးစံအတိုင်း ကိုယ်က အဲမှာ မရပ်ဘူး၊ ဂျီမေးလ် ဂျီတော့ ဘလော့စပေါ့လောက်နဲ့ ပျော်နေတဲ့ ပတ်ဝန်းကျင်ကို အားမကျဘူး၊ ဒီတော့ Google ထဲ free mail တို့ free blog တို့ဆိုတာ ရိုက်ထည့်ပြီး လျှောက်လုပ်တယ်၊ သူများက ဒီလမ်းဆို ကိုယ်က တခြားလမ်းသွားချင်တယ်၊ ပလန်ရှိလားဆိုတော့လည်း ဘာပလန်မှ မရှိဘူး၊ ဘဝမှာ ပြဿနာက အဲဒါပဲ၊ တကယ်ဆို ပလန်မရှိတာချင်းအတူတူ ဘယ်ကိစ္စမဆို အများနဲ့အတူ ဝိုင်းပျော်နေလိုက်ဖို့ ကောင်းတာ၊ အများသိသလောက်နဲ့ ကိုယ့်အသိကိုယ် ကျေနပ်လိုက်ဖို့ကောင်းတာ၊ ခုတော့ ကိုယ့်လမ်းကိုယ်လည်း မဖောက်နိုင် သူများလျှောက်နေကျ လမ်းအတိုင်းလည်း မလိုက်ချင်၊ ဒီလိုနဲ့ သိသလိုလို တတ်သလိုလို တကယ်တမ်းလည်း ဘာမှမသိ၊ ဘာမှမတတ်ဖြစ်လာတာ၊ ဓာတ်ပြားဟောင်းပြန်ဖွင့်ရရင်တော့ ကွန်ပျူတာ ဆိုတာလည်း ဒီလိုပဲ၊ သူများတွေ ဝင်းဒိုး ဝင်းဒို လုပ်နေကြတော့ ကိုယ်က ယူဘန်တု(ဦးဘွန်းတု) လုပ်ချင်တယ်၊ ဘာလို့မှန်း မသိဘူး၊ ငယ်ကတည်းက တခြားကလေးတွေ အချိုကြိုက်ချိန်မှာ ကိုယ်က အချိုမကြိုက်ဘူး၊ ဒီလိုနဲ့ပဲ ဘဝတစ်လျှောက်လုံး အများနဲ့ဆန့်ကျင်ဘက်တွေကို စိတ်ဝင်စားရင်း နေရာတိုင်းမှာ အပျော်ဆိုတာနဲ့ ကင်းကွာလာတယ်၊ နောက်ဆုံးရလာဒ်က ကိုယ့်ကိုယ်ကိုလည်း မကြိုက်ဘူး၊ ပတ်ဝန်းကျင်တိုင်းကိုလည်း အားမရဘူး။ ဒီလိုနဲ့ ဒီစိတ်တွေနဲ့ပဲ အချိန်တွေ ဖြုန်းတီးပစ်ခဲ့တယ်၊ ပြောရရင် အများကြီး ကျန်သေးတယ်၊ ထားလိုက်ပါစို့၊ ဘဝမှာ နာကျင်မှုဆိုတာသာ သိပြီး ပျော်စရာဆိုတာ လုံးဝမသိဖူးတဲ့ လူတစ်ယောက်အကြောင်း၊ ခင်ဗျားတို့အတွက်လည်း ဘာမှ မဟုတ်ဘူးပေါ့။

ငယ်တုန်းတော့ ကိုယ့်မာနနဲ့ကိုယ် ခြေလှမ်းတွေ ခိုင်မာခဲ့ဖူးတာပေါ့၊ ကြီးလာရင်း မျှော်လင့်ချက်တွေကို လွတ်ချပစ်ခဲ့ရရင်းနဲ့မှ ကိုယ့်ကိုယ်ကိုလည်း ပိုသိလာတာ၊ ပတ်ဝန်းကျင်အပေါ် လူတွေအပေါ်လည်း ပိုနားလည်လာတတ်တာ၊ လောလောဆယ် အဲလို ယူမိတာပဲ၊ အဲဒါလည်း မှန်ချင်မှ မှန်မယ်။ ဒီနှစ်နယူးရီးယားလည်း မနှစ်ကနဲ့ သိပ်မထူးခြားပါဘူး၊ ဗြောက်ဖောက်သံတွေ မကြားရသလောက် တိတ်ဆိတ်နေတယ်၊ နယူးရီးယားအတွက် ဘာညာသာရကာ ပျော်ဖို့ပါးဖို့ သောက်ဖို့ စားဖို့ အထူးတလည် ပြင်ဆင်နေကြတာလည်း မတွေ့ရဘူး၊ နယူးရီးယားဆိုတာကို ခံစားချင်ရင်တော့ လိုင်းပေါ်တက်ပြီး fb ပွတ်မှပဲ ခံစားလို့ ရပါတယ်။ ပတ်ဝန်းကျင်ကတော့ အရှေ့ အနောက် တောင် မြောက် ဘယ်ကိုကြည့်ကြည့် တောင်တန်းတွေပဲ မြင်နေရတယ်၊ ထုံးစံအတိုင်း ရှေ့ကို ကြည့်တော့ ဘာမှမမြင်ရသေးပါ။